Chapter 49
နျဲ့ယွီ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရရှိခဲ့တာကြောင့် အပြုံးလေးနဲ့ သူ့ရဲ့မားကို ဇိမ်ခံကားထဲ ဖိတ်ခေါ်လိုက်ပြီး လုံခြုံရေးခါးပတ်တောင် ပတ်ပေးလိုက်သေးတယ်။
"မား၊ အခုလေးတင် အိမ်တော်ထိန်း ကျူးကောပြောတာ ကျွန်တော်တို့အိမ်မှာလည်း Michelin စားဖိုမှူးရှိနေပြီတဲ့။ မား စားချင်တဲ့ ဟာကို မှာထားလိုက်ရင် အိမ်ရောက်တာနဲ့ အဆင်သင့်စားလို့ရတာပေါ့"
ဒီအတောအတွင်း အိမ်တော်ထိန်း ကျူးကောကို Michelin စားဖိုမှူးတစ်ယောက် တူးထုတ်လာဖို့ တွန်းအားပေးခဲ့တာကိုတော့ သူသေချာပေါက် ထုတ်ပြောမှာ မဟုတ်ဘူး။
နောက်ဆုံးတော့ အောင်မြင်စွာ တူးထုတ်လာနိုင်ခဲ့ပြီပဲ။
ကုယွမ် သူပြောတာကြားတော့ အံ့အားသင့်ပြီး အရမ်း ပျော်ရွှင်သွားရတယ်။
"ဒါဆို ချီစန်းရဲ့အိမ်က ဟင်းလျာတွေ ချက်ပြုတ်နိုင်မှာပေါ့နော်"နျဲ့ယွီ : "သေချာတာပေါ့"
သူတို့ဘေးမှာ ကမ်မလီလည်း လိုက်လာခဲ့ပါတယ်။ သူမရဲ့ လုံခြုံရေးခါးပတ်ကို သူမ ဘာသာ ပတ်လိုက်ရတယ်။ သူမကို ကူညီမယ့် အရွယ်ရောက်ပြီး သိတတ်တဲ့ သားမျိုး မရှိဘူးလေ။
Michelin စားဖိုမှူးအကြောင်းကြားတော့ ကမ်မလီတစ်ယောက် အဓိကဘရန်းတွေရဲ့ ဝတ်စုံအသစ်တွေကို တွေးမိပြီး ကျေနပ်စွာ သက်ပြင်းချလိုက်တယ်။
ကုယွမ်က သူမ ဘဝရဲ့ မြင်ဖူးသမျှ လူတွေထဲမှာ ကံအကောင်းဆုံး မိန်းကလေးပါပဲ။
ချမ်းသာတဲ့လူကို လက်ထပ်တာက ဘာအသုံးဝင်လဲ။ အဆုံးမှာတော့ အမှီပြုနိုင်မယ့် ကလေးတစ်ယောက် မွေးနိုင်ဖို့ကို ခက်ခက်ခဲခဲ ကြိုးစားရမှာလေ။
သူမရဲ့ ဘဝသက်တမ်း တစ်ဝက်လောက်ကို အလဟဿ ဖြုန်းတီးခဲ့မိတာပဲ။
ကုယွမ်လို တစ်ကိုယ်တော်မေမေက အကောင်းဆုံးပဲ။ သူမကို ရောက်လေရာ နေရာမှာ လိုအပ်ချက်မရှိအောင် ထားပေးမယ့် သားတွေရှိနေတယ်လေ။
သူမ ကမ္ဘာပေါ်မှာ မိန်းကလေးတွေအများကြီး မြင်ဖူးပေမယ့် ဘယ်သူမှ ကုယွမ်ကို မယှဥ်နိုင်ဘူး။