အခန်း (၆၄၈) : မင်းကို သတ်ဖို့ ရောက်နေတာ
မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ကာဆီးလိုက်ပြီး ပုဆိန်လှံရှည် အလင်းတန်းကို ပစ်လွတ်လိုက်သည်။
အကယ်၍ တောက်ဖုန်း၏ ဓားအလင်းတန်းက ဝေဟင်ယံမှ ကျလာသော သစ်ရွက်များကဲ့သို့ ဖြစ်နေလျှင် မိုဝူကျိ၏ ပုဆိန်လှံရှည်အလင်းတန်းမှာ ကျောက်စရစ်များကို ဖြတ်သန်းလာသော လေကြမ်းကဲ့သို့ ဖြစ်၏။
သစ်ရွက်ကြွေများက ခိုးကိုးရာမဲ့ ဆောင်းဦးအငွေ့အသက်များကို ဆောင်ကျဉ်းလာသော်လည်း ကျောက်စရစ်များက ကြီးမားခမ်းနားသော သဲကန္တာရ တစ်ခုလုံးကို သိမ်းကျုံးလာသည့်အလား ဖြစ်နေသည်။
နှစ်ဖက်လုံးက စွမ်းအားစက်ကွင်းများ ထုတ်မသုံးထားသောကြောင့် တိုက်ပွဲ မဟုတ်ဘဲ ဓားကြီးတာအိုနှင့် ပုဆိန်လှံရှည် တာအိုကြားမှ ယှဉ်ပြိုင်ပွဲတစ်ခုသာ ဖြစ်နေသည်။
“ ဘုန်း ” သစ်ရွက်ကြွေများက မဟာသဲကန္တာရနှင့် တွေ့ဆုံသွားသည့်အခါ ကောင်းကင်တစ်ခုလုံးမှာ အလင်းတန်းများနှင့် ပြည့်နှက်ဖုံးလွှမ်းသွားသည်။ သတ်ဖြတ်ငွေ့များက နေရာအနှံ့ ပြန့်နှံ့လာပြီး ကောင်းကင်အပြည့် ဖြစ်နေသော သစ်ရွက်ကြွေများမှာ ဓားငယ်လေးအဖြစ် ပြောင်းလဲသွားစဉ် မဟာသဲန္တာရမှာ ပျောက်ကွယ်သွားပြီး သစ်ရွက်များနှင့် ရင်ဆိုင်တွေ့လာသည်။
တောက်ဖုန်း၏ မျက်လုံးများက လင်းလက်လာပြီး ထိုအရာမှာ သူအလိုရှိနေသော လျို့ဝှက်ပညာရပ်မျိုး ဖြစ်၏။ သူ့လျို့ဝှက်ပညာရပ်မှာ ခမ်းနားကြီးကျယ်မှုနှင့် ရက်စက်မှု ပျောက်ဆုံးနေပြီး သူ ထုတ်လွှင့်လိုက်သည်နှင့် အလွန်ညံ့ဖျင်းသော တိုက်ကွက် ဖြစ်သွားတတ်၏။ မိုဝူကျိ၏ မဟာသဲကန္တာရမှာ ခမ်းနားပြီး သူ လိုချင်သည့် အရာနှင့် ကွက်တိ ဖြစ်၏။
ယနေ့ သူ အလိုအပ်ဆုံး ဖြစ်နေသည့်အရာကို ရရှိလိုက်သော နေ့ရက် ဖြစ်ပေသည်။
ထိုစဉ် အပြင်ဘက်ရှိ ကျင့်ကြံသူများပင် ယှဉ်ပြိုင်မှုမှ အရိုးကွဲလုမတတ် ထုတ်လွှင့်နေသော စွမ်းအင်မျိုးကို ခံစားမိလိုက်ကြ၍ နောက်ဆုတ်လိုက်ကြသည်။