အခန်း ၂၀၆
မနက်စာ စားပြီးတော့ ကျန်းယွမ်နဲ့ ရှောင်ရှုံးတို့က ခြံဝန်းထဲကို လာခဲ့တယ်။ ခြံဝန်းဘေးမှာ ရေကန်လေးရှိပြီးတော့ အဲ့ဒီရေကန်ထဲမှာ အနီရောင် ငါးလေးတွေ ကူးခတ်သွားလာနေကြတယ်။ ကျန်းယွမ်က ရှောင်ရှုံးရဲ့ စကားတွေကို တွေးမိပြီး ဒီမနက်သူက ပုံမှန်လို အေးအေးဆေးဆေး လုပ်နေတာ မဟုတ်တာကို မြင်တဲ့အချိန်မှာ သူပြောမဲ့အရာက အရမ်းအရေးကြီးတဲ့အရာလို့ သူမခန့်မှန်းမိတယ်။ ဒါကြောင့်သူမ သူ့နောက်ကနေပဲ တိတ်တဆိတ်နဲ့ လိုက်လာခဲ့တယ်။
"အားယွမ်"
ရှောင်ရှုံးက ပြောလိုက်တယ်။
"မင်းကိုယ့်အဖေနဲ့အမေရဲ့ ကဗျည်းတိုင်ကို အရိုအသေ ပေးပြီးပြီမလား"
"အင်းလေ"
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။
"ကျွန်မတို့ လက်ထပ်တဲ့နေ့တုန်းကလေ"
သူမကျင်းရီဝမ် အိမ်တော်ထဲကို လက်ထပ်လိုက်တဲ့ နေ့တုန်းက သူမကိုယ်တိုင် ကျင်းရီဝမ်စုံတွဲရဲ့ ကဗျည်းတိုင်ကို အရိုအသေ ပေးခဲ့တာဖြစ်ပြီး ရှောင်ရှုံးပြောလိုက်တဲ့အချိန်မှာ အဲ့ဒါကိုပြန်ပြီး သတိရသွားတယ်။
"တကယ်တော့ မင်းသူတို့ကို ဘယ်တုန်းကမှ အရိုအသေ မပေးခဲ့ဘူး"
ရှောင်ရှုံးက ဖြေးဖြေးချင်း ပြောလိုက်တယ်။
"မင်းအရိုအသေ ပေးလိုက်တဲ့လူက ကိုယ့်ရဲ့မိဘ အရင်းတွေ မဟုတ်ဘူး"
ကျန်းယွမ် မှင်သက်သွားခဲ့ပြီး သူ့ကိုကြည့်နေခဲ့တယ်။ ဒီစကားက ဒီကဗျည်းတိုင်တွေက ကျင်းရီဝမ်စုံတွဲရဲ့ ကဗျည်းတိုင်တွေ မဟုတ်ဘူးလို့ ဆိုလိုတာလား။ အဲ့ဒါတစ်ခြား တစ်ယောက်ယောက်ရဲ့ ကဗျည်းတိုင်တွေလား။
"ကိုယ်ဒီကိုလာပြီးတော့ တစ်ယောက်ယောက်ကို အရိုအသေ ပေးခဲ့တဲ့နေ့ကို မင်းမှတ်မိသေးလား"
ရှောင်ရှုံးက ပြောလိုက်တယ်။
"အဲ့ဒီကဗျည်းတိုင်ကိုလေ"
ကျန်းယွမ် အံ့အားသင့်သွားခဲ့ပေမဲ့ အဲ့နေ့တုန်းက ရှောင်ရှုံးက မူးနေခဲ့ပြီး သူမကို နမ်းခဲ့တဲ့နေ့ဖြစ်တယ်။ အဲ့နေ့မှာပဲ သူမက ရှောင်ရှုံးတစ်ယောက်ယောက်ကို အရိုအသေ ပေးနေတာကို တွေ့ခဲ့တာဖြစ်တယ်။ သူမက အဲ့နေ့က ကျင်းရီဝမ်စုံတွဲ ဆုံးသွားတဲ့နေ့မို့ ထူးဆန်းတယ်လို့ တွေးမိတာဖြစ်တယ်။ ဒါပေမဲ့ သူဘာလို့ အရိုအသေ ပေးနေလဲဆိုတာကိုတော့ သူမမခန့်မှန်းနိုင်ခဲ့ဘူး။ သူမအဲ့ဒီအရာတွေကို စဉ်းစားနေတုန်းမှာပဲ ရှောင်ရှုံးရဲ့အသံက သူမဘေးကနေ ထပ်ထွက်လာတယ်။