အခန်း (၂၃၇)
နောက်တစ်နေ့ မနက်စောစောမှာ ရှောင်ရှို့ အပြင်ကို ထွက်သွားပြီးတော့ ကျန်းယွမ်ကတော့ အဝတ်လဲနေတယ်။ လန်ချောင် သူမ အပြင်ထွက်ဖို့ ပြင်နေတာကိုမြင်တော့ ပြောတယ်။
"သခင်မလေး အပြင်သွားမလို့လား"
မနေ့ညက ကျန်းယွမ် ဒီနေ့ အပြင်သွားမယ့်အကြောင်းကို မပြောခဲ့ဘူး။
ကျန်းယွမ် ပြုံးလိုက်တယ်။
"စိတ်မပူပါနဲ့ ဟိုဘက်အိမ်ကိုပဲသွားမှာပါ"
ဟိုဘက်အိမ်.... လန်ချောင် ခဏလောက် တုံ့ဆိုင်းသွားပြီးတော့မှ နားလည်သွားတယ်။ ဟိုဘက်အိမ်မှာ ချန်းရှနဲ့ မော့ချောင်တို့ နေနေတာဖြစ်ပြီးတော့ ချန်းရှက ဧကရာဇ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် နန်းတော်ကိုရောက်နေတာဖြစ်တယ်။ တကယ်လို့ ချန်းရှရဲ့ ဆေးတွေကြောင့်သာမဟုတ်ရင် ဧကရာဇ်က ဒီရက်ထိရှိနေဦးမှာမဟုတ်ဘူး။ ကျန်းယွမ် ချန်းရှကို ဘာကြောင့်သွားရှာတာဘာလိမ့်။
လုကျူးတို့နှစ်ယောက်သား ကျန်းယွမ်နောက်ကနေ လိုက်လာတယ်။ ချန်းရှက အိမ်မှာမရှိဘူး။ မော့ချောင် ပြုံးပြီးပြောလိုက်တယ်။
"ချန်းရှ နန်းတော်ကိုသွားတယ် သုံးယောက်မြောက်အစ်မ။ ဘာကိစ္စများရှိလို့လဲ"
ကျန်းယွမ် ခေါင်းခါလိုက်ပြီးပြောလိုက်တယ်။
"ငါ သူ့ဆီလာတာမဟုတ်ဘူး။ နင့်ဆီလာတာ"
လန်ချောင်နဲ့လုကျူးတို့ အချင်းချင်းကြည့်လိုက်ကြတယ်။ မော့ချောင်က ပြောလိုက်တယ်။
"ဒါဆိုလည်း ဝင်ခဲ့လေ"
မော့ချောင် ကျန်းယွမ် သူ့ကို လာရှာတာက အတော်လေးထူးဆန်းတာပဲလို့ တွေးနေတယ်။ ကျန်းယွမ် အခန်းထဲမှာ ထိုင်လိုက်တယ်။ မော့ချောင် လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်တယ်။ အိမ်ထဲမှာ အစေခံတချို့ရယ် ချန်းရှရဲ့ ဆေးခြံရယ်ကလွဲပြီး ဘာမှမရှိဘူး။ မော့ချောင် လက်ဖက်ရည်ကို ဖိတ်မကျအောင်ငှဲ့နိုင်သားပဲ။ သူ ပြုံးလိုက်တယ်။
"ဒါ အသစ်ဝယ်ထားတဲ့ ကျန်းရှန်ငွေအပ်လက်ဖက်ရည်ပဲ။ သောက်ကြည့်ပါဦး။ ကောင်းရဲ့လားလို့"