အခန်း (၂၂၂)
ကျင်းအာနဲ့ လုကျူးကြားက စကားများမှုက နောက်တစ်နေ့မှာ ကျင်းရင်ဝမ်အိမ်တော်ထဲမှာ ပြန့်သွားခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ နည်းနည်းကွဲပြားသွားပြီ။ ကျင်းအာက လုကျူးကို အနိုင်ကျင့်တယ်ဆိုပြီးတော့ ကျင်းရင်ဝမ်အိမ်တော်ကလူတွေက ယုံကြည်ကြတာဖြစ်တယ်. ကျင်းရီရဲမက်တွေက လုကျူးဘက်ကနေ ပါနေကြတာဖြစ်တယ်။ လုကျူးက ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ ကောင်မလေးဖြစ်တယ်။ ဒီတော့ ကျင်းအာက ယောကျာ်းလေးတစ်ယောက်အနေနဲ့ လုကျူးလို မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တာမှားတယ်။ အိမ်တော်ထိန်းလင်းက အရမ်းစိတ်တိုနေခဲ့ပြီး ကျင်းအာကို ဆူနေခဲ့တယ်။ ရဲ့ဖန်းနဲ့ ကျင်းရီတို့ကလည်း ကျင်းအာနဲ့ နာရီဝက်လောက် ပြောနေကြပေမဲ့ ကျင်းအာက အစကနေ အဆုံးထိ တိတ်ဆိတ်နေခဲ့တယ်။
အကုန်လုံးက လုကျူးအတွက် စပြီးစိတ်ပူနေကြပေမဲ့ လုကျူးကတော့ သူမ လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေခဲ့ပြီး ဒီအဖြစ်အပျက် မဖြစ်ခဲ့သလိုပဲ။ သူမ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုထားပြီး အလုပ်လုပ်နေခဲ့တယ်။ ဒါပေမဲ့ လုကျူးက ဒီလိုမျိုး ဖြစ်လေလေ အကုန်လုံးက သူမ အတော်လေး ခွင့်လွှတ်တတ်တာပဲလို့ ခံစားမိပြီး အဲဒါ ပိုပြီးတော့တောင် စိတ်ညစ်စရာကောင်းသွားတယ်။
ကျန်းယွမ် ကျင်းအာရဲ့ အပြုအမူကို သဘောမကျပေမဲ့ သူမ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ကြားက ကိစ္စတွေကို ဝင်မရှုပ်ချင်ခဲ့ဘူး။ လုကျူးကလည်း သူမကို ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူဖို့ အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒါပေမဲ့လည်း ကျန်းယွမ် လုကျူးအတွက် စိတ်မကောင်းဖြစ်နေသေးဆဲပဲဖြစ်တယ်။
အဲ့နေ့ နေ့လည်ခင်းမှာ လုကျူး ကျန်းယွမ်နဲ့ လာစကားပြောတယ်။ လန်ချောင်က ဝယ်စရာတစ်ခုခုရှိတယ်လို့ ပြောလိုက်တဲ့အချိန်မှာ လုကျူးက သူမ သွားဝယ်လိုက်မယ်လို့ပြောတယ်။ လန်ချောင်ကပြောလိုက်တယ်။
"ဒီအစေခံကလည်း တစ်ခုခုဝယ်စရာရှိတော့ ဒီအစေခံ လုကျူးနဲ့ သွားလိုက်မယ် သခင်မလေး။ သခင်မလေးအတွက် မုန့်တချို့ ဝယ်လာခဲ့လို့လည်း ရတာပေါ့"