အခန်း (၆၇၆) : ပူးပေါင်းဖို့ရာ အလိုရှိသူ
“ ဆရာ …. တကယ်လို့ ဂိုဏ်း တည်ထောင်ရင် ဂိုဏ်းချုပ် ဖြစ်လာမှာပေါ့ ” လျန်ယင်ရှန်းက ရုတ်တရက် မေးလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ကာ “ ဟုတ်တယ်လေ ….ငါက ဂိုဏ်း တည်ထောင်မှတော့ ဂိုဏ်းချုပ်ပေါ့ ”
လက်တွေ့၌ မိုဝူကျိက ဂိုဏ်းတစ်ဂိုဏ်းမျှ တည်ထောင်ခြင်း မကပေ။ သူက ဂိုဏ်းထက် ကျော်လွန်သော ဖင်းဖန်ကို တည်ဆောက်မည် ဖြစ်၏။ သို့သော်လည်း လျန်ယင်ရှန်းကို ဤကိစ္စများ ရှင်းပြရန် မလိုပေ။
“ အဲဆို ဆရာက စီနီယာအစ်ကို လုပ်ပြီးတော့ ကျမက ဂျုနီယာညီမလေး လုပ်လို့ရော မရဘူးလား ”လျန်ယင်ရှန်းက မိုဝူကျိအား စိတ်လှုပ်ရှားစွာ ကြည့်ရင်း မေးလိုက်၏။
မိုဝူကျိက သူ့မအား အင်မော်တယ်ကျောက် အပြည့် ဖြစ်နေသည့် နေရာသို့ ခေါ်ဆောင်လာပြီးနောက် သူမ သဘောထားမှာ အနည်းငယ် ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။ သွေဖယ်ခြင်းရွာတွင် ရှိစဉ် သူမက ကျေးဇူးတင်မှုကို ခံစားခဲ့ရပြီး မိုဝူကျိအား စီနီယာအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ယခုတွင် သူမက မိုဝူကျိ၏ တပည့်ထက် မိတ်ဆွေ ပို၍ ဖြစ်ချင်မိသည်။
မိုဝူကျိက အနည်းငယ် ဝေခွဲမရ ဖြစ်သွားလေ၏။ တပည့် သို့မဟုတ် ဂျုနီယာညီမ ဖြစ်လာခြင်းက သူ့ဂိုဏ်း တည်ထောင်ခြင်းနှင့် မည်သို့များ ဆက်စပ်နေသနည်း။
သို့သော်လည်း သူက လျန်ယင်ရှန်းသည် နောင်အနာဂတ်၌ သေချာပေါက် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်လာမည့်အကြောင်း တွေးမိလိုက်သည်။ သူမက သူ့တပည့် ဖြစ်ဖြစ်၊ ဂျုနီယာညီမဖြစ်ဖြစ် ကိစ္စမရှိပေ။ သူမက ဖင်းဖန် အဖွဲ့ဝင်တစ်ယောက် ဖြစ်နေဦးမည် ဖြစ်၏။ လျန်ယင်ရှန်းက သူ့တပည့် ဖြစ်လာရန် ဆန္ဒမရှိသောကြောင့် ဂျုနီယာညီမ ဖြစ်လာလျှင်လည်း အဆင်ပြေပေသည်။
“ ကောင်းပြီလေ။ အဲဆိုလည်း ဂျုနီယာညီမလေး လုပ်ပေါ့။ ငါ့ ကျင့်စဉ်က ကိုယ့်ဘာသာ ဖန်တီးထားတာဆိုတော့ ကျင့်ဖုန်းနဲ့ သင့်တော်ပေမဲ့ မင်းအတွက် သင့်တော်ပါ့မလား ဆိုတာကို သေချာမသိဘူး။ အဲကြောင့် ငါ့ဆီမှာ အကြံနှစ်ခု ရှိတယ်။ အရင်ဆုံး ကျင့်ဖုန်းလိုမျိုး ဝိညာဉ်လမ်းကြောင်း ဖွင့်ကြည့်ဖို့ လုပ်ကြည့်ကြမယ်။ အဲဒီနောက်ကျ မင်းက ငါ့ကျင့်စဉ်နဲ့ ကျင့်ကြံပြီးတော့ မင်းစိတ်နန်းတော်ထဲမှာ ရှိနေတဲ့ ကျင့်ကြံဆင့်ကို ဖြည်းဖြည်းချင်း ထုတ်လွှင့်ရမယ်။ အဲဒါက ဖြည်းဖြည်းချင်း မင်း စွမ်းအား ဖြစ်လာလိမ့်မယ်။