အခန်း (၁၈၉)
ကျန်းရှင်းကျီက ကျင်းရီဝမ်နန်းတော်ကို အမြန်ပဲ လာခဲ့ပြီး သူ့မျက်နှာက အတော်လေး ခက်ထန်နေတယ်။ ညသန်းခေါင်မှာ တစ်ယောက်ယောက်က သူ့အခန်းထဲ ဝင်လာခဲ့ရင် သူကအဲ့လူကို လုပ်ကြံသူအနေနဲ့ ဆက်ဆံမှာဖြစ်တယ်။ ဒါပေမဲ့ အဲ့လူက အမြန်လာခဲ့ပြီး ကျန်းယွမ်က တစ်ခုခုဖြစ်တယ်လို့ပဲ ပြောခဲ့ပြီး သူ့ကိုကျင်းရီဝမ်နန်းတော်ကို ချက်ချင်းလာခဲ့ဖို့ပဲ ပြောခဲ့တယ်။ ကျန်းရှင်းကျီက အဲ့စကားကိုကြားပြီး ချက်ချင်းပဲ စိုးရိမ်သွားပြီး ကျင်းရီဝမ်နန်းတော်ကို တုန့်ဆိုင်းမှုမရှိဘဲ မြင်းနဲ့ဒုန်းဆိုင်း လာခဲ့တော့တယ်။ သူ့အဲ့အကြောင်းကို ပိုတွေးလေလေ ပိုပြီးတော့ စိတ်တိုလာလေလေပဲ။ သူ့ညီမ ကျင်းရီဝမ်နန်းတော်ထဲကို လက်ထပ်သွားတာ နှစ်ရက်ပဲရှိသေးတယ်။ ဒီလိုမျိုး ဖြစ်လာပြီတဲ့ ပြီးတော့ အဲ့လူက ကျန်းယွမ် ဘာဖြစ်ခဲ့လဲဆိုတာလည်း မပြောခဲ့ဘူး။ ဒါပေမဲ့ ကျန်းရှင်းကျီက သူ့စိတ်ထဲမှာ အဲ့ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာတော့ သိနေတယ်။ ရှောင်ရှုံးက သူ့ကိုမဟုတ်ရင် အဲ့လိုမျိုး အကြောင်း ကြားခိုင်းမှာမဟုတ်ဘူး။
သေချာတာကတော့ သူကျင်းရီဝမ်နန်းတော်ကို ရောက်တာနဲ့ ချက်ချင်းပဲ ပင်မတံခါးဝကနေ ဝင်သွားလိုက်တော့ လန်ချောင်နဲ့ ပိုင်ကျီတို့က အပြင်မှာ စောင့်နေတာကို တွေ့လိုက်ရတယ်။ ကျန်းရှင်းကျီက အထဲကိုဝင်သွားပြီး ကျန်းယွမ်က ရှောင်ရှုံးရင်ခွင်ထဲမှာ ငိုနေတာကို တွေ့လိုက်ရတယ်။
ကျန်းယွမ်က သူမကျေးလက်ကနေ ပြန်လာကတည်းက သူမဒီလောက် ဆိုးဆိုးဝါးဝါးကြီး ဘယ်တုန်းကမှ မငိုခဲ့ဖူးဘူး။ သူမကအမြဲတမ်း တည်ငြိမ်စွာ နေခဲ့ပြီးတော့ ကျန်းရှင်းကျီက သူ့ရဲ့ညီမလေး စိတ်ထားက အတော်လေး ကြံခိုင်လာပြီလို့ ထင်ခဲ့တာဖြစ်တယ်။ အခုသူမကို ဒီလိုမျိုး မြင်လိုက်ရတဲ့အချိန်မှာ သူကနည်းနည်းလောက် ပိုပြီးစိုးရိမ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့နဲ့ကျောက်မိန်ရှေ့မှာ အရမ်းအငိုသန်ခဲ့တဲ့ ကောင်မလေးက ဘာလို့ဒီလိုမျိုး ဖြစ်ခဲ့ရပါလိမ့်လို့တောင်မှ သူစဉ်းစားခဲ့ရဖူးတယ်။
