အခန်း (၅၆၃)
“ စီနီယာအစ်မလန် ပြန်ကောင်းသွားပြီလား ” မီးခိုးရောင် ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားက ရှီဂူလန်ကို မြင်သောအခါ ချက်ချင်းဆိုသလို တအံ့တဩ ရေရွတ်လိုက်သည်။ မိုဝူကျီ ဖော်ထုတ်ထားသော ဓားမော့အလင်းတန်းအကြောင်းကို မေးပင် မမေးပေ။
“ချွမ်ဖုန်း ရှင် ရောက်လာပြီပဲ ... ” ရှီဂူလန်၏ မျက်ဝန်းမှ စိတ်ပျက်မှုကို ဖုံးကွယ်ထားပြီး
“ ဒါက ဆေးလုံးဆရာမိုလေ။ လင်းဂူက ငါ့ကို ကုပေးဖို့ ဖိတ်လာတာ ”
ချွမ်ဖုန်းဟု အမည်ရှိ လူလတ်အမျိုးသားက ဘေးပတ်လည်ကို တစ်ချက် ကြည့်ပြီးနောက် မေးလိုက်သည်
“ အစ်မပြောတဲ့ ဆေးလုံးဆရာမိုက ထွက်သွားပြီလား ”
လင်းဂူက မြန်မြန် ပြောလိုက်သည် “ စီနီယာဦးလေးဖုန်း အစ်ကိုမိုက ဒီမှာလေ ”
သူမက ပြောလိုက်ရင်း မိုဝူကျီကို ညွှန်ပြလိုက်သည်။
“ မင်းက ဆရာမိုလား ” ချွမ်ဖုန်းက စီနီယာ ဟုသော စာလုံးကို အတင်းမျိုချလိုက်ရသည် “ မင်းက စီနီယာအစ်မလန်ကို ကုပေးတဲ့ တစ်ယောက်လား ”
မိုဝူကျီ၏ အသက်အရွယ်ဖြင့် သူက စီနီယာဟု မခေါ်နိုင်ပေ။ ထိုကျင့်ကြံသူမှာ လင်းဂူထက်ပင် ငယ်သေးကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။ ထို့အပြင် သူ့ကျင့်ကြံဆင့်မှာလည်း လင်းဂူထက် အားနည်းပေ၏။
မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ
“ ကျုပ်က ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး။ ကျုပ်က မိုဝူကျီပါ။ ဒေါ်လေးလန်ရဲ့ ရောဂါကို ကုသပေးခဲ့တာပါ ”
ချွမ်ဖုန်း မျက်ဝန်း၌ ပျော်ရွင်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ မိုဝူကျီကို ချက်ချင်း ဦးညွှတ်လိုက်ပြီး ပြောလိုက်၏
“ ဆရာမို ... ကျုပ်ဆီမှာလည်း စီနီယာအစ်မလန်နဲ့ ဝေဒနာတူ ခံစားနေရတဲ့ မိတ်ဆွေ တစ်ယောက် ရှိတယ်၊ ဆရာမိုများ လိုက်ကြည့်ပေးနိုင်မလား .... ”
မိုဝူကျီက အားနာစွာ ပြောလိုက်သည်
“ ကျုပ် အားနာပါတယ်။ အခုက အလောတကြီး သွားစရာ ရှိလို့ပါ။ ကျုပ် သွားနိုင်ရင်တောင် ကျုပ် ကိစ္စ အပြီးသတ်တဲ့အထိ စောင့်ဖို့ လိုတယ် ”