အခန်း (၂၄၃)
ကြည့်ရတာ နွေဦးရဲ့မိုးဖွဲဖွဲလေးက ဆောင်းရာသီရဲ့ လေစိမ်းတွေကို ဖယ်ရှားပြီးတော့ နောက်ရက်အနည်းငယ်မှာပဲ ရာသီဉတုက အရမ်းသာယာလာတော့မယ့်ပုံပဲ။ အပြင်က သာယာနေတဲ့ ရာသီဉတုနဲ့မတူဘဲ နန်းတော်ထဲမှာတော့ ခြောက်သွေ့နေတယ်။
ရင်ရွှေ့နန်းတော်ထဲမှာ လှပတဲ့မိန်းမပျိုလေးတစ်ယောက်က အနက်ရောင်ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မှန်တင်ခုံရှေ့မှာ ထိုင်နေတယ်။ အရောင်က အရမ်းမတောက်ပေမဲ့ ကောင်းမွန်တဲ့ ကုန်ကြမ်းတွေနဲ့ ချုပ်ထားတာကြောင့် ဝတ်ထားတဲ့သူကို ဆွဲဆောင်မှုရှိစေတယ်။
သူမ မိတ်ကပ်လိမ်းထားလို့ သူမ ပါးလေးတွေက အနည်းငယ်နီနေတယ်။
အပြင်က အစေခံမလေးက အထဲကိုဝင်လာပြီး သူမကို သတင်းပို့တယ်။
"နျာနျာ ကျောက်သခင်မလေး ရောက်လာပါတယ်"
"ဝင်လာခိုင်းလိုက်"
တုန်ရင်းအာ ပြုံးလိုက်ပြီး စားပွဲနားမှာ ထိုင်လိုက်တယ်။
ကျောက်ကျင်းဝင်လာတာကိုမြင်တော့ သူမ ပြုံးလိုက်တယ်။
"ကျောက်ကျင်း"
ကျောက်ကျင်း အထဲကိုမဝင်ခင် နည်းနည်းတုံ့ဆိုင်းနေတဲ့ပုံပဲ။ ခဏအကြာမှာ ကျောက်ကျင်း နန်းတော်ထဲကို ဝင်လာတယ်။ တုန်ရင်းအာ ပြုံးလိုက်ပြီး ထိုင်ခုံပေါ်ကို ပုတ်ပြလိုက်ရင်း
"ဒီမှာထိုင်လေ"
"ဒါက... မသင့်တော်ဘူးနဲ့တူတယ်"
ကျောက်ကျင်း တုံ့ဆိုင်းစွာနဲ့ပြောလိုက်တယ်။
"နျာနျာ...."
"နင် ဘာလို့ ဒီလိုလုပ်နေတာလဲ။ ငါတို့ အတူတူပန်းထိုးခဲ့တဲ့အချိန်တွေ၊ အတူတူအတင်းတုပ်ခဲ့တဲ့အချိန်တွေကို နင်မေ့သွားတာလား"
တုန်ရင်းအာ လက်ခါပြလိုက်ရင်း ကျောက်ကျင်းကို အပိုတွေပြောတာကို ရပ်ခိုင်းလိုက်တယ်။
တုန်ရင်းအာရဲ့စကားတွေက ကျောက်ကျင်းကို အတိတ်ကစကားတွေကို ပြန်မှတ်မိစေခဲ့တယ်။ ကျောက်ကျင်း အရင်ကအချိန်တွေကို ပြန်တွေးမိသွားတယ်။ သူမ၊ တုန်ရင်းအာ၊ လင်ဇီရှနန်းနဲ့ ဝမ်ရန်တို့က အတူတူကြီးပြင်းလာတာဖြစ်တယ်။ အဲ့တုန်းက သူမတို့သုံးယောက် ပေါ့ပေါ့ပါးပါးနေခဲ့ကြတာဖြစ်တယ်။ နေ့တိုင်း သူမတို့ စားကောင်းသောက်ဖွယ်တွေ စားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတယ်။ အဲ့တုန်းက မိသားစုကိစ္စတွေ မရှိခဲ့ဘူး။ ကမ္ဘာပေါ်က ပြဿနာတွေအကုန်လုံးက သူတို့နဲ့ မဆိုင်သလိုပဲ။ ဒါပေမဲ့ အဲ့အချိန်တွေက ဘယ်လိုကုန်လို့ ကုန်မှန်းမသိအောင်ကို ကုန်ဆုံးသွားတယ်။ အခုတော့ သူမတို့ မိသားစုကိစ္စတွေနဲ့ ကွဲသွားကြပြီး မတွေ့ဖြစ်ကြတော့ဘူး။ ကျောက်ကျင်းရဲ့မျက်နှာပေါ်မှာ ဝမ်းနည်းမှုအရိပ်အယောင် ထွက်ပေါ်လာတယ်။ သူမ တုန်ရင်းအာဘေးမှာ ထိုင်လိုက်ပြီး သူမရဲ့ သူငယ်ချင်းကို မော့ကြည့်လိုက်တယ်။