Chapter 27
နျဲ့ယွီ အခုလို ထွက်သွားတဲ့အပေါ်မှာ နျဲ့နန်ချင်း တစ်ယောက် အရမ်းကို ဒေါသထွက်လာခဲ့ပါတယ်။
ဒါကြောင့် ကျီကျန်းထျင်က နျဲ့နန်ချင်းကို နှစ်သိမ့်လိုက်တယ်။ "နျဲ့ယွီ နဲ့ ချီစန်းက မတူဘူးလေကွာ။ ချီစန်းက ငယ်ငယ်ကတည်းက သူ့အမေ အခြေအနေကို သိထားပြီးသား မဟုတ်လား။ ဒီတော့ သူ့အနေနဲ့ ဒီအဖြစ်အပျက်တွေကို လက်ခံဖို့ လွယ်ကူတယ်လေ။ ဒါပေမယ့် နျဲ့ယွီအတွက် အရမ်းကို ရုတ်တရက်ဆန်လွန်းနေတာပေါ့။ သူ့အနေနဲ့ ချက်ချင်းကြီး ဘယ်လက်ခံနိုင်ပါ့မလဲကွ။ ကလေးကို အချိန်ခဏလောက် ပေးလိုက်ပါကွာ"
ကျီကျန်းထျင်ဟာ နျဲ့နန်ချင်းနဲ့ ကုယွမ်ကို နှစ်သိမ့်ပေးလိုက်တယ်။
အဲ့အချိန်မှာ ကုယွမ်ဟာ တဖြေးဖြေးနဲ့ အမှန်တရားကို လက်ခံလာနိုင်ပါပြီ။ နျဲ့ယွီဟာလည်း သူ့သားဆိုတဲ့အကြောင်းကိုပေါ့။
အဲ့အချိန်မှာပဲ နျဲ့ယွီနဲ့ တွေ့ခဲ့တဲ့အချိန်တုန်းက သူမ စိတ်ထဲမှာ တွေးမိတာကို ပြန်သတိရလိုက်တယ်။ နျဲ့ယွီကို ဆုံးမသွန်သင်ပေးမယ့် အမေမရှိဘူးလား လို့ သူမ ကိုယ်တိုင် တွေးနေခဲ့တာပါ။
အခုတော့ နျဲ့ယွီက သူ့သားတဲ့လား။
တကယ်တော့ သူမက သူမ,သားကို သေချာသွန်သင်ပေးဖို့ အခွင့်အရေးမရခဲ့တာပါ။ ဒါတွေ အားလုံးက သူမအပြစ်တွေပါပဲ။
ကျီချီစန်းဟာ သူ့အမေရဲ့ အံ့ဩတုန်လှုပ်မှုကိုမြင်တဲ့အခါ ညင်သာစွာပြောလိုက်တယ်။
"မား၊ နျဲ့ယွီက တကယ်ပဲ မားရဲ့သားပါ။ ကျွန်တော်လည်း ဒီနေ့မှသိတာ။ ကျွန်တော်နဲ့ နျဲ့ယွီက တစ်ရက်ထဲ အတူတူ မွေးလာခဲ့ကြတာတဲ့"
နျဲ့နန်ချင်းဟာ ကုယွမ်ရှေ့မှာ ခေါင်းငြိမ့်လိုက်ကာ ...
"မိန်းကလေးကု၊ ကျွန်တော်ကပဲ တောင်းပန်ပါတယ်။ နျဲ့ယွီက အမြဲအဲလိုပဲ။ ကျွန်တော် ဆုံးမသွန်သင်တာ ညံ့လို့ပါဗျာ။ ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ သူ့ကိုသေချာဆုံးမလိုက်ပြီး မိန်းကလေးကုဆီ တောင်းပန်ဖို့ လွှတ်လိုက်ပါမယ်"