အခန်း (၂၁၉)
ကျင်းအာက ဒီနှစ်သစ်ကူးမတိုင်ခင်မှာပဲ ရှောင်ရှို့ဆီကိုလာပြီးတော့ ကိစ္စတစ်ခုကို ခွင့်တောင်းခဲ့တယ်။ အဲဒါကတော့ ကျန်းယွမ်ရဲ့ အစေခံဖြစ်တဲ့ လုကျူးနဲ့ သူ့ကိစ္စပဲဖြစ်တယ်။ ပြောရရင် သူက လက်ထပ်ခွင့်လာတောင်းတာဖြစ်တယ်။ လုကျူးက ကျန်းယွမ် ကျေးလက်တုန်းက အပြင်ကနေ ဝယ်လာတဲ့ အစေခံဖြစ်တယ်။ ကျန်းယွမ်နောက် လိုက်လာရင်းနဲ့ သူမ ဒုတိယတန်းစား အစေခံဖြစ်လာပြီး ပိုင်ကျီကိစ္စပြီးတော့ သူမ ပထမတန်းစား အစေခံဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း အဲဒါက ကျင်းအာက သူမနဲ့ အဆင့်အတန်းချင်းတူတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ကျင်းအာက ရှောင်ရှို့လက်အောက်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတာဖြစ်ပြီး ရှောင်ရှို့ အားကိုးလို့ရတဲ့ ကျင်းရီရဲမက်တစ်ယောက်လည်းဖြစ်တယ်။ ကျင်းရီရဲမက်တွေက သူတို့လက်ထဲမှာ ပိုက်ဆံတော်တော်များများရှိကြတယ်။ ဒီတော့ ဒါက သူတို့ကို မြင့်မြတ်တဲ့မိသားစု အဆင့်အတန်းထိ တက်သွားစေနိုင်တယ်။ ကျင်းအာက ရှောင်ရှို့နောက်ကို လိုက်လာတာဖြစ်ပြီး သူတို့ရဲ့ မိဘတွေနဲ့လည်း ကင်းကွာနေတာဖြစ်ပြီးတော့ လက်ထပ်ပေးရတာ ပြဿနာတော့မရှိပါဘူး။
ဒါပေမဲ့လည်း ကျင်းရင်ဝမ်နန်းတော်က အမြဲတမ်းခြောက်ကပ်ပြီး မှုန်မှိုင်းနေတာဖြစ်ပြီး လူပျိုတွေပဲ အတူစုပုံနေတဲ့နေရာဖြစ်တယ်။ လုကျူးလို ချစ်စရာကောင်းပြီး ထက်မြတ်တဲ့ကောင်မလေးရောက်လာတော့ သူမ ကျင်းရင်ဝမ်အိမ်တော်မှာ အတော်လေး အချစ်ခံရတယ်။ ကျင်းရင်ဝမ်အိမ်တော်မှာ သူမကို လာပြီးတော့ ပိုးပန်းကြတဲ့သူတွေရှိပေမဲ့ လုကျူးနဲ့ကျင်းအာတို့ရဲ့ ဆက်ဆံရေးကို ကြားပြီးတော့ သူတို့ စိတ်ပျက်သွားကြတယ်။
လန်ချောင်နဲ့ကျန်းယွမ်တို့ အဲ့အကြောင်းကိုပြောနေကြပြီး ရယ်နေကြတယ်။
"သူနဲ့ ဟိုတစ်ယောက်က မတည့်အတူနေတွေ ပြီးတော့ အချင်းချင်း အမြဲရန်ဖြစ်နေတာ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားပါလိမ့်"
ကျန်းယွမ် အသစ်ရောက်လာတဲ့ စာရင်းဇယားတွေကို ကြည့်နေရင်း အဲဒါကိုကြားတော့ သူမ လန်ချောင်ကိုပြောလိုက်တယ်။