အခန်း (၅၀၆) : ဆေးလုံးတာအို အဆင့် စစ်ဆေးပွဲ
စူးခရာ အင်မော်တယ်မြို့ဟောင်းအတွင်း ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ပိုင်နက်မှာ အတော်လေး ကြီးမား၏။ တုံ့ဟွားလုံ၏ လမ်းညွှန်မှုဖြင့် မိုဝူကျီက မကြာခင် အဝေးတစ်နေရာမှ အစိမ်းရောင်စာလုံး လေးလုံးကို မြင်လိုက်ရသည်။
“ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ ”
ထိုအစိမ်းရောင် စာလုံးလေးလုံးနောက်တွင် မီတာထောင်ချီ ကျယ်ဝန်းသော တန်ဖိုးကြီး အဆောက်အဦး တည်ရှိနေသည်။ ထိုအဆောက်အဦး အဝင်ဝတွင် အားကောင်းသော သားရဲများ စောင့်ကြပ်နေကြ၏။ မိုဝူကျီက မချည်းကပ်ရသေးသော်လည်း ပြင်းထန်လှသည့် ဖိနှိပ်အားကို ခံစားနေရပြီ ဖြစ်၏။
ခမ်းနားလိုက်တာ ....
စူးခရာ အင်မော်တယ်မြို့ဟောင်းကဲ့သို့သော နေရာမျိုး၌ မီထောင်သောင်းချီသည့် အဆောက်အဦး ဆောက်နိုင်သည်မှာ မရိုးရှင်းလှပေ။
မိုဝူကျီနှင့် တုံ့ဟွားလုံတို့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ခန်းမကျယ်ထဲ ရောက်ရှိလာသည့်အခါ ကျင့်ကြံသူအုပ်လိုက် သွားလာနေသည်ကို မြင်လိုက်ရပြီး အများစုမှာ ဆေးလုံးအတွက် တောင်းဆိုရန် ရောက်လာခြင်း ဖြစ်ကြသည်။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဆေးလုံးတောင်းဆိုချက်များကို သီးသန့်လုပ်ဆောင်ပေးရန် လက်ခံမည့် ကောင်တာပါရှိလေ၏။ ပထမဦးဆုံး ကိုယ်အလိုရှိသည့် ဆေးလုံးအမျိုးအစားကို ပြောပြလိုက်ပြီးနောက် လိုအပ်သည့် ပါဝင်ပစ္စည်းများနှင့် ဝန်ဆောင်ခကို ရှင်းပေးရ၏။ အချိန်ခဏအကြာတွင် ဆေးလုံးကို လာယူလို့ ရလေပြီ။
ကျင့်ကြံသူအတန်းလိုက်ကြီးက ကိုယ်လိုအပ်သော ဆေးပင်များနှင့် အင်မော်တယ်ကျောက်များ ပါဝင်သော သိုလှောင်လက်စွပ်ကို ပေးရန် ကောင်တာ၌ တန်းစီနေကြသည်။ မိုဝူကျီက စိတ်လှုပ်ရှားစွာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဤ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ပိုက်ဆံအလုံအရင်းလိုက် ဝင်ပေသည်။