အခန်း (၆၂၂) : ထွက်သွားစမ်း
အဆင့် ၇ ဆေးလုံး ဧကရာဇ် တစ်ယောက်အနေနှင့် သူက အဆင့် ၇ ဆေးလုံးများ ဖော်စပ်ရာ၌ ကျွမ်းကျင်ပေ၏။ ရက်ပိုင်းလေးအတွင်း သူက အင်မော်တယ်ဘုရင်ဆေးလုံး၊ သုံးဆုံလည် သွေးဆေးလုံး၊ ဗောဓိစိမ်းဆေးလုံးအပြင် အခြားသော အဖိုးတန် အဆင့် ၇ ဆေးလုံးများစွာ ဖော်စပ်ခဲ့သည်။ ဆေးလုံးတိုင်းမှာ ပြိုင်ဖက်ကင်းအဆင့် ဖြစ်ကြ၏။
ကိုးလပိုင်း မကုန်ခင် လဝက်ခန့်မျှ အချိန်ရသေးကာ သူက အဆင့် ၇ ဆေးလုံးများ မဖော်စပ်တော့ဘဲ အဆင့် ၈ ဆေးလုံးကို စတင်ကြိုးစားကြည့်တော့မည့်ဆဲဆဲတွင် နားထဲ အသံတစ်သံ ရုတ်ချည်း ထွက်ပေါ်လာသည်
“ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မြို့ရဲ့ မြို့စား ကူကျူးက ကောင်းကင်ချောက်ကမ်းပါးမြို့ကို လာရောက်ကြတဲ့ အင်မော်တယ် ရောင်းရင်းများအားလုံးကို ကြိုဆိုပါတယ် ….
ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရဲ့ လဲလှယ်ပွဲကို ဒီလကုန်မှာ ကျင်းပမှာ ဆိုပေမဲ့ ဆရာကြီးရှုက တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီ ဖြစ်ပြီးတော့ အဆင့် ၉ ပန်းပဲဧကရာဇ်အဖြစ် အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပါပြီ။ ဆရာကြီးရှုက အလွန်အရေးပါတဲ့ မှော်ရတနာကို ပြုလုပ်ပေးဖို့ ရည်ရွယ်ထားပြီးတော့ ဒီ ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါးမြို့ဆီ ဧည့်သည်အဖြစ် လာရောက်ပါ့မယ်တဲ့ဗျာ …. သူ့ကို ကြိုဆိုဖို့ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ နေနေတဲ့ အင်မော်တယ်ရောင်းရင်းတို့ လဲလှယ်ရေးပွဲကို ဒီည ရွေ့ထားပါတယ် ….
ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ နေနေတဲ့ အင်မော်တယ်ရောင်းရင်းတွေအပြင် တခြားလူတွေလည်း ပါဝင်တက်ရောက်ခွင့် ရှိပါတယ်။ ဒီအထိ ရောက်လာကြတဲ့ လူအားလုံး စိတ် ကျေကျေနပ်နပ် ထွက်သွားနိုင်ဖို့ပဲ မျှော်လင့်မိပါတယ် ….. ”လဲလှယ်ရေးပွဲ ကျင်းပမည့်အချိန်က မည်သို့ပင် ဖြစ်စေကာမူ မိုဝူကျိက ဂရုမစိုက်ပေ။ သူက အဆင့် ၉ ပန်းပဲဧကရာဇ်ဖြစ်သည့် ဆရာကြီးရှုကို စိတ်ဝင်စားမိ၏။ ဆရာကြီးရှုက အဆင့် ၉ အင်မော်တယ် ပစ္စည်းမျိုးကို ထုလုပ်နိုင်ပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။ သူက ပန်းပဲပညာကို သင်ယူခါစ ဖြစ်သော်လည်း အကောင်းဆုံးအနေဖြင့် အဆင့် ၂ ပစ္စည်းသာ ထုဆစ်နိုင်သေး၏။