အခန်း (၆၂၁) : နတ်ဘုရား ကောင်းကင် ချောက်နက်
မဟာဧကရာဇ် လွန်ချိုက် ပေါ်လာသည်နှင့် ဘေးနားမှ ရပ်ကြည့်နေကြသော ကျင့်ကြံသူများက ထွက်သွားကြတော့သည်။ အင်မော်တယ် ဧကရာဇ် တစ်ယောက် ဒေါသထွက်လာသည့်အခါ ဤနေရာ၌ သေခြင်းတရားကို ထိုင်စောင့်နေရမည်လား။ ထို့အပြင် ဤအင်မော်တယ် ဧကရာဇ်မှာ ထူးဆန်းသည့် ဒေါသကြောင့် လူသိများသော မဟာဧကရာဇ် လွန်ချိုက် ဖြစ်နေသေး၏။
“ တာ့ဟွမ် ငါပြောတာကို မှတ်ထား … အချိန်ကျလာရင် အဲဒီလူကို တစ်ချက်တော့ ထိုးရမယ် ” မိုဝူကျိက တာ့ဟွမ်ကို သတင်းပို့ပြီးနောက် မဟာဧကရာဇ် လွန်ချိုက်ထံ ဓားချက် ပစ်ခွင်းလိုက်သည်။
ထိုဓားချက်မှာ ငါးမီတာအထိ မြင့်တက်လာသွားကာ မီတာဆယ်ချီ ကျယ်ပြန့်လာလေ၏။
“ ဟားဟား …. ငါ ပထမဆုံး မြင်ဖူးတာပဲ … ” မိုဝူကျိ၏ ဓားမော့အလင်းကို မြင်ကာ လွန်ချိုက်က အားရပါးရ ရယ်မောလိုက်သည်။ သူ့အား တိုက်ခိုက်ရဲသည့် ပါးမွှားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူ့စကားမဆုံးခင် စကားများကို ပြန်မျိုချကာ ထိန်းချုပ်လိုက်ရ၏။ အကြောင်းမှာ တစ်ချိန်တည်း၌ သူ့အား လာဖိနှိပ်နေသော ပြင်းထန်သည့် အရှိန်အဝါတစ်ခုကိုပါ ခံစားမိလိုက်၍ ဖြစ်သည်။ သူ့စွမ်းအားစက်ကွင်းကို တိုက်ရိုက် ချိုးနှိမ်ထားပြီး သူ့ဦးခေါင်းထက်၌ ယပ်တောင်တစ်ချောင်း ဝှေ့ယမ်းနေပြီး များပြားစွာသော လှံများ ပြောင်းလဲလာကာ သူတို့နှစ်ယောက်ကြားက ကြားကွက်လပ်ကို ခြားထားစေရင်း လွန်ချိုက်ထံ၌ ပေါက်ကွဲထွက်ကုန်သည်။
ယပ်တောင်အရိုးတစ်ခုချင်းစီက ကြောက်မက်ဖွယ်ရှေးဟောင်းသားရဲ အော်သံကို ထုတ်လွှင့်နေရင်း မိုးနှင့်မြေကို ဝါးမျိုတော့မည့်အလား လွန်ချိုက်ပင် ထိုအောက်၌ သစ်ရွက်လေးမျှသာ ဖြစ်နေသည်။
လွန်ချိုက် ပေါ်လာသည့်အခါ မိုဝူကျိ မရှိလျှင်ပင် ကျော့ဖျင်အန်းက တိုက်ခိုက်မည် ဖြစ်၏။ ထိုခွေးကောင်က သူ့ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို ဖျက်စီးကာ လူများကို သတ်သွားခဲ့သောကြောင့် သူ့အနေနှင့် မျက်နှာပျက်ခဲ့ရသည်။ ထို့ကြောင့် ယနေ့ ပြန်ပေးဆပ်ရမည်။