အခန်း (၆၇၅) : နောင်တရမှာကို စိုးရိမ်မိတယ်
မိုဝူကျိက အသာပြုံးကာ
“ သဘောတရားအရဆိုရင် နှစ်ယောက်လုံးက ငါ့ဖင်းဖန်ဂိုဏ်းရဲ့ ပထမမျိုးဆက် တပည့်တွေပဲ။ ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာ တပည့်တွေ ကျန်ခဲ့သေးတယ်။ သူတို့က ဖန်ကျယ်၊ ဖန်ဝူနဲ့ လို့ယွဲ့ရွမ်းတို့ပဲ …. တကယ်လို့ သူတို့ အင်မော်တယ်လောကဆီ ရောက်လာခဲ့မယ်ဆိုရင် မင်းတို့ ဂရုစိုက်ပေးဖို့ လိုတယ် ”
ဖန်မောင်နှမ၏ ပါရမီကား မဆိုးလှပေ။ လို့ယွဲ့ရွမ်းသည်လည်း အတူတူ ဖြစ်၏။ သို့သော်လည်း သူတို့၏ ပါရမီများက မည်မျှ ကောင်းနေစေကာမူ လျန်ယင်ရှန်းတို့၊ ဖူကျင့်ဖုန်းတို့နှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က သူ့ဘေးတွင် ရှိနေကာ သူ့ညွှန်ပြမှုများကို ခံယူနိုင်ပေသည်။ သူတို့အမြန်နှုန်းက အံ့ဖွယ် ဖြစ်နေသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့အပြင် ဤသည်က အင်မော်တယ်လောက ဖြစ်ပေသည်။ ပါရမီချင်း နှိုင်းယှဉ်မကြည့်လျှင်ပင် ကျင့်ကြံခြင်းလောကရှိ ဝိညာဉ်စွမ်းအားများက အင်မော်တယ်လောက၏ ဝိညာဉ်စွမ်းအားကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဟိုင်ယီနယ်မြေမှာ ကျင့်ကြံဖို့ရာ နေရာကောင်း တစ်ခုအဖြစ် ယူဆ၍ မရပေ။
“ ဟုတ်ကဲ့ ….” လျန်ယင်ရှန်းနှင့် ဖူကျင့်ဖုန်းတို့က ပြန်ဖြေလိုက်ကြသည်။
“ နောက်ဆုံး တစ်ခုက ငါ့ဆီမှာ အားကောင်းတဲ့ ရန်သူတွေ အများကြီးပဲ။ အဲကြောင့် ငါက မင်းတို့ဆရာဆိုတာ မပြောမိစေနဲ့။ အနည်းဆုံးတော့ ငါ ကိုယ်ပိုင်ဂိုဏ်း တည်ထောင်မပြီးမချင်းပေါ့ …” မိုဝူကျိက ညွှန်ကြားလိုက်သည်။
ဖူကျင့်ဖုန်းနှင့်် လျန်ယင်ရှန်းတို့က မွေးဖွားလာကတည်းမှ ငါးဖမ်းသမားများအဖြစ် လုပ်ကိုင်ခဲ့ရသည်။ သူတို့အနေနှင့် ကျင့်ကြံနိုင်၍ မောက်မာလာမည် မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျိ ညွှန်ကြားသော ညွှန်ကြားချက်များမှာ ပုံမှန်သာ ဖြစ်၏။
“ ဆရာ အခုကျတော်တို့ ဘာလုပ်ကြမလဲ ” ဖူကျင့်ဖုန်းက မေးလိုက်သည်။