154 01
အခန်း (၁၅၄)
ရှောင်ရှို့က နန်းတော်ထဲကထွက်လာပြီး မြင်းပေါ်ကို တက်လိုက်တယ်။ ပြီးတော့သူက ကျင်းအာ ရုတ်တရက် သူ့ရှေ့မှာ ထွက်လာတာကို မြင်လိုက်ရတယ်။ သူ့ရဲ့မျက်နှာပေါ်မှာ လေးနက်တဲ့ အမူအရာ ပေါ်လာတယ်။
"သခင်လေး သခင်မလေးကျန်း အကျဉ်းကျသွားပြီ။ အဲ့ဒါက... "
ရှောင်ရှို့က မျက်မှောင်ကြုတ်လိုက်တယ်။
"ဘာဖြစ်တာလဲ"
"လေးယောက်မြောက် မင်းသားနဲ့ နန်းတွင်းအစေခံတစ်ချို့က သခင်မလေးကျန်းက မင်းသမီးဟယ်ရီကို သတ်တယ်လို့ မြင်တယ်လို့ ပြောခဲ့တယ်။ သက်သေခိုင်မာတယ်ဆိုပြီးတော့ တော်ဝင်ကြင်ယာတော်ရှု့က အရမ်းဒေါသထွက်ပြီး အခုဧကရာဇ်ကို အပြစ်ဒဏ်ပေးဖို့အတွက် တောင်းဆိုနေတယ်။ မယ်တော်ရိကျယ်ကလည်း ဘာမှမပြောနိုင်ဘဲ တရားရုံးကို တင်ပြဖို့ကိုပဲ သူမစောင့်လိုက်ရတယ်"
"ဘယ်အချိန်လဲ"
ရှောင်ရှို့က မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။
"မနက်ဖြန်နေ့လည်ပါ"
ကျင်းအာက ပြောလိုက်တယ်။ ရှောင်ရှို့က အခုမှ နန်းတော်ထဲက ထွက်လာတာဖြစ်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကလည်း ကျန်းယွမ်က အဲ့ဒီလိုမျိုးပဲ ချောက်ချပြီး တရားရုံး တင်ခံရတာဖြစ်တယ်။ ဒီတစ်ကြိမ်တော့ သူကအရင်ကထက်ပိုပြီးတော့ စိုးရိမ်ခဲ့ပြီဖြစ်တယ်။ မင်းသမီးဟယ်ရီက ဧကရာဇ် အချစ်ဆုံးသမီးဖြစ်ပြီးတော့ သူတို့သားအဖနှစ်ယောက်က တော်တော်လေးကို သံယောဇဉ်ရှိကြတာ ဖြစ်တယ်။ ကျန်းယွမ်က မင်းသမီးဟယ်ရီကို သတ်လိုက်ပြီးတော့ အဲ့ဒီအကြောင်းပြချက်က ဧကရာဇ်ရဲ့ ဒေါသကို ကျန်းယွမ်အပေါ် ပုံချဖို့ လုံလောက်တယ်။
ရှောင်ရှို့က မြင်းကိုလှည့်လိုက်တယ်။
"ပြစ်မှုငှာနကို သွားကြည့်ရအောင်"
သူကမြင်းကို သွားခိုင်းတော့မဲ့ အချိန်မှာ အနောက်ကနေ အသံတစ်သံ ကြားလိုက်ရတယ်။
"သခင် "
ကျင်းဆန်းက အပြင်ကနေ ဝင်လာပြီး သူ့ကိုပြောလိုက်တယ်။