Chapter 43
ကုယွမ် ထိုအသံကိုကြားတော့ ရင်းနှီးနေသလို ခံစားနေရသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ မနက်က တွေ့ခဲ့တဲ့ အနီရောင်အသေးလေး ဖြစ်နေတယ်။
အနီရောင်အသေးလေးက ဒီနေ့တော့ အနီရောင် ဝတ်စုံကို မဝတ်ထားပါဘူး။ ဒါပေမယ့် ပန်းရောင်နဲ့အပြာ ရောစပ်ဝတ်စုံလေး ဝတ်ထားတယ်။ ပန်းရောင် နက်တိုင်လေးနဲ့ နူးညံ့ပြီး ထိကြည့်ချင်လောက်အောင် ချစ်ဖို့ကောင်းနေတယ်။
ထိုအချိန်မှာ သူ့ရဲ့ကြီးမားပြီး တောက်ပနေတဲ့ မျက်လုံးတစ်စုံဖြင့် လိုက်ကြည့်နေကာ သူ့ရဲ့ပန်းနုရောင် ပါးစပ်သေးသေးလေးကလည်း ပြုံးနေလေရဲ့။
ဒီကလေးက တကယ် အရမ်း ချစ်ဖို့ကောင်းတယ်။
ဒါပေမယ့် မနေ့က ဒီကလေးရဲ့ အရွယ်နဲ့မလိုက်အောင် ဉာဏ်များလွန်းတဲ့ အပြုအမူတွေကို သတိရသွားတော့ သူမရဲ့မျက်နှာကို တည်လိုက်ပြီး သူက အရမ်းချစ်ဖို့ကောင်းနေရင်တောင်မှ ဂရုမစိုက်ချင်ယောင်ဆောင်နေလိုက်တယ်။
ထိုကလေးကို မြင်ပြီးနောက် နျဲ့ယွီနှင့် ကျီချီစန်းတို့ မျက်နှာသိပ်မကောင်းကြပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်က အရွယ်ရောက်ပြီး ဖြစ်တဲ့အပြင် သက်ဆိုင်ရာနယ်ပယ်အလိုက် အောင်မြင်ကျော်ကြားတဲ့လူတွေဖြစ်ကြပေမယ့် သူတို့၏ ငယ်ရွယ်တဲ့ အမေဖြစ်သူရဲ့ အစီအစဥ်တွေမှ ထွက်ပြေးဖို့ကြံစည်ခဲ့တာပါ။
သူတို့ ဘာများ ပြောနိုင်ဦးမှာလဲ။
အဓိကအချက်က နို့နံ့တောင် မစင်သေးတဲ့ ကလေးတစ်ယောက်ဆီက အရယ်ခံလိုက်ရတာပဲ။ကျီချီစန်း ထုံးစံအတိုင်း မျက်ခုံးပင့်ကာ မလွယ်ကူစွာဖြင့် ထိုကလေးကိုကြည့်ပြီး မေးလိုက်တယ်။
"မင်းက ဘယ်သူလဲ။ ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ"ဒီကျွန်းတစ်ဝိုက်နှင့် အနီးအနားရှိ ပင်လယ်နေရာက သူ့ရဲ့ကိုယ်ပိုင် နယ်မြေပါ။ အခု အပြင်လူတွေ ဝင်လာတာလား။ ဒါက ပိုင်နက်ကျူးလွန်မှုဖြစ်ပြီး သူအလိုရှိပါက ဒီကလေးကို ဥပဒေအရ တရားစွဲဆိုနိုင်တယ်။