အခန်း (၅၂၅) : ရွမ်ရှန်းအဆင့်
မိုဝူကျီ ဒဏ်ရာအပြင်းအထန် ရပြီးနောက် ၂၆ ရက် ကျော်လွန်သွားပြီ ဖြစ်၏။ မိုဝူကျီ၏ အသက်လမ်းကြောင်း၊ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့မှာ ဆက်တိုက် လှည့်ပတ်နေရာမှ နောက်ဆုံး၌ အေးစက်စက် စွမ်းအားကို ဖိနှိပ်သွားနိုင်သည်။
အေးစက်စက် စွမ်းအားကို ဖိနှိပ်ထားလိုက်နိုင်သည်နှင့် မိုဝူကျီ၏ ပြန်ကောင်းလည်နှုန်းမှာ မြန်ဆန်လာတော့သည်။
သူ့ပညာရှင်နှလုံးသားကို ချီသွေးကြောများဆီ ဖြတ်စီးဆင်းစေလိုက်ပြီး ပညာရှင်နှလုံးသား တစ်ခါ ဖြတ်သန်းမှုဖြင့် ထိုအေးစက်စက် စွမ်းအားများမှာ လက်ဖျားဆယ်ချောင်းထိပ်မှ ရေခဲရေအလား ထွက်လာသည်။
အဆောင်၏ အေးစက်စက် စွမ်းအားကို အတင်းကျပ် ထုတ်ပြီးနောက် မိုဝူကျီက မချီးကျူးဘဲ မနေနိုင်တော့ချေ။ အတော်လေး အံ့ဩဖို့ ကောင်းလှသည်။ အကယ်၍ သူသာ ထူးခြားမနေလျှင် သေချာပေါက် သေဆုံးရလိမ့်မည်။
ထိုကြယ်အဆင့် ပါရမီရှင်များကို အလွယ်တကူ သတ်၍ မရပေ။ အမြင်နှင့်တင် သူက မြန်မြန် အဆင့်တက်ဖို့ရာ လိုအပ်နေပေသည်။ သူက အနည်းဆုံး ရွမ်ရှန်းအဆင့်လောက် ရှိမှ သင့်တော်ပေလိမ့်မည်။ ထို့သို့ဆိုလျှင် သူ့အတွက် အန္တရာယ်ကင်းသွားပေလိမ့်မည်။
ပိုင်ချီထျန်း၏ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည့်အခါ မိုဝူကျီက အတော်လေး အံ့အားသင့်သွားသည်။ အင်မော်တယ်ဘုရင် တာအိုအသီးအပြင် အဆင့်မြင့် အင်မော်တယ်ကျောက် ငါးသန်းမှ ခြောက်သန်းကြား ရှိနေသေး၏။ သတ္တုများနှင့် မှော်ရတနာများလည်း ရှိသည်။ သို့သော်လည်း သူ့ကို အံ့ဩဆုံး ဖြစ်စေသည်မှာ အထဲရှိ အင်မော်တယ်ဆေးပင်များမှာ အဆင့် ၅ နှင့်အထက် ဖြစ်နေသောကြောင့် ဖြစ်သည်။
ပိုင်ချီထျန်း အဆင့်အတန်းမှာ သူ့ထက်များစွာ မြင့်ကြောင်း သိသာလှသည်။ အဆင့်နိမ့် အင်မော်တယ်ဆေးပင်တချို့ ရှိသော်လည်း အဆင့် ၄ အင်မော်တယ်ဆေးပင် အများအပြားတော့ မမြင်မိပေ။ အဆင့် ၃ နှင့်အောက် အင်မော်တယ်ဆေးပင်များထဲ၌ အဖိုးတန်သော ဆေးပင်တချို့သာ မြင်မိသည်။