အခန်း (၁၉၀)
ရွှမ်ဖေးရဲ့ မျက်နှာထားက ချက်ချင်းပဲ ပြောင်းလဲသွားပြီး သူကနောက်ကို အလန့်တကြားနဲ့ ခြေလှမ်းအနည်းငယ် ဆုတ်သွားတယ်။ ပြီးတော့သူ့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတို့ ချက်ချင်းပဲ ထွက်ပေါ်လာတယ်။ ရှောင်ရှုံးသူ့ကို ကြည့်လိုက်ပြီး ဖြေးညှင်းစွာ မျက်မှောင်ကြုတ်လိုက်တယ်။
အချိန်အတော်ကြာ ရွှမ်ဖေးက ဘာမှမပြောခဲ့ဘဲ သူ့ရဲ့မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။ သူကရှောင်ရှုံးကို ကြည့်နေခဲ့တယ်။ ရှောင်ရှုံးက သူ့ကိုနားမလည်တဲ့ အမူအရာနဲ့ ကြည့်နေတယ်။ အဲ့အချိန်မှာ ရွှမ်ဖေးရဲ့ နှုတ်ခမ်းထောင့်က ပင့်တက်သွားပြီး သူကစိတ်သက်သာရာ ရသွားတဲ့ပုံပဲ။ ပြီးတော့ ကြည့်ရတာ သူကခါးသီးတဲ့အပြုံး ပြုံးနေတဲ့ပုံပဲ။ သူကရှောင်ရှုံးကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ငါသူမကို တွေ့ချင်တယ်"
ရှောင်ရှုံးက တိုးတိုးပြောလိုက်တယ်။
"ကောင်းပြီလေ"
"မင်ယွဲ့၊ ချောင်ယွမ်"
ရှောင်ရှုံးက ရုတ်တရက် အော်ခေါ်လိုက်ပြီးတော့ လူငယ်နှစ်ယောက်က တံခါးကိုဖွင့်ပြီး အမြန်ပဲ ဝင်လာခဲ့ကြတယ်။ ရွှမ်ဖေးက သူတို့ကိုကြည့်လိုက်ပြီး သူ့လေသံက ချက်ချင်းပဲ အေးစက်လာတယ်။
"ငါနန်းတော်အပြင်ကို သွားမလို့။ ငါနန်းတော်ကို ပြန်မလာခင်မှာ အထဲက ကိစ္စတွေကို ပြီးအောင်လုပ်ထား"
"အရှင်မင်းသား အဲ့လိုသွားလို့ မရပါဘူး"
ချောင်ယွမ်က စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။
"နန်းတော်အပြင်ကို ခွင့်ပြုချက်မရှိဘဲ သွားဖို့က အရမ်းအန္တရာယ်များပါတယ်။ တကယ်လို့ အရှင်မင်းကြီး လာပြီးစစ်ဆေးရင် နန်းတော်ထဲက လူတော်တော်များများက အရှင်မင်းသားကို အပြစ်ပြောလိမ့်မယ်။ အရှင်မင်းသား ဒီကိစ္စကို တစ်ခြားတစ်ယောက်ကို ပို့လို့မရဘူးလား"
"ငါကသခင်လား မင်းကသခင်လား "
ရွှမ်ဖေးက မေးလိုက်တယ်။