အခန်း (၅၂၂) : သတ္တုဓာတ် သဘာဝ စွမ်းအား
အကယ်၍ တခြားကျင်းရှန်းအဆင့်သာ ထိုသို့ ပြောရဲပါက တစ်ယောက်ယောက်က ထိုသူ့အား သတ်ပစ်လောက်လေပြီ။ သို့သော် ထူးခြားဆန်းကြယ် မိုဝူကျီ ဖြစ်နေသည့်အတွက် မည်သူကမှ ဘာမျှ မပြောရဲကြပေ။
ပိုင်ချီထျန်း မျက်နှာမှာ အေးစက်သွားလေ၏။ သူက မိုဝူကျီကို သိသော်လည်း မိုဝူကျီသည် သူ့ပြပွဲ၌ အချိန်ကိုက် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မိုဝူကျီက ထူးခြားသော်လည်း သူက ရွမ်ရှန်း နောက်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေ၍ ဤကျင်းရှန်းအဆင့် ကျင့်ကြံသူကို ကြောက်နေစရာ မလိုပေ။
“ အင်မော်တယ်ရောင်းရင်းမို ..... ကျုပ်က ခင်ဗျား နောက်ခံကို မသိပေမဲ့ ခင်ဗျား နောက်ခံ သာမာန်မဟုတ်မှန်းတော့ မှန်းဆမိပါတယ်။ ဒီနေရာက အားလုံး ရှာတွေ့ထားတာဆိုတော့ အခု အထဲက ရတနာကို ရဖို့ ကျုပ်တို့တွေ ကြိုးစားနေကြတာ။
ခင်ဗျားက နောက်ဆုံးမှ ရောက်လာတာလေ။ ဘယ်လို လုပ်ပိုင်ခွင့်နဲ့များ ကျုပ်တို့ ရတနာ ယူဖို့ တားဆီးရဲတာလဲ ”
ပိုင်ချီထျန်း အသံမှာ ရေခဲတမျှ အေးစက်နေပြီး လူသတ်လိုသည့် အရိပ်အယောင်ပင် ပါဝင်နေသေး၏။
မိုဝူကျီက နှာခေါင်းရှုံ့လိုက်သည်။ ထိုလူမှာ အတော်လေး ရက်စက် ကြမ်းကြုတ်ပေသည်။ စကားတစ်ခွန်းတည်းဖြင့် ထိုလူက သူ့အပေါ် မကျေမနပ်ချက်များ ဖန်တီးနိုင်ခဲ့၏။ အကယ်၍ တစ်ယောက်ယောက်သာ အခုချိန် ဦးဆုံး တိုက်ခိုက်မည်ဆိုလျှင် သူ့အနေနှင့် ဝိုင်းကာ အသတ်ခံရလိမ့်မည်။ တစ်ခါတစ်ရံ၌ လူများက အရေအတွက်များနေသည့်အခါ ဆန်းကြယ်သည့် ပဟေဠိတချို့ကို မျက်လုံးထဲ မထည့်ကြပေ။
ဘေးပတ်လည်မှ ကျင့်ကြံသူများ၏ မျက်နှာအနေအထားကို မြင်လိုက်ရသည့်အခါ မိုဝူကျီက အားရပါးရ ရယ်မောလိုက်ပြီး
“ ဘယ်လို အရူးပါ့လိမ့် .... ကျုပ် ပြောတာ အားလုံးကို တားဆီးနေလို့လား။
ပြီတော့ ခင်ဗျား ပြောတဲ့ ကျုပ်က နောက်ဆုံးမှ ရောက်လာတာဆိုတာရော ဘာအဓိပ္ပါယ်လဲ။ နောက်ကျပြီး ရောက်လာတဲ့ တခြားကျင့်ကြံသူတွေလည်း ရှိပါ့ .... ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး။