အခန်း (၂၄၄)
အစေခံမလေး ကျန်းယွမ်ဘက်ကိုလှည့်လိုက်ပြီး သူမဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ ကျန်းယွမ်မေးလိုက်တယ်။
"နင် သမားတော်သွားခေါ်မလို့လား"
အစေခံမလေး ခေါင်းညိတ်လိုက်တယ်။
"သမားတော်သွားခေါ်စရာမလိုဘူး"
ကျန်းယွမ် ပြုံးလိုက်တယ်။
"ငါ ဒီကသမားတော်တွေကို မယုံဘူး။ နင် အပြင်သွားလို့ရပြီ။ နောက်ထမင်းချက်ရင် သေချာဂရုစိုက်ချက်"
သူမ သမားတော်ကို လာခိုင်းလို့မဖြစ်ဘူး။ မဟုတ်ရင် အခြေအနေက ပြောင်းလဲသွားမှာဖြစ်တယ်။ ဒီအစေခံမလေးက အရမ်းတုံးပြီးတော့ ရိုးအလွန်းတယ်။ ဒီတော့ ကျန်းယွမ် သူမကို အရင်လိမ်ရမှာဖြစ်တယ်။
အစေခံမလေး နည်းနည်းစိုးရိမ်သွားတယ်။ ကျန်းယွမ် မျက်မှောင်ကြုတ်လိုက်တယ်။
အစေခံမလေး အမြန်လှည့်ထွက်သွားတယ်။ ကျန်းယွမ် သူမ ပေါ်ကချွေးတွေကို သပ်ချလိုက်တယ်။ ဒါပေမဲ့ အပြင်ဘက်မှာ ဘာဖြစ်နေလဲဆိုတာ သူမ မသိဘူး။ သူမ ဒီမှာနေကတည်းက သူမ အပြင်မထွက်ခဲ့ရပေမဲ့ သူမ ပြတင်းပေါက်နားမှာ ရပ်နေတိုင်း သူမ သဲလွန်စတချို့တွေ့ရတယ်။
ဒီနေရာက တိတ်ဆိတ်ပြီးတော့ လူသူအရောက်အပေါက်နည်းတယ်။ အစားအသောက်တွေက အရမ်းပေါ့တယ်။ တကယ်လို့ ကျန်းယွမ်သာ အအစေခံမလေးကို ခွေးတွေအတွက် အသားငါးချက်ခိုင်းရင် သူမတို့စားစရာထဲမှာ အသားတောင်မပါတော့မှာကို စိုးရိမ်မိတယ်။ ညနေခင်းဆိုရင် သူမ ခေါင်းလောင်းသံတချို့ကြားရတယ်။ ဒီနေရာက တောထဲတောင်ထဲက ဘုရားကျောင်းဖြစ်လောက်မယ်လို့ သူမ ခန့်မှန်းမိတယ်။ လူတွေက တောထဲကိုကြောက်လို့မလာရဲကြတာနဲ့ ဒီနေရာကို မေ့လောက်လုနီးပါးဖြစ်နေတာနေမှာ။ ဘယ်သူမှ ဒီနေရာကို ရှာမတွေ့နိုင်တာ မဆန်းပါဘူး။
ဒီနေရာက မြို့တော်နဲ့ ဘယ်လောက်ဝေးလဲ ကျန်းယွမ်မသိပေမဲ့ အခုထွက်ပြေးရင် သူမ မလွတ်နိုင်ဘူးဆိုတာကို သူမ သိတယ်။ သူမ ဒီမှာ သူမ လုပ်စရာရှိတာတွေ မလုပ်ရသေးဘဲနဲ့ ထွက်သွားလို့ကလည်း မဖြစ်ဘူး။ ရွှမ်းလီက မလှုပ်ရှားသေးဘူးလား။ ရွှမ်းလီ လှုပ်ရှားမှပဲ သူမ စီစဉ်ထားတာတွေက ချောချောမွေ့မွေ့နဲ့ ဖြစ်မြောက်လာမှာဖြစ်တယ်။ သူမ ဒီနေရာကိုရောက်တာ တစ်ပတ်လောက်ရှိနေပြီ ရွှမ်းလီ လှုပ်ရှားသင့်နေပြီ။
