Chapter - 6 ငါ့ရဲ့သားက မိုဘိုင်းဖုန်း ဘယ်လိုသုံးရမလဲ သင်ပေးတယ်
ကုယွမ် သူမအခန်းက ထွက်လာပြီးနောက် နောင်တရသွားတယ်။
ဒီဗီလာက အရမ်းကြီးလွန်း မနေဘူးလား ...အခု သူမမျက်စိရှေ့မှာ အခန်းတွေအများကြီးမြင်နေရပြီး ဖွင့်ထားတဲ့အခန်းငယ်လေးနဲ့ စားပွဲခုံတစ်လုံး၊ ဆိုဖာနဲ့ အခြားအရာတွေလည်း ရှိနေတယ်။
သူမ ဝင်္ကပါတစ်ခုထဲ မတော်တဆမှားဝင်မိသလို ခံစားလိုက်ရတယ်။အချိန်အတော်ကြာ လမ်းပျောက်နေပြီး နောက်ဆုံးမှာတော့ လှေကားကို တွေ့သွားကာ အလျှင်အမြန်ဘဲ ဒုတိယထပ်ကို တက်သွားလိုက်တာပေါ့။
ဒုတိယထပ်ကို ရောက်တဲ့အခါမှာတော့ ကျီချီစန်းရဲ့ အခန်းကို မသိသေးဘူးဆိုတာ သတိရသွားတယ်။
ခုနက အန်တီစွန်းကို မေးလိုက်သင့်တာ။ ဒါမှမဟုတ် အောက်ထပ်ဆင်းပြီး အိမ်တော်ထိန်းကိုပဲ သွားရှာလိုက်ရင် ကောင်းမလား။တွေးရတာ မူးနောက်နောက်ဖြစ်လာသဖြင့် သက်ပြင်းချလိုက်ကာ အခုချိန်မှာ သူမအခန်းကိုပဲ ပြန်သွားသင့်တယ်လို့ ခံစားနေရပါပြီ။
ထိုအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် သူမဘေးက အခန်းတံခါးပွင့်လာခဲ့ပြီး တံခါးဝမှာ မတ်တပ်ရပ်နေတဲ့ ကျီချီစန်းရဲ့ ပုံရိပ်ကိုမြင်လိုက်ရတယ်။
သွယ်လျှတဲ့ ခန္ဓာကိုယ်ထက်မှာ အပြာရောင် ရှပ်အင်္ကျီနဲ့ ရိုးရှင်းတဲ့ ပိုးသားဘောင်းဘီကို ဝတ်ဆင်ထားကာ ပေါ့ပေါ့ပါးပါးပုံစံက သူရဲ့ ပုံမှန်အေးစက်တဲ့ အသွင်အပြင်နဲ့ ကွဲထွက်လို့နေတယ်။
သူက သူမကိုကြည့်ပြီးတော့ ...
"မား…တစ်ခုခုလိုလို့လား"ကုယွမ် ကျီချီစန်းကို မြင်မြင်ချင်း ကယ်တင်ရှင်တစ်ယောက်ကိုတွေ့သလို အပြေးအလွှားသွားကာ ...
"ချီစန်း မင်းကိုတွေ့ရတာ ကောင်းလိုက်တာ"ကျီချီစန်း : "ဟမ် ..."
ကုယွမ် တစ်ကယ်ကို ငိုချင်နေပေမဲ့ သူမ,သား အရှေ့မှာ အမေအိုကြီးတစ်ယောက်ရဲ့ပုံရိပ်ကို ထိန်းထားသင့်တယ်မလား။
ဤသို့ဖြင့် မိခင်မေတ္တာတွေ ယိုဖိတ်နေတဲ့ အပြုံးတစ်ပွင့်ကို ကြိုးစားပြုံးလိုက်ကာ ...
"ထွေထွေထူးထူးမရှိပါဘူး။ မားလည်း ပျင်းတာနဲ့ သားကို စကားလာပြောရင်ကောင်းမလား စဥ်းစားနေတာ။ ဒါပေမယ့် အချိန်က နောက်ကျနေပြီဆိုတော့ သားအိပ်ပျော်နေပြီ ထင်တာနဲ့ မနှောင့်ယှက်ချင်လို့ အခုပဲ ပြန်တော့မလို့။ သားက နိုးနေတာပဲ"