Chapter 160 (ကျောက်စိမ်း ပုစဥ်းရင်ကွဲလေး)
ကုယွမ်က အောက်ကိုဆင်းလာတော့ ဘယ်သူ့ကိုမှ မတွေ့တော့ဘူး။
သူမက အနည်းငယ် တုံ့ဆိုင်းသွားကာ ဧည့်ခန်းထောင့်ရှိ အစိမ်းရောင် သစ်ပင်ရှည်ကြီးအနားကို လာခဲ့တယ်။
ဖုန်းခေါ်ဖို့လုပ်ရင်း မော့ကြည့်လိုက်တော့ ဟော်ကျင်းချန်က သူမ အရှေ့ကို ရောက်နေခဲ့တယ်။
ဟော်ကျင်းချန် : "သွားမယ်၊ ကိုယ်နဲ့ လိုက်ခဲ့"
ကုယွမ်က သူ့နောက်လိုက်ပြီး အခန်းတစ်ခုထဲ ဝင်သွားခဲ့တယ်။
အခန်းက ရိုးရှင်းပြီး သိပ်မကြီးပေ။ တံခါးပိတ်လိုက်တာနဲ့ အပူချိန်က မြင့်တက်လာပုံ ရတယ်။
ကုယွမ်က ထိုညက အဖြစ်အပျက်ကို သတိရသွားပြီး သူ့မျက်နှာကို ကြည့်လိုက်တယ်။ ကံကောင်းစွာနဲ့ပဲ တစ်ခုခု ထူးဆန်းတာကို ရှာမတွေ့ခဲ့ဘူး။
"သားက ရှင့်ကို ဘယ်လိုပြောခဲ့လဲ၊ ဒီတစ်ခေါက်ရော တိုက်ခိုက်ခဲ့သေးလား"
ဟော်ကျင်းချန် : "မတိုက်ခိုက်ခဲ့ပါဘူး"
တိုက်ခိုက်လုနီးပါး ဖြစ်သွားရုံပဲ။
"ဒါဆို ရှင်တို့ ဘာတွေ ပြောနေကြတာလဲ၊ ကျွန်မ စိတ်ပူလို့ သေတော့မယ်၊ သားတွေကို မေးတော့လည်း ဘာမှမပြောဘူး၊ သူတို့ ရှင့်ကို တစ်ခုခု လုပ်ခဲ့လား"
သားတွေက သူမကို တစ်ခုခု ဖုံးကွယ်ထားပုံ ရတယ်။
ဟော်ကျင်းချန် : "တကယ် ဘာမှ မလုပ်ပါဘူး၊ ကိုယ် သူတို့နဲ့ ကိစ္စတစ်ခု ဆွေးနွေးနေခဲ့တာ"
ကုယွမ် စိတ်ဝင်တစားဖြင့် "ဘာကိစ္စလဲ၊ ကျွန်မနဲ့ ပတ်သက်တယ်မလား"
သူက ကုယွမ်ကို လိမ်ညာ မပြောချင်ဘူး။
"ကိုယ် မပြောလို့ ရလား""ရှင် မပြောချင်ရင် မပြောနဲ့၊ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ သားတွေကိုတော့ အရှက်ရအောင် မလုပ်သင့်ဘူး"
ဟော်ကျင်းချန်က ခေါင်းငုံ့ပြီး သူမကို စိုက်ကြည့်လိုက်တယ်။
"မင်းရဲ့သားတွေက ကိုယ့်ကို အရှက်ရအောင် လုပ်ရင်ရော"