Chapter 3

6.4K 797 10
                                    

Chapter 3 - ငါ့သားက အာဏာရှင်ဆန်တဲ့ CEO လေး


ပတ်ဝန်းကျင်က လူတွေက တခြားဘာကိုမှ အာရုံမစိုက်နိုင်လောက်အောင် အံ့ဩမင်သက်မိနေကြတဲ့အချိန်မှာ ကုယွမ်ကတော့ သူမရဲ့ ယွမ် (၈၀၀) ကျော်ကို သေချာသိမ်းဖို့ အလုပ်ရှုပ်နေပြီး လက်ဆွဲအိတ်ကို ဇစ်ဆွဲရင်း သူမအနေနဲ့ နောက်တစ်ဆင့် ဘာလုပ်သင့်လဲဆိုတာကို တွေးနေခဲ့ပါတယ်။

သူမရဲ့အတွေးတွေထဲမှာ ဘယ်လောက်တောင်မျောနေလဲဆိုရင် ဘေးလူတွေပြောနေကြတဲ့ စကားသံတွေကိုတောင် မကြားနိုင်တဲ့အထိပဲ။

သူမ မတ်တတ်ရပ်လိုက်တော့ နည်းနည်းရိပ်တိတ်တိတ်မူးပြီး ယိုင်သွားတယ်။ ဆောင့်ကြောင့်ထိုင်တာ ကြာသွားလို့ ထင်ပါရဲ့။ တကယ်တော့ သူမဟာ ဆေးရုံဆင်းလာပြီးတည်းက လေယာဥ်ပေါ်မှာ ကျွေးတဲ့မုန့်ပဲ စားရသေးလို့ အခု ဗိုက်ဆာနေပြီ။ သူမ ဗိုက်ဆာလာရင် သွေးတွင်းသကြားဓာတ် ကျလာတတ်တယ်။

ရုတ်တရက်ဆိုသလို ခွန်အားရှိတဲ့ လက်တစ်စုံက သူမရဲ့ ပခုံးတွေကို အသာလေးထိန်းထားပေးလိုက်တယ်။ အသားယူတာမျိုးမဟုတ်ပဲ တကယ့်ကိုမှ သိမ်သိမ်မွေ့မွေ့လေးပါဘဲ။ စော်ကားခံရသလိုမျိုး တစ်ဖက်သားကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ အချိန်ကိုက်တိုက်ဆိုင်သွားတဲ့ အပြုအမူမျိုး။

သူမက အံ့ဩတကြီး နောက်လှည့်ကြည့်လိုက်တယ်။ သူမ မျက်စိရှေ့မှာ မြင်နေရတာကတော့ မျက်ခုံးထူထူ မျက်ဝန်းလှလှ ကောင်လေးတစ်ယောက်ပါ။ မျက်နှာထား အရမ်းတည်နေတာကလွဲရင် ဒီလူဟာ ပြစ်ချက်မရှိဘူးလို့တောင် ပြောလို့ရတယ်။
သူမ ဖတ်ဖူးတဲ့ အချစ်ဝတ္ထုတွေထဲက ဇာတ်လိုက်ပုံစံမျိုး ဖြစ်တယ်။

လက်ရှိအချိန်မှာတော့ အဲဒီလူက သူမရဲ့ ပခုံးတွေကို ယဉ်ကျေးတဲ့ ဟန်ပန်နဲ့ ထိန်းထားပေးနေတာပါ။

ကုယွမ် ဆေးရုံက ဆင်းလာပြီးတည်းက သူမအတွက် အဆင်ပြေတာတစ်ခုမှ မကြုံရသေးပေ။
အခုတော့ သူမအတွက် စေတနာထားပေးသူ တစ်ယောက် ရုတ်တရက်ပေါ်လာလို့ သူမဝမ်းသာမိပါတယ်။
သူမ အမြန်ပြုံးပြလိုက်ပြီး "ကျေးဇူးတင်ပါတယ် ရှင့်။ ကျွန်မအဆင်ပြေပါပြီ" လို့ ရှက်အမ်းအမ်းနဲ့ ပြောလိုက်တယ်။

ထိုလူက သူမကို မျက်ခုံးပင့်ကြည့်ပြီး လေသံလေးနဲ့ပြောလိုက်တယ် ...
"ကိစ္စမရှိပါဘူး မား"

ကုယွမ် : " ... ... ... "

ဘေးကကြည့်နေတဲ့ လူတွေအပါအဝင်
ကုယွဲ့၊ ဖန်းဇီဟန် သားအမိတွေရဲ့ မျက်နှာမှာ နားမလည်နိုင်တဲ့ အရိပ်အယောင်တွေ ပြည့်နေတယ်။ ဒီသူဌေးလေးပြောလိုက်တဲ့ စကားကို သူတို့ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘူး။

သူတို့မျက်စိရှေ့က မြင်ကွင်းကို ကြည့်ပြန်တော့ ပိုတောင် ယုံချင်စရာမကောင်းဘူး။ သူတို့အခုပဲ နားနဲ့ဆတ်ဆတ် ကြားလိုက်တာက နားကြားလွဲတာများလား … …။ ဒါက ဘာသဘောပါလိမ့်။ ဒီလို ခမ်းနားထည်ဝါတဲ့ လူကုံထံသူဌေးလေးက ကုယွမ်ကို ‘မား’ လို့ ခေါ်သတဲ့လား ...

နေပါဦး ကုယွမ်ကရော အသက်ဘယ်လောက်ရှိသေးလို့လဲ …
လူတွေရဲ့အကြည့်တွေက ကုယွမ်ဆီကို တစ်ပြိုင်တည်း ပြုံရောက်လာတယ်။ သူမကိုယ်တိုင်လည်း ကြောင်စီစီဖြစ်နေပြီး ဘာဖြစ်လို့ဖြစ်နေမှန်း မသိတဲ့ပုံဘဲ။

ဒီလိုငယ်ရွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်မှာ သူမထက် အဆတစ်ရာလောက် ရင့်ကျက်တည်ငြိမ်ပုံပေါ်ပြီး အသက်လည်း ပိုကြီးတယ်လို့ ထင်ရတဲ့ သားတစ်ယောက်ရှိတယ်လို့ ပြောလာရင် ဘယ်သူက ယုံနိုင်ပါ့မလဲ ... နော့်။

ကုယွဲ့က ဘယ်လိုမှ နားမလည်နိုင်ဖြစ်နေတယ်။ သူ့သမီး ဖန်းဇီဟန်ကလည်း ကျောက်ရုပ်လို ငိုင်နေတယ်။

အဲဒီပုဂ္ဂိုလ်က ခေါင်းငုံ့ပြီးကြည့်လိုက်တော့ ကုယွမ်က ပါးစပ်အဟောင်းသားနဲ့ သူ့ကို ပြန်ပြူးကြည့်နေတယ်။ သူ့ရဲ့မျက်ခုံးတွေကို အသာပင့်လိုက်ပြီး လေသံတိုးတိုးနဲ့ ...
"မားက ကျွန်တော့်အမေအရင်းပါ။ ဒါကို နောက်တော့ ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်။ အခုတော့ စားသောက်ဆိုင်တစ်ဆိုင် အရင်သွားပြီး တစ်ခုခုသွားစားရအောင်လား"

အစားအသောက်အသံကြားတော့ သူမ တံတွေးမျိုချလိုက်တယ်။ တစ်ခုခုစားဖို့ လိုအပ်နေပြီး ဗိုက်ဆာလွန်းတာကြောင့် ဗိုက်ထဲမှာ တဂွီဂွီမြည်နေတယ်။

ဒါပေမဲ့…
အဲဒီလူကိုကြည့်ပြီး "ရှင် လူမှားနေတာဖြစ်မယ်။ ကျွန်မက ရှင့်အမေမဟုတ်ပါဘူး" လို့ စိတ်ပျက် လက်ပျက်နဲ့ ပြောလိုက်တယ်။

ပြောပြီးတာနဲ့ သူမ တွန့်ဆုတ်သွားပြီး လေဆိပ်မှာ ဒေါက်တာချန်း ပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်နေမိတယ်။

သူမ ချန်ထားခဲ့တဲ့ မျိုးဥ (၅) ဥက ဘူးသီးခြောက်တွေလို အခွံအက်ကွဲလာပြီး သား (၅) ယောက် ဖြစ်လာသတဲ့။ အကြီးဆုံးသားဆို (၂၄) နှစ်တောင် ရှိနေပြီလို့ ပြောခဲ့တယ်။

သူမ ရှေ့မှာရပ်နေတဲ့သူကို မယုံသလို ကြည့်လိုက်ပြီး အကဲခတ်နေတယ်။ သူ့ဝတ်ပုံစားပုံကို အသာထားပြီး သေချာကြည််ရင် သူဟာ လွန်ရောကျွံရော (၂၀)ကျော်ပဲ ရှိဦးမှာဆိုတော့
ဒီလူဟာ တကယ်ဘဲ သူမရဲ့ သား ဖြစ်နေမလား။

သူမရဲ့သွေးသားနဲ့ဖြစ်လာတဲ့ သား (၅) ယောက် ရှိကြောင်း သိထားပြီးပေမယ့်လည်း ကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့လိုက်ရပြန်တော့ နောက်တစ်ခါ လန့်ရပြန်ပါတယ်။

အဲဒီလူက သူမ ဘာတွေးနေသလဲဆိုတာကို ရိပ်စားမိတဲ့ပုံစံနဲ့ ခေါင်းညိမ့်ပြီး "ဟုတ်ပါတယ် မား၊
ကျွန်တော် ပြောခဲ့သလိုပဲ၊ ကျွန်တော်က မားရဲ့သားပါ"

ကုယွမ်ဟာ ဒူးတွေယိုင်လာပြီး လဲကျမလိုဖြစ်သွားတယ်။ ထိုလူက တွေးတွေးဆဆနဲ့ သူမလက်မောင်းကို လာတွဲပြီး ...
"သွားရအောင် မား။ ပေါ့ပေါ့ပါးပါး တစ်ခုခုသွားစားကြမယ်"

ဗိုက်ဆာလို့လား စိတ်လှုပ်ရှားလို့ဘဲလားတော့ မသိ။ သူမ အားအင်ချိနဲ့သွားသလိုဘဲ။
အသာခေါင်းငြိမ့်ပြီး အားလျော့နေတဲ့လေသံဖြင့်
အိုကေ အိုကေ လို့ ဖြေလိုက်တယ်။

သူမဟာ ထိုလူကို မှီတွဲပြီး ဘေးလူတွေရဲ့ နားမလည်နိုင်တဲ့ အကြည့်တွေ ကြားကနေ ရိုးရွိုက်စ် ဇိမ်ခံကားကြီးဆီ ဦးတည်နေပါပြီ။ ကားပေါ်တက်ခါနီးမှာတော့ လက်ထောက်တစ်ယောက်က ကားတံခါးကို ပြာပြာသလဲလာဖွင့်ပေးတယ်။ ကားတံခါးနဲ့ ခေါင်းမဆောင့်မိအောင်လည်း ကာထားပေးလေရဲ့။ သူမကတော့ ကျေးဇူးတင်တဲ့အကြည့်လေးနဲ့ပဲ ကားပေါ်တက်သွားလိုက်တယ်။

ရပ်ကွက်ထဲမှာ ကျန်နေခဲ့တဲ့ လူအုပ်ကြီးကတော့ သို့လောသို့လောနဲ့ မတွေးတတ်ဖြစ်နေခဲ့တော့တယ်။
ကြံရာမရတော့ ကုယွဲ့ဆီပဲ သွားမေးကြရတာပေါ့ ...
"အဖြစ်က ဆန်းလှချည်လား။ ငါတို့မြင်လိုက်ရတာ ဘာတွေလဲ ဟယ်"

ကုယွဲ့ ကိုယ်တိုင်လည်း တွေဝေနေတယ်။ "ကျွန်မကလည်း ဘယ်လိုသိမှာတုန်း၊ သူမက ရုတ်တရက်ရောက်လာပြီး အရွယ်ရောက်နေတဲ့ သားဖြစ်သူပါ ပေါ်လာတယ်၊ ဘယ်တုန်းက မွေးလိုက်သလဲ မသိပါဘူးတော်"

ဖန်းဇီဟန်ကတော့ သူ့အတွေးနဲ့သူ စိတ်လှုပ်ရှားနေပြီး ...
"အဲဒါ သမီးရဲ့အဒေါ် … ချစ်အဒေါ်လေ အမေရဲ့။ ခုနကရောက်လာတဲ့ အဒေါ်ရဲ့သားဆိုသူက သမီးရဲ့ ဝမ်းကွဲအစ်ကိုပဲပေါ့။ အမေ ဘာလို့ သူတို့မသွားခင် မတားလိုက်တာလဲ"

အိမ်နီးချင်းများ : " … "

အဲ့လိုလည်း ရတာဘဲလား ...

ကုယွမ်ဟာ သူ့ကိုယ်သူ နန်းတော်ထဲက စင်ဒရဲလားမင်းသမီးလေးဖြစ်နေသလို အိပ်မက်ဘဲ မက်နေသလိုလိုဖြစ်နေပြီး လက်တွေ့မဆန်တဲ့ သူ့ဘဝသူ မယုံနိုင်ဖြစ်နေပါတယ်။

သားဖြစ်သူက သူမကို စျေးကြီးတဲ့ စားသောက်ဆိုင်ကောင်းကောင်းကို ခေါ်သွားပြီး ဟင်းပွဲတွေအများကြီး မှာပေးတယ်။ သူမလည်း တကယ်ဆာလောင်နေပြီဖြစ်လို့ ဟန်ဆောင်ပန်ဆောင် မလုပ်နိုင်တော့ဘဲ ဗိုက်တင်းတဲ့အထိ စားလိုက်တယ်။ ဟင်းလျာတွေက အရသာရှိလွန်းလို့ သူမ စားနေရင်းနဲ့ မျက်ရည်တောင်ကျလာတော့ မလိုဘဲ။

ဗိုက်ပြည့်သွားတဲ့အခါမှာတော့ သူမ ပါးစပ်ကို သေချာသုတ်လိုက်ပြီး ရှေ့မှာထိုင်နေတဲ့ သားဖြစ်သူကို ကြည့်လိုက်တယ်။
ဒီသားက အရယ်အပြုံးနည်းပေမယ့် ယဉ်ကျေးရည်မွန်ပြီး ညှာတာထောက်ထားတတ်တဲ့ပုံပေါ်တယ်။

"မား ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပါရစေ။
ကျွန်တော့်နာမည်က ကျီချီစန်းပါ။ အသက် (၂၃)နှစ် ရှိပြီး ကျွန်တော်နဲ့ မားက ဆေးပညာအရ သွေးသားတော်စပ်ပါတယ်" ဟုဆိုကာ ယဉ်ယဉ်ကျေးကျေး ပြောလာတယ်။

ကိုယ်တိုင်မြင်တွေ့နေရတာတောင် ကုယွမ်ဟာ ယုံရခက် ဖြစ်နေတယ်။ သူမ အဖြစ်က သိပ္ပံဆန်းကြယ်ရုပ်ရှင် ကြည့်နေရသလိုပဲ။
"နေပါဦး၊ ရှင်က ဒီနှစ်ဆို (၂၃) နှစ် ပြည့်ပြီပြောတယ်နော်၊ ဟုတ်လား "

သူမက ဒေါက်တာချန်းပြောပြတဲ့ "သားအကြီးဆုံးက (၂၄) နှစ်ရှိပြီ" ဆိုတာကို စိတ်ထဲစွဲနေတယ်။

"ဟုတ်ပါတယ်"

ကုယွမ်က "ဒါဆို ရှင်သိလား …" လို့ စကားစပြီးတော့ ဆက်ပြောစရာ စကားလုံးရှာမရဖြစ်နေတယ်။
"အဲဒီတုန်းက ကျွန်မက မျိုးဥ (၅) ဥ ထားခဲ့တာလေ။ တခြားသူတွေရော အခုဘယ်ရောက်နေကြလဲဆိုတာ သိလား"

တကယ်တော့ သူမဟာ သား (၅) ယောက်ရဲ့ အဖေဖြစ်သူတွေကိုလည်း မသိပါဘူး။ အဖေတစ်ယောက်တည်းလား … သားတွေကရော အချင်းချင်း ညီအစ်ကိုလို့ ခံယူထားကြသလား …။

ကျီချီစန်းက ကုယွမ်ရဲ့ ပြောရခက်နေတဲ့ အမူအရာကို ရိပ်မိပြီး နားလည်လိုက်ပါတယ်။

"ကျွန်တော့်အဖေက အဲဒီနှစ်တုန်းက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီလို့ မျိုးဥတစ်လုံး ရခဲ့ပြီး ကျွန်တော့်ကို ရခဲ့တာပါ။ ကျန်တဲ့သူတွေ ဘယ်ရောက်နေတယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျ။ ဒီအချက်အလက်တွေက အထူးလျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားကြလို့ ကျွန်တော့်မှာ သိခွင့်မရှိဘူး။ ဒါပေမဲ့ အဲဒီမျိုးဥတွေအားလုံး သုံးလိုက်ကြတယ်ဆိုတာတော့  ကျွန်တော်သိပါတယ်" ပြောနေရင်း ပြီးခါနီးမှာတော့ သူနည်းနည်းတွန့်ဆုတ်နေပုံ ရတယ်။

အို ဒီကိစ္စတွေက သိပ်ကို ဆန်းပြားရှုပ်ထွေးတာပဲနော်။ ဘယ်လိုပဲဖြစ်ဖြစ် နားလည်ရခက်နေဆဲပါ။ ဒီလူက (၂၃) နှစ် ရှိပြီဆိုတော့ ငါ့ရဲ့ဒုတိယမြောက်သားများ ဖြစ်နေမလား။ ဒီလိုဆို ငါ့မှာ တခြားသား (၄) ယောက်တောင် ရှိဦးမှာပေါ့ …။ သား (၅) ယောက်စလုံးက သူမကို ‘မား’ လို့ ပြိုင်တူခေါ်ကြမယ့် မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင်
သူမ တံထွေးသီးသွားတယ်။

ကျီချီစန်းဟာ အလိုက်တသိဖြင့် ကုယွမ်အတွက် ဖျော်ရည်ခွက် ကမ်းပေးလာတယ်။
ကုယွမ်လည်း ခွက်ကို ချက်ချင်း လှမ်းယူလိုက်ပြီး နည်းနည်းသောက်လိုက်တယ်။
ကျီချီစန်းဟာ သူမစိတ်ငြိမ်သွားတဲ့ အထိ တိတ်တိတ်လေး စောင့်ပေးရှာတယ်။

ခဏကြာတော့ ကုယွမ် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးမိသွားတယ်။ "ဟုတ်သားပဲ၊ ရှင် ကျွန်မကို အရင်က မြင်ဖူးလား"

သူမနားမလည်နိုင်ဖြစ်ကာ သတိနိုးကြားလာတယ်။ ဒီသားဖြစ်သူရဲ့ သူမကို 'မား' လို့ခေါ်တဲ့ ပုံက ဘာလို့ အရမ်းကို ပုံမှန်အတိုင်း ဖြစ်နေရတာလဲ။ နည်းနည်းလေးတောင် စိတ်မသက်မသာ မဖြစ်ဘဲနဲ့လေ။

ကျီချီစန်း : "ကျွန်တော်က ငယ်ငယ်ကတည်းက သာမန်ကလေးတွေနဲ့ ကွဲပြားနေတယ်ဆိုတာ သိခဲ့တယ်။ ကျွန်တော့်ကို ပုံမှန်အတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီးမွေးဖွားတာ မဟုတ်ဘဲနဲ့ နည်းပညာနဲ့ မွေးဖွားခဲ့တာ။ 'ပါး' ကလည်း မား ကိုတွေ့ဖို့ မကြာခဏ ခေါ်လာပေးတယ်။ အဲ့ဒါကြောင့် မား ရဲ့တည်ရှိမူကို သိနေခဲ့တာပါ"

ကုယွမ် သူ့ရဲ့ရှင်လင်းတိကျတဲ့ ရှင်းပြချက်ကို ကြားတဲ့အခါမှာ နားလည်သွားတော့တယ်။ ထိုသူရဲ့ နှလုံးသားထဲမှာ အစကတည်းက သူ့အမေက အမြဲရှိနေပြီးတော့ နောက်ပိုင်း သူ့အဖေဖြစ်သူက သူမကိုတွေ့ဖို့ ခေါ်လာတဲ့အခါ အကျင့်ဖြစ်သွားပြီး သူမနဲ့မစိမ်းသက်တော့တာ ဖြစ်မယ်။

ကျီချီစန်း : "သိချင်တာ ရှိသေးလားခင်ဗျ"

သူမမှာ မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိပါသေးတယ်နော်။

ဒါပေမယ့် ဒီအသက်အရွယ်ရှိပြီဖြစ်တဲ့ သူမရဲ့သားနဲ့ မျက်နှာချင်းဆိုင်ရတာက ကုယွမ်ကို သက်တောင့်သက်သာ မဖြစ်စေဘူး။ ပြီးတော့ သူမသိချင်တာတွေ အကုန်မေးဖို့ကို ရှက်ရွံနေတဲ့ အတွက် သာမန်အကျဆုံး မေးခွန်းကိုဘဲ မေးလိုက်တယ်။
"မင်း တက္ကသိုလ်ကနေ ဘွဲ့ရပြီးပြီလား"

ကျီချီစန်း : " ကျွန်တော့်ကို ဂျီးနီးယပ်စ် မျိုးရိုးဗီဇ အမွေပေးခဲ့တဲ့အတွက် မားကို ကျေးဇူးတင်ပါတယ် … ကျွန်တော်က ထက်မြက်ပြီး ဉာဏ်ရည်မြင့်လို့ အသက် ၁၃နှစ်မှာ Ivy League School ကနေ ဘွဲ့ရခဲ့ပါတယ်။ အသက် ၁၇ နှစ်မှာ ပါးရဲ့ ကုမ္မဏီမှာ အလုပ်ဝင်ပြီး အခု လုပ်သက် ခြောက်နှစ်မှာ ပါးရဲ့ အလုပ်ကို ဆက်လုပ်နေပါတယ်"

(T/N - Ivy League School ဆိုတာက U.Sက နာမည်ကြီး University 8ခုကို ပြောတာပါ။ Harvard University ကလည်း Ivy League schoolထဲမှာပါတယ်နော်)

သူမရဲ့ သားရှေ့မှာ ကုယွမ်တည်ငြိမ်ချင်ယောင်ဆောင်ကာဖြင့် ...
"အိုး ... အဲ့လိုလား"

တကယ်တမ်း သူမ နှလုံးသားထဲမှာတော့ ထိတ်လန့်ရလွန်းလို့ မရှူနိုင် မကယ်နိုင်ဖြစ်နေပြီ။

အသံတိတ်မျက်ရည်တွေဖြင့် 'ဂျီးနီးယပ်စ် ဟုတ်လား။ သူမကျတော့ ဘာလို့ အဲ့လိုမဖြစ်ရတာလဲ။ သူမမှာတော့ လှပတဲ့မျက်နှာလေးက လွဲပြီး ဘာအရည်အချင်းမှကို မရှိတာ။ သူမရဲ့ စာသင်ယူနိုင်စွမ်းကလည်း မကောင်းခဲ့ဘူး'

ကျီချီစန်းက မျက်လုံးပင့်ကာ ကုယွမ်ကိုကြည့်လိုက်ပြီး "ကျွန်တော် မနေ့က မားရဲ့ အခြေအနေကို စစ်ဆေးဖို့ လူလွှတ်လိုက်တော့ မားနိုးလာတဲ့ သတင်းကို ရလိုက်တာ။ ကျွန်တော် မနေ့က အရေးကြီးတဲ့ အစည်းအဝေးလုပ်နေပြီး
သိသိချင်း လေယာဥ်နဲ့ ဆေးရုံကိုချက်ချင်း လိုက်လာမလို့လုပ်ပေမယ့် ဒေါက်တာချန် ပြောတာက မားက ထွက်သွားနှင့်ပြီတဲ့။ အဲ့ဒါနဲ့ ကျွန်တော်လည်း မားဆီကို တိုက်ရိုက်လာလိုက်တာ"

ထို့နောက် ကုယွမ်ရဲ့ ခွက်အလွတ်ကိုကြည့်ပြီး အလိုက်တသိနဲ့ လက်ကိုင်ပုဝါ ကမ်းပေးလိုက်တယ်။
"မား … ခုနက ကျွန်တော် မားကိုလာရှာတုန်းက တစ်ယောက်ယောက် မားကို အနိုင်ကျင့်နေတာလား"

ကုယွမ် လက်ကိုင်ပဝါနဲ့ နှုတ်ခမ်းထောင့်ကို ညှင်သာစွာ သုတ်လိုက်ပြီး လွှမ်းမိုးခြယ်လှယ်တတ်တဲ့ စရိုက်နဲ့ သားဖြစ်သူ ကိုကြည့်လိုက်တယ်။ အမှန်တိုင်း ပြောရရင် သူမနည်းနည်းတော့ ရှက်မိသလိုပဲ။
သားဖြစ်သူရဲ့ အမေအိုကြီး တစ်ယောက်အနေနဲ့ သူမသားကို အဲ့လိုရှက်စရာကောင်းတဲ့မြင်ကွင်းမျိုး မြင်စေခဲ့မိတယ်။

သူမ ရှက်ရွံစွာဖြင့် "သူတို့က ငါ့ကို အနိုင်ကျင့်တာ
ရယ်လို့တော့ မဟုတ်ပါဘူး။ ငါ့ရဲ့ အိမ်ကို သိမ်းပိုက်ထားပြီးတော့ အိမ်ပိုင်ရှင်ကို နှင်ထုတ်ရုံပါဘဲ"

ကျီချီစန်း သူမ မျက်နှာပေါ်က အပြစ်မကင်းသလို အရိပ်အယောင်ကို မြင်တွေ့နေရတယ်။

သူချက်ချင်းဆိုသလို ခေါင်းငုံ့ထားလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်တယ်။ "အဲ့တော့ သူတို့က အခု မားရဲ့အိမ်မှာ နေနေကြတာပေါ့"

အဲ့အကြောင်းပြောရရင် ဇာတ်လမ်းက အရှည်ကြီးပဲ။

ကုယွမ် သူမရှေ့က အာဏာရှင်ရဲ့ ပြင်းထန်လာတဲ့ အရှိန်အဝါကို ကြည့်လိုက်တာ သက်ပြင်းချမိတယ်။ထို့နောက် တိုးညှင်းစွာဖြင့် "ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က စတယ်… …"

ထိုအကြောင်းမှ အစပြုကာ သူမရဲ့ အသက်အာမခံကြေးကို သုံးပြီးတော့ သူမကိုယ် သူမ အစားထိုး စမ်းသပ်ခွဲစိတ်မှုတွေ လုပ်ခဲ့ရကြောင်း သူမ နိုးလာပြန်တော့လည်း သူမရဲ့အိမ်ကို အပိုင်သိမ်းထားကြပြီးတော့ သူမအမေ ပေးခဲ့တဲ့ ကျောက်စိမ်းဘယက်ကိုလည်း ယူထားကြကြောင်း အစသဖြင့် မကျေနပ်ချက်တွေကို သားဖြစ်သူဆီ တစ်ခုပြီးတစ်ခု တိုင်တန်းတော့တယ်။

အစပိုင်းတွင် ကုယွမ်က ဒီအကြောင်းတွေ ထုတ်ပြောရတာကို ရှက်သလိုခံစားမိတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမက သူမသားနဲ့ အခုမှ ပထမဆုံးတွေ့တာလေ။ သူမသားရဲ့ စိတ်ထဲ သူမအပေါ် အထင်အမြင်ကောင်းလေး ကျန်ရှိစေချင်တာပေါ့။ဒါပေမယ့် အခုတော့ သူမရဲ့ အတိတ်အကြောင်းကို ဒီလိုအခြေအနေမျိုးနဲ့ ပြောပြနေရတယ်။

အဲ့လို ပြောလေလေ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးမိလာကာ ကုယွမ် ပိုပိုပြီး စိတ်ဆိုးလာတော့တယ်။ ဒေါသထွက်ရလွန်းလို့ လက်သီးကို တင်းတင်းဆုပ်ထားကာ သူမရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးမှာလည်း ရဲရဲနီလျက် အံကြိတ်ထားတော့တယ်။
"သူမက ငါ့ဆီက အကုန် လုယူနေတော့တာပဲ။ ငါ့ရဲ့ အိမ်ရော … ကျောက်စိမ်း ဘယက်ရော… အဖွားက ငါ့အတွက် ထားခဲ့တာတွေရောအကုန်လုံးပဲ"

ကျီချီစန်း သူ့ရှေ့က ပါးဖောင်းဖောင်းနဲ့ ကောင်မလေးကို ကြည့်လိုက်တယ်။

သူပထမဦးဆုံး မားကို စတွေ့တုန်းက အချိန်ကို မှတ်မိသေးတယ်။ အဲ့အချိန်တုန်းက သူက သုံးနှစ်သားပဲ ရှိသေးတယ်။ သူနဲ့ ရွယ်တူ အခြားကလေးတွေမှာ အမေရှိတာ မြင်တော့ သူလည်း အမေတစ်ယောက်လိုချင်ခဲ့တယ်။ သူ့အဖေဘေးနား ဝိုင်းနေကြတဲ့ အန်တီတွေကိုတော့ မကြိုက်ဘူး။ အဲ့အချိန်တုန်းက သူ့ပါး လေယာဥ်စီးပြီး သူ့ကို ဆေးရုံတစ်ခုကိုခေါ်သွားခဲ့တယ်။ နောက်တော့ ဖန်ပြွန်ထဲမှာ အိပ်ပျော်နေတဲ့ မားကို ပထမဆုံး မြင်ဖူးခဲ့တယ်။

အဲ့တုန်းက သူက အရမ်းကိုမှ ငယ်သေးပြီး ခုမှတွေ့ဖူးတဲ့ သူ့ရဲ့ မားကိုလည်း အရမ်းသဘောကျခဲ့တယ်။ သူ့ရဲ့ပါးဆီက အားလပ်ရက်တွေမှာ မားနဲ့တွေ့ဖို့ ခွင့်ပြုချက်ရရန် ကျီချီစန်း အသေးလေးဟာ ကြိုးကြိုးစားစားနဲ့ စာလေ့လာပြီး အဆင့်တွေ ပိုကောင်းအောင် လုပ်ခဲ့တယ်။ နှစ်စဥ် သူ့ရဲ့မွေးနေ့တိုင်းမှာလည်း သူ့ရဲ့ မားက မြန်မြန်နိုးလာပြီးတော့ သူနဲ့အတူ မွေးနေ့ကိတ်စားဖို့ကို မျှော်လင့်ချက်အပြည့်နဲ့ ဆုတောင်းခဲ့တယ်။

နှစ်ပေါင်း နှစ်ဆယ်တောင် ကြာသွားခဲ့ပြီး သူဟာလည်း အရွယ်ရောက်လာခဲ့ပြီးဖြစ်တယ်။ သူက မွေးနေ့ကိတ်စားရတာ မကြိုက်တော့ပေမယ့် သူရဲ့ မားက နိုးလာခဲ့တယ်။

နောက်ဆုံးနိုးလာပြီဖြစ်တဲ့ မားက နုပျိုနေဆဲ ဖြစ်ပြီး မရင့်ကျက်သေးတဲ့ မျက်နှာလေးနဲ့ သူ့ရှေ့မှာထိုင်ကာ လက်သီးလက်မောင်းတန်းလျက် သူမကို အနိုင်ကျင့်ခဲ့တဲ့လူတွေကို ရန်တွေ့နေလေတယ်။

သူမရဲ့ စိတ်က ၁၈ နှစ်အရွယ်လို ဖြစ်နေတာကြောင့် သူမရဲ့အပြုအမူတွေဟာလည်း အနည်းငယ် ကလေးဆန်နေတော့တယ်။

ကျီချီစန်း : "မား … စိတ်မပူပါနဲ့။ အိမ်က မားအတွက်အရမ်းအရေးကြီးတဲ့ အမွေပစ္စည်းပဲ။ ကျွန်တော် ဥပဒေအရ မားရဲ့အိမ်ကို ပြန်ရအောင် နည်းလမ်းရှာပေးပါ့မယ်"

ကုယွမ်ရဲ့ ဒေါသတွေဟာ ချက်ချင်းဆိုသလို အငွေ့ပျံသွားတော့တယ်။ သူမက ကျီချီစန်းကို အံသြစွာ ကြည့်လိုက်တာ မယုံကြည်နိုင် ဖြစ်နေရတယ်။

"တကယ်ပြောနေတာလား။ မင်းတကယ် နည်းလမ်းရှာပေးနိုင်တယ်လား"

လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်ကဆို ဒီလိုကိစ္စမျိုးက ဖြေရှင်းဖို့ သိပ်မလွယ်ဘူးလေ။ အိမ်က သူများလက်ထဲ ရောက်နေတာလည်း ကြာပြီဆိုတော့  ဘယ်ကနေ သက်သေသွားရှာမှာလဲ ...

ဒါပေမယ့် ကျီချီစန်းက ခေါင်းညိမ့်လိုက်ကာ သူမရဲ့ သံသယအနည်းငယ်ကို ဖျောက်ပေးလိုက်တယ်။
"သေချာတာပေါ့"

ဒီလိုမျိုး ယုံကြည်ချက်ရှိရှိ အဖြေက သူမကို
စိတ်သက်သာရာ ရသွားစေတယ်။ သူက လုပ်နိုင်တယ်ဆိုမှတော့ တကယ်လုပ်နိုင်လို့ဘဲ ဖြစ်မယ်။

သူမရဲ့ အိမ်နဲ့ ကျောက်စိမ်းဘယက်တို့ သူမဆီပြန်ရောက်လာတော့မှာကို တွေးရင်း ကုယွမ်တစ်ယောက် ဝမ်းသာလုံးဆို့ကာ ထခုန်ချင်စိတ်တွေ ပေါက်လာတယ်။
ဒါပေမယ့် ရှေ့က သားဖြစ်သူကိုတွေးမိတော့ အမေအိုကြီးတစ်ယောက်အနေနဲ့ ဒီအပြုအမူက သိပ်မသင့်လျော်သလို ခံစားရတယ်လေ။ သူမကိုယ်သူမ တည်တည်ငြိမ်ငြိမ်ပုံ ဖြစ်အောင် လုပ်ပြီး
"ကျေးဇူးပါ … ကျီ …"

နေပါဦး၊ ငါ့သား နာမည်က ဘာဆိုလား ...

ကျီချီစန်း : "ကျွန်တော့်ရဲ့ မျိုရိုးက ကျီ၊ နာမည်က ချီစန်း "

ဒီတစ်ခါ ကုယွမ် တကယ်ကို ရှက်ရွံသွားတယ်။ထို့နောက် သူမ အပြုံးလေးဖြင့် "ကျေးဇူးတင်ပါတယ်နော်၊ ချီဆန်း "

သားတစ်ယောက်ရှိတာ အရမ်းကောင်းတာပဲ။ အထူးသဖြင့် အာဏာရှင် ဘောစိကြီးလို သားမျိုးပေါ့၊ အရမ်း အစွမ်းထက်တာပဲ ...



(ဆက်ရန်)

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now