Chapter 1

22.9K 740 5
                                    

Chapter 1 - ၂၅ နှစ်ခန့် ကြာပြီးနောက်


"ကျွန်မ၂၅ နှစ်တောင် အိပ်ပျော်နေခဲ့တယ် ဟုတ်လား ..."

ကုယွမ် ဒီအကြောင်းကို ကြားလိုက်ရတဲ့အခါ မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူမရဲ့ မျက်ဝန်းနက်တွေမှာလည်း ရှုပ်ထွေးနေပုံပေါ်နေတယ်။ သူမ ဒေါက်တာချန်းကို နားမလည်နိုင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

အသက် ၁၈ နှစ်အရွယ် သူမမှာ ရှားပါးတဲ့ရောဂါတစ်မျိုး ခံစားနေရပြီး ရောဂါကလည်း ကျွမ်းနေခဲ့ပါပြီ။ အချိန်ကြာလာတာနဲ့အမျှ ဒီရောဂါကိုကုသနေရင်း သူမရဲ့ပညာရေးကိုပါ အနှောင့်အယှက်ဖြစ်လာခဲ့တယ်။

နှစ်နှစ်ကြာကုသပြီးတဲ့နောက်မှာတော့ သူမရဲ့တာဝန်ကျဆရာဝန်က နောက်ဆုံးအကြိမ်အနေနဲ့ ခွဲစိတ်ကုသဖို့ကို ဆုံးဖြတ်စေခဲ့ပါတယ်။ ဒီခွဲစိတ်မှုရဲ့ အောင်မြင်နိုင်ခြေကတော့ 0.005%သာ ရှိပြီး ဖြစ်နိုင်ချေရလဒ်ကလည်း အောင်မြင်ခြင်း နဲ့ ကျရှုံးခြင်း နှစ်မျိုးသာ ရှိခဲ့တယ်။
အောင်မြင်ရင် ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်ပြီး ကျရှုံးရင်တော့ သူမ သေရမှာပါ။

အခုမှနိုးလာတဲ့ ကုယွမ်က ဒီခွဲစိတ်ကုသမှုဟာ အောင်မြင်သွားလို့ဘဲလို့ တွေးလိုက်တယ်။
သူမက ခေါင်းလေးစောင်းပြီး သူ့ရှေ့မှာ ရပ်နေတဲ့ ဆရာဝန်ကို ကြည့်လိုက်တယ်။ ဆရာဝန်ရဲ့ မျိုးရိုးနာမည်က ‘ချန်း’ လို့ သိရပြီး သူဟာ အသက် ၅၀ အရွယ် ရှိနေပါပြီ။ ဒါ့အပြင် သူ့ကိုယ်သူ ဒေါက်တာလျိုရဲ့ တပည့်လို့တောင် ပြောနေသေးတယ်။

အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ဒေါက်တာလျိုက ဘယ်လိုလုပ်ပြီး အသက် ၅၀အရွယ် တပည့်တစ်ယောက် ရလာတာတုန်း ...

၂၅ နှစ်ကြာ အိပ်ပျော်နေခဲ့ပြီး ခုမှ နိုးလာတဲ့ သူမအဖို့ လောကကြီးက အများကြီးပြောင်းလဲနေလေပြီ။
ဘယ်သူမဆို ဒီလိုအခြေအနေကိုသာကြုံရရင် လက်ရှိကိုနားလည်ဖို့ ခဲယဥ်းနေနိုင်ပါတယ်။

‘‘ဟုတ်ပါတယ်’’ ဒေါက်တာချန်းက ဟန်မပျက် တည်တည်ငြိမ်ငြိမ် ဖြေလိုက်ပေမယ့်လည်း တင်းတင်းဆုပ်ထားတဲ့ လက်သီးတွေက သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပါဘူး။

မအောင်မြင်တဲ့ ခွဲစိတ်မှုကြောင့် ၂၅ နှစ်ကြာ အေးခဲခံထားထားရတဲ့လူနာက သတိပြန်ရလာတယ်။ ဘာကြောင့်များပါလိမ့်။

အံ့ဖွယ်သရဲဖြစ်ရပ်လား… ဆေးပညာမှာ သမိုင်းဝင်ဖြစ်စဥ်လား… ဒေါက်တာချန်းဟာ ရာဇဝင်မှာ မှတ်တမ်းတင်ရလောက်တဲ့ မြင်ကွင်းကို သူ့မျက်စိနဲ့ သက်သေအဖြစ်မြင်နေရတယ် ဆိုတဲ့ အတွေးတွေးမိပြီးနောက် ဆုပ်ထားတဲ့လက်သီးတွေတောင် တုန်ခါကုန်တယ်။

‘‘ကျွန်မကို ကြည့်မှန်တစ်ချပ်လောက် ယူလာပေးလို့ရမလား ’
အတော်ကြာ ဝေခွဲမရဖြစ်ပြီးချိန်မှာတော့ ကုယွမ်ဟာ တောင်းဆိုချက်တစ်ခုကို စတင်လိုက်ပါပြီ။

‘‘ဪ…မှန်လား’’ ဒေါက်တာချန်းက အမြန်ဖြေလိုက်ပြီး သူနာပြုကို မှန်တစ်ချပ်ယူလာဖို့ အလျင်စလို ပြောလိုက်တယ်။

ကုယွမ်က မှန်ထဲကို အတန်ကြာအောင် စိုက်ကြည့်နေပြီး ပါးစပ် ဟကြည့်လိုက်၊ မျက်လုံးအပိတ် အဖွင့်လုပ်ကြည့်လိုက်နဲ့ မှန်ထဲမှာမြင်နေရတဲ့ သူ့ကိုယ်သူ အတည်ပြုနေတယ်။
အနည်းငယ်ပြည့်ဖောင်းနေတဲ့ မျက်နှာလေးနဲ့ နူးညံ့တဲ့ နို့နှစ်ရောင် အသားအရေကို ပထမဆုံး မြင်ရတယ်။ အရေပြားတွန့်နေတာတွေ မရှိဘူး။ မျက်လုံးတွေကလည်း ရွှန်းလဲ့တောက်ပနေဆဲဘဲ။ မျက်လုံးထောင့်မှာလည်း ကျီးခြေလို အိုမင်းတဲ့လက္ခဏာတွေ မရှိဘူး။

သူမကို ကလေးဘဝတည်းက ‘‘သိပ်လှတာဘဲ’’ လို့ တွေ့တဲ့လူတိုင်းက ချီးမွမ်းခဲ့ကြတယ်။ သူမ  အသက် ၁၇ နှစ်မှာ ရုပ်ရှင်ကျောင်းကို လျှောက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ကျောင်းနားခဲ့ရတယ်လေ။

အဖြစ်မှန်ကို ကြားပြီးတဲ့နောက် ရုတ်တရက်တွေဝေပြီး နားမလည်နိုင်ဖြစ်သွားပေမယ့် သူမကိုယ်သူမ နုပျိုနေဆဲ မျက်နှာလေးနဲ့ တွေ့လိုက်ရတော့ စိတ်သက်သာရာရသွားတော့တယ်။

‘‘အဲတော့ ရှင်က ၁၉** ခုနှစ်မှာ မွေးတာပေါ့… ဟုတ်လား ဒေါက်တာချန်း’’

‘‘ဟုတ်ပါတယ်’’ သူမအိပ်ပျော်သွားတာ ၂၅ နှစ်တောင် ကြာခဲ့ပြီဆိုတော့ ဒေါက်တာချန်းက တကယ်ကို ကိုယ်ချင်းစာမိတယ်၊ ဒီလို အဖြစ်အပျက်မျိုးက ဘယ်သူ့အတွက်မဆို လက်ခံနိုင်ဖို့ ခက်ခဲတယ် မဟုတ်လား။ ဒါကြောင့်လည်း သူမ နားလည်လက်ခံနိုင်ဖို့ကို ဘေးကနေ ဂရုတစိုက် ကူညီပေးနေတာပါ။ ‘‘ကျွန်တော်က ၁၉** ခုနှစ်မှာ မွေးတာပါ။ မင်းရဲ့ ခွဲစိတ်မှုမအောင်မြင်တဲ့နှစ်က ကျွန်တော်က ၂၅ နှစ်ရှိပြီး မင်းထက် အသက်ငါးနှစ်ကြီးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဆေးကျောင်းသား အလုပ်သင်လေးပဲ ရှိသေးတာဗျ’’

‘‘ကျွန်မ နားလည်ပါပြီ’’ လို့ ကုယွမ်က တိုးတိုးလေးရေရွတ်တယ်။ ဒါပေမဲ့ သူမရဲ့ စိတ်ထဲမှာတော့ အနည်းငယ် မတင်မကျဖြစ်နေတုန်းပါပဲ။

သူမထက် ၅ နှစ်သာကြီးတဲ့ လူတစ်ယောက်။ သူမနဲ့မတိမ်းမယိမ်းရွယ်တူပဲထားပါတော့။ အခု အသက် ၅၀ အရွယ် သူမ အဖေလို လူကြီးတစ်ယောက် ဖြစ်နေပါရောလား။ သူမကိုယ်တိုင်ကရော ဘာလဲ။ အပင်တွေလို ဗီဇမျိုးစပ်ခံရတာလား။ တစ်ဖန်ပြန်လည်မွေးဖွားလာတာလား။
ထာဝရ နုပျိုနေတော့မှာလား။

ကုယွမ်ရဲ့ လက်ခံနိုင်စွမ်းကို အပြင်ပန်းအရ အကဲခတ်ပြီးတော့ ဒေါက်တာချမ်းတစ်ယောက် စိတ်သက်သာရာရသွားတယ်။ သူက ကုယွမ်ကို အဲဒီနှစ်တုန်းက ခွဲစိတ်မှုအကြောင်း သိသင့်တာတွေကို ရှင်းပြပြီး ရှေ့လျှောက် လိုက်နာသင့်တဲ့အချက်တွေကို သတိပေးတယ်။

နောက်ကြောင်းပြန်ရရင်တော့ သူမရဲ့ သေရေးရှင်ရေးခွဲစိတ်မှုအတွက် ဒေါက်တာလျိုကိုယ်တိုင် အားထုတ်ကြိုးစားပေးခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်နေရင်း အချိန် ၄ ပုံ ၃ ပုံလောက် ကုန်လာတော့ ဒေါက်တာလျိုက ခွဲစိတ်မှုကို ကျရှုံးစေနိုင်တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကို သတိထားမိပြီး လက်ဦးမှုရယူလိုက်ပါတယ်။

ဒါက နောက်နည်းလမ်းတစ်မျိုးသုံးပြီး ကုယွမ်ရဲ့  ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ကျန်းမာကောင်းမွန်နေတဲ့ အခြေအနေဖြစ်အောင် ခဲထားလိုက်တာပါ။ ဒါပေမဲ့ ရိုးရိုးရေခဲရိုက်တာနဲ့ မတူတဲ့အချက်ကတော့ ဆဲလ်တွေက ပုံမှန်အလုပ်လုပ်နေပြီး အသက်သေမဲ့အရေးကနေ ကာကွယ်နိုင်တာပါဘဲ။

ဒီခွဲစိတ်မှုကြီးမှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို သူကျော်လွှားနိုင်သရွေ့ ဒေါက်တာလျိုဟာ ကုယွမ်အတွက် ခွဲစိတ်မှုအသစ်တွေ ကြိုးစားလုပ်ဆောင်နိုင်ဆဲပါပဲ။

ဆေးပညာက နှစ်ပေါင်းအစိတ်အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့သလို ဒေါက်တာလျိုကလည်း အေးခဲနေတဲ့ ကုယွမ်အတွက် ကုထုံးအချို့ကိုသုံးပြီး ကြိုးစားကုသပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွမ်းနေတဲ့ရောဂါကို ပျောက်ကင်းအောင် လုပ်ဆောင်နိုင်ခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ဟာ လုံးဝကျန်းမာနေပါပြီ။

‘‘တကယ်တော့ မင်းဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက ရောဂါသက်သာခဲ့ပြီးသားပါ။ ဒါပေမဲ့ အေးခဲနေတဲ့နေရာကနေ ရွှေ့ပြီးတာတောင် ဘယ်လိုကြောင့်မှန်းအဖြေရှာမရဘဲ မင်းရဲ့ ခန္ဓာကိုယ်က ဆဲလ်တွေက အိပ်မြဲအတိုင်း ဆက်အိပ်နေတယ်လေ။

မင်းရဲ့ခန္ဓာကိုယ်ဖြစ်စဉ်တွေ ပုံမှန်လည်ပတ်နေအောင် ကူညီပေးရုံကလွဲပြီး ငါတို့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် မင်း အခုလို ရုတ်တရက်ကြီး နိုးလာလိမ့်မယ်လို့လည်း ငါတို့ လုံးဝမထင်ထားခဲ့ကြဘူး’’

အချိန်တွေကြာလာတဲ့အခါ ကမ္ဘာကြီးက အများကြီးပြောင်းလဲနေခဲ့ပါပြီ။ သူမကို လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ကုသပေးခဲ့တဲ့ ဒေါက်တာလျိုကလည်း အခုဆို ဆေးပညာနယ်ပယ်မှာ နာမည်ကြီးတဲ့ ထိပ်တန်း ဆရာဝန်တစ်ယောက်ဖြစ်နေပါပြီ။

ကုယွမ်ဟာ ဒေါက်တာချန်းပြောပြတဲ့ ခေတ်ပေါ်သိပ္ပံနည်းပညာတွေအကြောင်းကို နားထောင်ခဲ့ပြီး ဒေါက်တာချန်း ညွှန်ပေးတဲ့ စိတ်ပညာရှင်ရဲ့ ဆွေးနွေးအကြံပြုတာကို လက်ခံလိုက်တယ်။ အခုဆို သူမဟာ တဖြည်းဖြည်းနဲ့ လက်တွေ့ဘဝကို အရှိအတိုင်း လက်ခံလိုက်ပါပြီ။

‘‘ဟို…ကျွန်မ အခုဒီနေရာကနေ သွားလို့ရပြီလားဟင်’’
ကုယွမ်က တစ်ကိုယ်လုံးကျန်းမာရေးစစ်ဆေးတာကို ခံယူဖို့ သဘောတူလိုက်ပြီး အရာအားလုံးကလည်း  နေကောင်းတဲ့ပုံပါဘဲ။
ဟုတ်ပါတယ် အခုဆို သူမရဲ့ ခန္ဓာကိုယ်က တကယ့်ကို ကျန်းမာနေပါပြီ။

ပြတင်းပေါက်အပြင်ဘက်ကြည့်လိုက်တဲ့အခါ မိုးကောင်းကင်က ဟိုးအဝေးမှာ တိမ်ကင်းစင်ပြီး ကြည်လင်နေလိုက်တာ။ သူမလည်း အပြင်လောကကို သွားကြည့်ချင်နေပြီ။

သူမ အသက် ၁၈ နှစ်တည်းက ဒီအဆောက်အအုံထဲမှာ နေခဲ့ရပြီး ပြင်ပလောကနဲ့ သီးခြားနေခဲ့ရတာ ကြာလှပါပြီ။

‘‘ဒါပေါ့ မင်းသွားနိုင်ပါတယ်’’  ဒေါက်တာချန်းက ခပ်သွက်သွက်ဖြေလိုက်တယ်။ ‘‘ဒါပေမဲ့ မင်း ပါမောက္ခလျိုကို စောင့်ချင်သေးလား။ အခု ပါမောက္ခလျိုက နိုင်ငံခြားမှာ အရမ်းအရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပနေတာ။ ဒါကြောင့် မင်းကို အခုချက်ချင်းလာမတွေ့နိုင်တာ။ ဒါပေမဲ့ သူ ရက်ပိုင်းအတွင်း ပြန်ရောက်ပါလိမ့်မယ်။ မင်းနိုးလာတာသိရင် သူအရမ်းစိတ်လှုပ်ရှားပြီး မင်းကို တွေ့ချင်နေမှာ’’

ဒေါက်တာချန်းက ဒီအကြောင်းပြောနေတုန်းမှာ သူ့ပုံစံက နည်းနည်း ဂနာမငြိမ်ဖြစ်နေပြီး သူမကိုလည်း ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေခဲ့တယ်။ ကုယွမ်က သူ့အတွေးနဲ့သူ မျောနေပြီး ဒေါက်တာချန်းရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကို သတိမထားမိခဲ့ဘူး။

သူမရဲ့ မှတ်ဉာဏ်ထဲမှာတော့ ပါမောက္ခလျိုဟာ (၂၈)နှစ်အရွယ် ထက်မြက်တဲ့ လူငယ်ဆရာဝန် တစ်ဦးသာ ဖြစ်ပါတယ်။ သူက ၂၈ နှစ်ဘဲ ရှိသေးတယ်ဆိုပေမယ့် သူမရဲ့ ရှားပါးခက်ခဲတဲ့ ရောဂါဆန်းကိုကုသဖို့ တာဝန်ယူထားတဲ့ ခေါင်းဆောင်ဆရာဝန် ဖြစ်နေပြီ။

ကုယွမ် မှတ်မိနေတဲ့ ပါမောက္ခလျိုရဲ့ ပုံစံကတော့ ရည်ရည်မွန်မွန်နဲ့ ကျက်သရေရှိပြီး ယဉ်ကျေးတယ်။ ဂျူတီကုတ် အဖြူရောင် ဝတ်လေ့ရှိပြီး သိမ်မွေ့ခံ့ညားတဲ့သူပါ။ အို ... အကုန်ကုန် ပြောရရင် သူ့ တစ်ကိုယ်လုံးက အရောင်အဝါတွေထွက်နေပြီး ထူးချွန်ပြောင်မြောက်တဲ့ အသွင်အပြင်ကို ဖော်ပြနေသလိုဘဲ။

ဒါတွေက လူနာဖြစ်ပြီးနောက်ပိုင်းမှာ သူမရဲ့မသိစိတ်ကနေ ဆရာဝန်အပေါ် အားကိုးမှီခိုစိတ်ကြောင့် ခံစားရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူမဟာ ပါမောက္ခလျိုကို အရမ်းသဘောကျခဲ့တာ။ အထူးသဖြင့် ချန်းရန်ရဲ့ သစ္စာဖောက်ခံရပြီးမှာပေါ့။

စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကုယွမ်ဟာ သူမရဲ့မျှော်လင့်ချက်တွေအကုန်လုံးကို ပါမောက္ခလျို အပေါ်မှာပဲ ပုံအပ်ထားခဲ့ပါတယ်။

တစ်ချိန်တုန်းက ရည်မွန်ခံ့ညား ကျက်သရေရှိလှတဲ့  ပါမောက္ခလျိုဟာ အခုအချိန်မှာ ၅၃ နှစ်တောင် ရှိနေရောပေါ့။ အခုဆို အဘိုးကြီး ဖြစ်နေလောက်မလား…

ကုယွမ်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ‘‘အနာဂတ်မှာ အခွင့်အရေးရှိခဲ့ရင် ကျွန်မတို့ တွေ့ကြသေးတာပေါ့။ အခုတော့ ကျွန်မ အိမ်ဘဲပြန်ချင်တယ်’’

အရာဝတ္ထုတွေက တသတ်မတ်တည်းပေမယ့် လူတွေကတော့ ပြောင်းလဲခဲ့ပါပြီ။ လှပတဲ့မှတ်ဉာဏ်ပုံရိပ်တွေကို ဒီအတိုင်းမပြောင်းမလဲ ထိန်းသိမ်းထားတာက ပိုကောင်းပါတယ်လေ။

***************

ကုယွမ်က ဆေးရုံဆင်းဖို့အတွက် လိုအပ်တဲ့ကိစ္စတွေကို အလျင်အမြန်ပဲ လုပ်ဆောင်လိုက်ပါတယ်။ အဆောက်အအုံထဲက စပ်စုတဲ့သူတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေကြားကနေ ကြင်နာတတ်တဲ့ဒေါက်တာချန်းရဲ့နောက်ကိုလိုက်ပြီး သူမရဲ့ ခရီးဆောင်သေတ္တာလေးကို တွန်းကာ လေဆိပ်ဆီကို ထွက်လာခဲ့ပါတယ်။

သေတ္တာလေးထဲမှာတော့ ရိုးရိုးရှင်းရှင်း အဝတ်အစားတွေနဲ့ ဒေါက်တာချန်းက သူမအတွက် ပြင်ဆင်ထည့်ပေးထားတဲ့ ပစ္စည်းတွေပဲ ပါတယ်။ ဒေါက်တာချန်းက သူမရဲ့ မှတ်ပုံတင်နဲ့ မခွဲစိတ်ခင်တုန်းက သူမရဲ့ပိုက်ဆံအိတ်ထဲ ပါလာတဲ့ ငွေသားအချို့ကိုလည်း ပြန်ပေးပါသေးတယ်။

ဒေါက်တာချန်းက သူမကို လေဆိပ်အထိ လိုက်ပို့ပေးပြီး ‘‘မင်းရဲ့ကျန်းမာရေးအတွက် ပုံမှန်ဆေးစစ်တာတွေလုပ်ဖို့ အချိန်မီပြန်လာဖို့ မမေ့နဲ့ဦးနော်’’ လို့ ထပ်သတိပေးပြန်တယ်။

‘‘မမေ့ပါဘူး၊ ကတိပေးပါတယ် ဆရာရယ် ’’ လို့ ကုယွမ်က ပြောပြီး တာ့တာပြကာ နှုတ်ဆက်လိုက်ပါတယ်။ စိတ်ထဲမှာတော့ ကျေးဇူးတင်ရင်းပေါ့။

ဒါပေမဲ့ ဒေါက်တာချန်းကို ကြည့်ရတာ တစ်ခုခုကို ပြောချင်နေပုံပါဘဲ။ ပြောသင့်မပြောသင့် တုံ့ဆိုင်းပြီး ဝေခွဲမရဖြစ်နေတဲ့ပုံပေါ်တယ်။

ကုယွမ်က သူ့ခြေလှမ်းတွေကို ရပ်တန့်ပြီး
‘‘ကျွန်မကို တစ်ခုခုပြောချင်နေတာများ ရှိလား ဒေါက်တာ’’ လို့ မေးလိုက်တယ်။

‘‘မင်း အဲဒီအချိန်တုန်းက အေးခဲထားခဲ့တဲ့ မမျိုးဥ ၅ ဥကို မှတ်မိသေးလား’’ ဒေါက်တာချမ်းက နောက်ဆုံးမှာတော့ စိတ်ပိုင်းဖြတ်ပြီး မေးလိုက်နိုင်ပါတယ်။

ကုယွမ်ဟာ ကျောက်ရုပ်လို ခဏလောက်တုံ့ဆိုင်းသွားပြီး မကြာခင်မှာပဲ သူမ သတိရသွားပါပြီ။
 
ဆေးကုသမှုခံယူနေစဉ်အတောအတွင်း သူမမှာ အစွမ်းထက်တဲ့ မျိုးရိုးဗီဇပိုင်ဆိုင်ထားတာကို သိလိုက်ရတယ်။ ဆရာဝန်တွေ စကားအရတော့ ဉာဏ်ကြီးရှင်ဗီဇတဲ့။ ဒီလိုမျိုးရှားပါးတဲ့ မျိုးဗီဇတွေ အလဟဿပျောက်ကွယ်သွားရင် လူသားတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လိမ့်မယ် ဆိုလို့ သူမဟာ သူမရဲ့ခန္ဓာကိုယ်ကနေ မမျိုးဥ ၅ ဥထုတ်ထားဖို့ သဘောတူခဲ့ပါတယ်။

သူမစိတ်ထဲ စနိုးစနောင့်ဖြစ်သွားပြီး ဒေါက်တာချန်းကို ကြည့်လိုက်ပါတယ်။ "အဲဒီတော့…"

"မင်းရဲ့ အဲဒီမျိုးဥ(၅)ဥက အသက်ဝင်လာကြတယ်"
ဒေါက်တာချန်းက လေးလေးနက်နက်ပြောလိုက်တယ်။

ကုယွမ်ရဲ့မျက်လုံးတွေ ချက်ချင်းပြူးသွားတယ်။
တစ်စုံတစ်ယောက်ကနေ ‘မင်းရဲ့ဥတွေက အကောင်ပေါက်လာတယ်’လို့ အပြောခံလိုက်ရသလိုပါဘဲ။

ဒေါက်တာချန်းက "အဲဒီ ၅ဥလုံး အသက်ရှင်နေကြတယ်" လို့ ပြောပြီး ဘယ်လိုဆက်ပြောရမလဲ ခက်နေတယ်။ "သား(၅)ယောက်။ သူတို့ထဲက အကြီးဆုံးက (၂၄)နှစ်ရှိပြီ"

ကုယွမ် ဘာမှမပြောနိုင်တော့ပါဘူး။
ဒေါက်တာချမ်းက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး "ကုယွမ် မင်းငါ့ကိုလိုအပ်ရင် ငါဆက်ပြောပေးနိုင်ပါတယ်"

ကုယွမ်က ခေါင်းခါလိုက်ပြီး "ဟင့်အင်း ဟင့်အင်း ဟင့်အင်း" လို့သာ တွင်တွင်ပြောနေတော့တယ်။

သူမဟာ တကယ်တမ်း (၄၅) နှစ်ရှိပြီဆိုပေမဲ့ သူမကိုယ်သူမ ရောဂါခံစားနေရပြီး ကျောင်းတက်ချင်နေတဲ့ (၁၈) နှစ်အရွယ် မိန်းမပျိုလေးလို့ ခံစားနေရဆဲပါ။

ကုယွမ်ဟာ ဒေါက်တာချမ်းပြောတာတွေ ဆက်မကြားနိုင်တော့ဘဲ ချာခနဲလှည့်ထွက်ပြီး ပြေးလုမတတ် ခက်သွက်သွက် လျှောက်ခဲ့ပါတော့တယ်။ တော်တော်လျှောက်ပြီးတာတောင် သူမရဲ့စိတ်က မတည်ငြိမ်သေးပါဘူး။ ‘ငါ လက်မထပ်ရသေးဘူး၊ ဘဝကိုတောင် မဖြတ်သန်းရသေးဘူး။  ဒါပေမဲ့ ငါ့မှာ သားတွေရှိနေတယ်ဆိုပါလား။ အကြီးဆုံးက (၂၄)နှစ်တောင် ရှိပြီတဲ့။ အတွေးနဲ့တင် ဆန်းကြယ်လိုက်တာနော်’

ကုယွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ ဒီအကြောင်းကိုလည်း ထပ်မတွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
‘ဒါက ဥလေး၅ဥပဲ။ ငါတောင် မြင်မှမမြင်ဖူးတာ။ ငါနဲ့ ဘာမှမဆိုင်ဘူး’
ဟုတ်တယ် သူမနဲ့ မဆိုင်ပါဘူးလို့ ကုယွမ် စိတ်ပိုင်းဖြတ်ပြီး နောက်ဆုံးမှာတော့ လေဆိပ်ဆီကိုဘဲသွားဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီ ၂၅ နှစ်တာကာလအတွင်းမှာ အပြောင်းအလဲတွေက ကြီးလွန်းပါတယ်။ ပြောင်းလဲနေတဲ့ လေဆိပ်ရဲ့ အသွင်အပြင်တွေကို ငေးရင်း check in ဝင်ဖို့ လူအုပ်ကြားထဲတန်းစီလိုက်တယ်။

ဝန်ထမ်းက ကုယွမ်ကို တစ်ချက်ကြည့်ပြီး
"ဒါ ရှင့်ရဲ့ မှတ်ပုံတင်လား"

"ဟုတ်ပါတယ်"

သူမရဲ့ မှတ်ပုံတင်ကို ဒေါက်တာချန်းက လွန်ခဲ့တဲ့ ၂ ရက်က အသစ်ပြန်လဲပေးထားတာပါ။ ဒေါက်တာချန်းပြောပုံအရတော့ ဒီကဒ်ကို အဆင့်မြှင့်ထားပြီး ဘူတာရုံ လေဆိပ် စသဖြင့် နေရာတိုင်းမှာ သုံးလို့ရတယ်ပြောတယ်။ ကုယွမ်အတွက်တော့ အဆန်းတွေချည်းပါပဲ။ သူမရဲ့ မှတ်ဉာဏ်ထဲမှာတော့ ခေတ်ဟောင်းကတ်ပုံစံကဒ်တွေကိုပဲ မြင်ယောင်နေမိပါသေးတယ်။

ဝန်ထမ်းက ကုယွမ်ကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်ပြီး
"ရှင်က ဒီနှစ်မှာ ၄၅နှစ် ပြည့်မှာလား"

ကုယွမ်က ခဏငြိမ်ပြီး ခေါင်းညိမ့်ကာ
"ဟုတ်၊ ကျွန်မက ၄၅နှစ် ရှိပါပြီ"

ဝန်ထမ်းက ထပ်စစ်ဆေးပြီး ကတ်ပေါ်က ဓာတ်ပုံကိုကြည့်ကာ လက်ခံလိုက်ပါတယ်။ ကုယွမ်ကို ဘာမှထပ်မမေးဘဲ သွားခွင့်ပြုလိုက်တယ်။

ကုယွမ်ရဲ့နောက်မှာ တန်းစီနေတဲ့လူတွေက သူမ ပြောနေတာတွေကြားသွားပြီး သူမကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ကြတယ်။

"ဒီခပ်ပြည့်ပြည့်ကောင်မလေးက ချစ်စရာလေး။အသားအရေက ဖြူဖွေးနူးညံ့နေတာဘဲ။ မျက်လုံးတွေကလည်း ဝိုင်းစက်တောက်ပနေလိုက်တာ။ ဒီလိုကောင်မလေးက ဘယ်လိုလုပ် ၄၅ နှစ် ဖြစ်နိုင်မှာလဲ။ လိမ်နေတာလား၊ အလှအပရေးရာ ခွဲစိတ်မှုတွေက ခေတ်မီလာပေမယ့် ခွဲစိတ်ထားတဲ့အလှနဲ့ ပင်ကိုနုပျိုတဲ့အလှတရားက အသိသာကြီး ကွဲပြားတယ်လေ။ ဒီမိန်းကလေးကိုကြည့်ရတာ အခုမှ တက္ကသိုလ်တက်မယ့် မိန်းကလေးလိုဘဲ"

မယုံနိုင်သလိုကြည့်ကြတဲ့ မျက်ဝန်းတွေကို ကျော်ဖြတ်ရင်း ကုယွမ်ဟာ အသာလေး ခေါင်းငုံ့ကာ အထုပ်ကိုဆွဲပြီး လေယာဉ်ဆီကို ခပ်သုတ်သုတ် သွားလိုက်တယ်။ လေယာဉ်လက်မှတ်က စျေးကြီးတာကြောင့် လေဆိပ်က သူမကို စီးခွင့်မပြုမှာကို စိုးရိမ်နေခဲ့တာ။ လေယာဉ် ချောချောမွေ့မွေ့ဆိုက်မှပဲ သူမ စိတ်အေးရတော့တယ်။

သူမ ဟိုကြည့်ဒီကြည့်ကြည့်လိုက်တော့ လူတိုင်းက လေးထောင့်ဆန်ဆန် အီလက်ထရောနစ် မျက်နှာပြင်တွေကို ခေါင်းငုံ့ပြီး ကြည့်နေကြတာပါ။ သူမ ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတဲ့ ဂိမ်းစက်လိုပဲလား၊ ဘာပါလိမ့်ဆိုတာ တွေးနေရင်း ကုယွမ်စိတ်ရှုပ်လာတယ်။ ‘ဒါက အသစ်ထွင်ထားတဲ့ ဂိမ်းစက်များလား။ ငါဆော့ဖူးခဲ့သလို ပျော်စရာကောင်းလား မသိဘူး’

သူမ လေဆိပ်ထဲက ထွက်လာတော့ ဒေါက်တာချန်း သင်ပေးလိုက်သလိုပဲ တက္ကစီတစ်စီး ငှါးလိုက်ပါတယ်။ တက္ကစီက လမ်းမကြီးပေါ်မောင်းနေတဲ့တလျှောက် ကုယွမ်က ပြတင်းပေါက်ကနေ မြို့မြင်ကွင်းကို ငေးနေပါတယ်။

ဒီကြားထဲ ၂၅ နှစ် ကြာမြင့်ခဲ့ပြီ။ ဒီအတောအတွင်း သိပ္ပံနဲ့နည်းပညာတွေ အများကြီး တိုးတက်ခဲ့ပြီဆိုတာ လက်ခံထားပေမယ့် ကိုယ်တိုင်ကိုယ်ကျမြင်ရတော့လည်း ကုယွမ်အတွက် အံ့ဩစရာတွေချည်းပါဘဲ။

တက္ကစီရပ်သွားတဲ့အခါ ကုယွမ်ကို ကားငှါးခ ၁၂၀  ယွမ်တောင်းတော့ သူမ ကားဆရာကို အံ့အားသင့်ပြီး ကြည့်နေမိတယ်။ ၂၅ နှစ်ကြာပြီးတဲ့နောက်မှာ တက္ကစီခတွေက ဒီလောက်ထိ စျေးတက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

သူမရဲ့အဖေလို လစာကောင်းတဲ့သူတောင်မှ တစ်လလုံးမှ ယွမ် ၁၀၀၀ ဘဲ ရတာ။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ၁၂၀ ယွမ် ဟုတ်လား၊ အရမ်းစျေးများတာပဲ။ ဒီမှာကားဆရာအစ်ကိုကြီး၊ ရှင် ကျွန်မကို ဒီလိုလူလည်ကျလို့မရဘူး။ ဒါဓားပြတိုက်နေတာပဲ"

ကားဆရာ : " စျေးကြီးတယ် ဟုတ်လား၊ မင်းက ဒါကိုစျေးကြီးတယ်ထင်နေတာလား၊ ဒါက မီတာနဲ့ တွက်တဲ့ စျေးနှုန်းကွ၊ ငါလိမ်နေတယ် ထင်နေတာလား၊ ငါက ဒီလိုလူစားမျိုး မဟုတ်ဘူး"

ကုယွမ် : " … "

ကားဆရာကို ဘယ်လိုမှ ပြောမရတဲ့နောက်တော့ ကုယွမ် ၁၂၀ ယွမ် ကိုဘဲ ရင်နာနာနဲ့ ပေးလိုက်ရတယ်။ ပိုက်ဆံရပြီးတဲ့နောက်မှာတောင် ကားဆရာက ကားမထွက်ခင် သူမကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်သွားသေးတယ်။

ကုယွမ် ကားပေါ်ကဆင်းပြီး ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည်ကြည့်တော့ ဖြိုချထားတာတွေ မရှိတဲ့အတွက် အနည်းငယ် စိတ်အေးသွားရတယ်။
ဒီအိမ်ကို သူမ အမေဆုံးပြီးတော့ အဘွားဖြစ်သူက သူမကို အမွေပေးခဲ့တာပါ။သူမ အဖေ နောက်အိမ်ထောင်ပြုလိုက်ပြီးချိန်မှာတော့ သူမရဲ့ တစ်ခုတည်းသော မှီခိုအားထားစရာက ဒီအိမ်လေးပါပဲ။ ၂၅ နှစ်အကြာမှာတော့ သူမ ဒီအိမ်လေးဆီကို ပြန်လာနိုင်ခဲ့ပါပြီ။

သူမဟာ လမ်းတစ်လျှောက်မှာ ဒီအကြောင်းကိုပဲ ဆက်တိုက်တွေးနေခဲ့မိတယ်။ သူမလက်ထဲမှာ အိမ်သော့ရှိပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး မရှိတော့မှာ ဒါမှမဟုတ် သော့နဲ့ဖွင့်စရာ အိမ်တံခါးမရှိတော့မှာကို စိုးရိမ်နေခဲ့တာ ဖြစ်တယ်။ အခုတော့ ပတ်ဝန်းကျင်ကလည်း ရှိမြဲအတိုင်းရှိပြီး သူမရဲ့အိမ်လည်း ရှိနေတယ်။

သူမဟာ အားရကျေနပ်အားရစွာဖြင့် လက်ဆွဲသေတ္တာကို တတိယထပ်အထိ သယ်လာပြီး သူမရဲ့အိမ်တံခါးဆီ သွားလိုက်တယ်။ တံခါးကို ကြည့်လိုက်တဲ့အခါမှာတော့ သူမရဲ့ မှတ်ဉာဏ်ထဲကပုံစံနဲ့ လုံးဝကို သွေဖီနေပြီး တစ်ခုခုတော့ မှားနေပြီလို့ ခံစားလိုက်ရတယ်။

ကုယွမ်ဟာ သော့ကိုထုတ်ကာ စမ်းဖွင့်ကြည့်လိုက်တော့ တံခါး ပွင့်သွားခဲ့တယ်။ တံခါးအတွင်းဘက်မှာတော့ အမျိုးသမီးတစ်ယောက်က ပိတ်ဆို့ထားကာ မနှစ်မြို့တဲ့အကြည့်ဖြင့် "ရှင် ဘယ်သူလဲ။ ငါတို့ အိမ်တံခါးကို ဘာလို့ဖွင့်တာလဲ" လို့ မေးလာတယ်။

ကုယွမ်က ထိုအမျိုးသမီးကို စူးစမ်းသလို ကြည့်ပြီး
"ရှင်က ကုယွဲ့လား" လို့ စမ်းမေးကြည့်လိုက်တယ်။
မေးပြီးတာနဲ့ သူမ မှားမေးမိမှန်း သတိထားမိသွားတယ်။ ကုယွဲ့ ဆိုတာ သူမရဲ့ မိထွေးဘက်က ပါလာတဲ့ သမီးဖြစ်ပြီး သူမနဲ့ အသက် ၃ လသာ ကွာတာပါ။ အခုဆို ၄၅ နှစ် ရှိနေလောက်ပြီး အခုသူမရှေ့မှာ ရပ်နေသူကတော့ အသက် ၂၀ စွန်းစွန်းလောက်ပဲ ရှိသေးတယ်။
"ကုယွဲ့နဲ့ ဆင်သလိုလိုပဲ။ ကုယွဲ့ရဲ့ သမီးများလား…"

အမျိုးသမီး : "ကျွန်မအမေနာမည်ကို ဘယ်လိုသိတာလဲ။ ရှင်က ဘယ်သူလဲ"
ဒီလိုပြောနေတုန်းမှာဘဲ အဲဒီအမျိုးသမီးရဲ့နောက်မှာ လူတစ်ချို့က လာရပ်နေကြပါပြီ။ ဦးလေးအရွယ် တစ်ယောက်၊ ကောင်လေးတစ်ယောက်၊ ကံကောင်းပုံပေါ်တဲ့ ၄၀ ကျော်အရွယ် မိန်းမတစ်ယောက်။ အဲဒီမိန်းမကပဲ စိတ်တိုတဲ့လေသံနဲ့ "ဇီဟန်ရေ၊ ဘယ်သူတဲ့လဲ "

ဖန်းဇီဟန် : "အမေ… ဒီမိန်းမက အမေ့နာမည်ကို ပြောနေတယ်။ အမေ့ကို ရှာတာလားမသိဘူး"
ပြောနေတုန်းမှာပဲ သက်လတ်ပိုင်းမိန်းမက ကုယွမ်ကို စူးစမ်းကြည့်လိုက်ပြီး မြင်မြင်ချင်းမှာ
မှင်သက်မိကာ ကြက်သေသေသွားတော့တယ်။

"နင်… နင်… နင်"

(ဆက်ရန်)

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now