အခန်း (၁၄၂)
နံနက်ခင်း ကြက်တွန်သံ ကြားလိုက်ရတာနဲ့ လူငယ်က အဝတ်အစားကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီးတော့ အိပ်ရာကနေ ထလိုက်တယ်။ ရှောင်ရှို့ရဲ့ သဘာဝအတိုင်း ပြန်လည်ကုစားနှုန်းက ပုံမှန်လူများထက် သာလွန်ပြီးတော့ တစ်ညတာ အနားယူပြီးနောက်မှာ သူက ဘာမှမဖြစ်ခဲ့သလိုပဲ။
ကျင်းဆန်းက ပြတင်းပေါက်ကနေ အထဲကို ခုန်ဝင်လာတယ်။ သူမက ရှောင်ရှို့ရဲ့ဒဏ်ရာကို အနည်းငယ် စိုးရိမ်နေပြီးတော့ တုံ့ဆိုင်းစွာ မေးလိုက်တယ်။
"သခင်.."
ရှောင်ရှို့က လက်ခါပြလိုက်တာနဲ့ ကျင်းဆန်းက ချက်ချင်း ပါးစပ်ပိတ်သွားတယ်။ ခဏလောက် တွေးပြီးတော့ သူမက ပြောတယ်။
"သခင်မလေးကျန်းက နိုးနေပြီးတော့ အပြင်မှာ ရှိနေတယ်"
ကျင်းဆန်းထွက်သွားပြီးတော့ ရှောင်ရှို့က သူ့ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်တယ်။ မနေ့ညတုန်းက အရာအားလုံးက လျင်လျင်မြန်မြန် ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီးတော့ ဘာတွေ ရှိမှန်းတောင် သေချာမသိလိုက်ဘူး။ အခုမှသာ သူက ဒီအခန်းတစ်ခုလုံးမှာ စွဲထင်နေတဲ့ ရနံ့တစ်ခုကို သတိပြုမိလိုက်တယ်။ ဒီတော့မှ သူက မိန်းမငယ်လေးရဲ့အခန်းမှန်း သတိပြုမိတော့တယ်။
ရှောင်ရှို့က ကျင်းရီရဲမက်တွေကို ဦးဆောင်လာခဲ့တဲ့အချိန်တည်းက တာဝန်တွေ အမျိုးမျိုးလုပ်ခဲ့ရပြီး သူက မိန်းကလေးတစ်ယောက်ရဲ့ အတွင်းပိုင်းအခန်းကို မမြင်ဖူးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက တခြားနေရာတွေနဲ့ ဘာမှ မကွာဘူး။ ဒါပေမဲ့ ဒီနေ့မှာ သူက နေရာတွေ အကုန်လုံးက အတူတူ မဟုတ်ဘူးဆိုတာ သတိထားမိလိုက်တယ်။ ပြီးတော့ အရေးမပါတဲ့ အရာတွေကို ဂရုမစိုက်တဲ့ရှောင်ရှို့က အမျိုးသမီးတစ်ယောက်ရဲ့ အခန်းအတွင်းပိုင်းကို သေသေချာချာ လှည့်ကြည့်နေတယ်။
ဒီအတွင်းပိုင်းအခန်းက မတူဘူး။ အဲဒါက တခြားအမျိုးသမီးတွေရဲ့အခန်းတွေနဲ့ ကွာခြားတယ်။ အဲဒီမှာ ဘာပန်းပင်မှ မရှိဘူး။ တောက်ပပြီး အရောင်စုံတဲ့ ခန်းစီးတွေလည်း မရှိဘူး။ ပြီးတော့ လက်ရာမြောက်တဲ့ အဆင်တန်ဆာတွေလည်း မရှိဘူး။ လက်ထပ်ဖို့အရွယ်ရောက်နေတဲ့ မိန်းမပျိုလေးတစ်ယောက်အနေနဲ့ အဲဒါက အရမ်းကို ရိုးရှင်းလွန်းနေတယ်။ မော့ချောင်လို ယောက်ျားသားတစ်ယောက်ကတောင်မှ သူ့ရဲ့အိမ်တော်ကို ကျန်းယွမ်ထက် ပိုပြီးတော့ ပြင်ဆင်သေးတယ်။