အခန်း (၆၃၈) : အကြံကောင်းများကို ငြင်းပယ်ခြင်း
ကိုင်အောင်းက မိုဝူကျိ စိတ်ထဲမှ အကြောင်းအရာကို ကောင်းကောင်း သိ၏။ သို့သော် သူ သိနေလျှင်ပင် ပြောစရာ မရှိပေ။ အင်မော်တယ်လောကကြီးက အထက်ဘုံ၏ စီမံအုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း အထက်ဘုံ၏ နောက်ဖေး မဟုတ်ဘဲ ကမ္ဘာငယ်လေး တစ်ခုသာ ဖြစ်နေသည်။
“ ဝူကျိ …. မင်း ကျင့်ကြံဆင့်က သိပ်မမြင့်သေးတာကို ငါခံစားမိတယ် … ဒါပေမဲ့ မင်းက လူတော်တော်များများကို ရန်စမိခဲ့တယ် ” ကိုင်အောင်းက ခေါင်းစဉ်ပြောင်း ပြောလိုက်သည်။
မိုဝူကျိက သူတို့စကားဝိုင်းမှာ ကိုင်အောင်း ခေါ်လိုက်သည့် အကြောင်းအရင်းဆီ ရောက်လာကြောင်း သိလိုက်၏။ သူက ယခင်အတွေးများကို ဘေးချိတ်ထားပြီး နေရခက်စွာ ပြောလိုက်သည်
“ အဲလိုတော့ မရည်ရွယ်ပါဘူး။ ကျတော်တောင် မသိလိုက်ဘဲနဲ့ အဲလို ဖြစ်သွားတာပါ …. ”သူက လွန်ချိုက်ကို ရန်စချင်ခဲ့လို့လား ….
သူ့အနေနှင့် စွမ်းရည်တချို့ ရှိနေ၍ လွန်ချိုက်ကို မသိမသာ ရန်စမိသွားခြင်း ဖြစ်၏။ သူ့ကိုယ်သူ နှိမ့်ချပြီး လွန်ချိုက်ကို မခစားသရွေ့ ရန်ငြိုးမှာ ပြေပျက်သွားနိုင်ဖွယ် မရှိချေ။ လွန်ချိုက် သူ့လူများကို သတ်ထားလေရာ မိုဝူကျိအနေနှင့် ထိုသို့လုပ်ဆောင်မည့်အစား သေခြင်းတရားသာ ရွေးချယ်လိုက်မည်။ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကိုရော ရန်စချင်ခဲ့လို့လား …..
သူက ယခင်လဲလှယ်ရေးပွဲ၌ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်၏ အပြုအမူများကို မြင်စဉ်က အော့နှလုံးနာမိလေသည်။ အကယ်၍ သူတို့နှင့် စိတ်မပါဘဲ ဆက်လက်ဟန်ဆောင်နေလျင် သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိလာမည်ကို စိုးရိမ်မိ၍ ဖြစ်သည်။မဟာဓားလမ်းစဉ်အတွက် သူတို့က ရန်သူဖြစ်ရန် ကံတရားပါလာပုံ ရ၏။ ကျန်းရှင်းနယ်မြေ၏ တျန်းဂျီဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ထိုကိစ္စကို ရှောင်လွဲ၍ မရပေ။
သူ ရှောင်ရှားနိုင်သည့် တစ်ဦးတည်းသော ရန်သူမှာ လျှပ်စီးဂိုဏ်း ဖြစ်၏။ အကယ်၍ အဖြစ်အပျက်များကို မမြင်ချင်ယောင်ဆောင်နေပေးခဲ့လျှင် လျှပ်စီးဂိုဏ်းနှင့် သူ့ရန်ကြွေးမှာ ထိန်းချုပ်၍ ရနိုင်သေး၏။