Chapter 2

6.5K 657 3
                                    

Chapter 2 - ကျွန်တော်က မားရဲ့သားပါ


ကုယွမ်က သူရှေ့မှာရှိနေတဲ့ အသက် ၄၀ ကျော် မိန်းမကို အံ့အားသင့်စွာ ကြည့်နေတယ်။ သူမ မျက်လုံးထောင့်မှာ ထင်းနေတဲ့ ကျီးခြေတွေ ရှိနေပြီး မိတ်ကပ်နဲ့ ဖုံးမရတော့တဲ့ အမည်းစက်တွေ ရှိနေသလို အသားအရေကလည်း လျော့ရဲတွန့်နေပြီ။ ဒါပေမဲ့ ငယ်ရုပ်အရိပ်အယောင်ကို မှန်းဆကြည့်ပြီး ဒါဟာ သူမထက် ၃ လသာ ငယ်တဲ့ ညီမဖြစ်သူ ကုယွဲ့ ဆိုတာ သိလိုက်တယ်။

အမေဆုံးတုန်းက ကုယွမ်ဟာ ၁၂ နှစ် အရွယ်သာ ရှိသေးတယ်။ အဲ့ဒီအချိန်မှာ သူမ အဖေက နောက်အိမ်ထောင်ပြုလိုက်ပြီး မိထွေးဖြစ်သူမှာ သူမထက် လအနည်းငယ်သာ ငယ်တဲ့ မယားပါသမီးတစ်ယောက် ပါလာတယ်။
ရွယ်တူလိုဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်ဟာ ကျောင်းအတူသွား အတန်းအတူတက်ကြတယ်။
လပိုင်းလောက်အကြာမှာတော့ သဘောထားကွဲလွဲရာမှ ပဋိပက္ခတွေများလာပြီး ကုယွမ်ရဲ့ အဘွားဖြစ်သူက သူမကိုစောင့်ရှောက်ပေးဖို့ လာခေါ်သွားတယ်။

ကံဆိုးချင်တော့ ကုယွမ်ကလည်း နေမကောင်းဖြစ်လာပြီး သူမရဲ့ အဘွားကလည်း ဆုံးသွားပါတယ်။ အဘွားမဆုံးခင် သူမရောဂါအတွက် ကုသစရိတ်ချန်ပေးခဲ့တဲ့ ငွေတွေကိုလည်း မိထွေးဖြစ်သူက သူ့သမီး နိုင်ငံခြားပညာတော်သင်သွားရင် သုံးဖို့ဆိုပြီး ချေးသွားခဲ့တယ်။

ဒီလိုအဖြစ်တွေကြုံခဲ့ရပြီးတော့ ကုယွမ်ဟာ သူတို့ကိုစိတ်ထဲမှာ တေးထားခဲ့ပါတယ်။ ဒီအကြောင်းကို တွေးမိလိုက်တိုင်း အမြဲဒေါသဖြစ်ရပြီး ကုယွဲ့တို့ဆီ အပြေးသွားကာ ရန်တွေ့ချင်နေတာ ဖြစ်တယ်။

ဒါပေမဲ့ သူမနိုးလာချိန်မှာ ကမ္ဘာကြီးကပဲ အများကြီးပြောင်းလဲသွားလို့လား၊ အသက်အရွယ်ရလာတဲ့ ကုယွဲ့ကို မြင်လိုက်ရလို့ပဲလားမသိ … သူမ စိတ်ထဲ အံ့ဩကာ နည်းနည်းပျော်မိသလိုဘဲ။ သူမက ကုယွဲ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး "နင်က ကုယွဲ့ဟုတ်တယ်မလား။ ငါက နင့်အစ်မ ကုယွမ်လေ။ ငါတို့မတွေ့တာ နှစ်တွေအများကြီးကြာပြီနော်"

ကုယွဲ့ဟာ ပါးစပ်အဟောင်းသားဖြစ်နေပြီး ဘာတစ်ခွန်းမှ မပြောနိုင်တော့ပါဘူး။

ဘေးမှာရပ်နေတဲ့ သမီးဖြစ်သူ ဖန်းဇီဟန်က ကုယွမ်ကို စိတ်မနှံ့တဲ့သူတစ်ယောက်လို ကြည့်ပြီး ...
"ရှင် ဘယ်သူလဲ။ ဘာတွေလာပြောနေတာလဲ"

ကုယွမ် : "သမီးနာမည်က ဇီဟန်တဲ့လား။ ငါက မင်းရဲ့ကြီးကြီး၊ မင်းအမေရဲ့အစ််မပါ။ ကိုယ့်ထက်ကြီးသူတွေနဲ့ ပြောဆိုတဲ့အခါ ယဉ်ကျေးရမှာ မသိဘူးလား"

ကုယွမ်ရဲ့ စိတ်ထဲမှာတော့ သူမထက် အသက်ကြီးသလိုဖြစ်နေတဲ့ တူမဖြစ်သူကိုကြည့်ရင်း မကျေနပ်ဘဲမနေနိုင်ဘူး။
ပိုက်ဆံချမ်းသာတော့ရော ဘာလုပ်ရမှာလဲ။ သူမကတော့ အိပ်ပျော်သွားရုံလေးနဲ့ လှပနုပျိုပြီး လူတိုင်းထက် သာနေပြီလေ။

ဖန်းဇီဟန် : " ... ... ... "

ကုယွဲ့ရဲ့ မျက်နှာမှာလည်း သံသယတွေနဲ့ ပြည့်နေတယ်။ "နင် … နင် တကယ်ပဲ ကုယွမ်လား"

ကုယွဲ့က သူမကို ယုံမှာမဟုတ်ဘူးဆိုတာ ကုယွမ်က တွေးမိပြီးသားပါ။ ကုယွမ်က ကိုယ့်မျက်နှာကိုယ် ထိကြည့်လိုက်တယ်။ သူမ အေးခဲအိပ်ပျော်နေတုန်းက သွင်းခဲ့တဲ့ အာဟာရတွေက နိုးလာပြီးမှ ပိုအစွမ်းပြနေလို့လား မသိပါဘူး။ အခုဆို သူမရဲ့အသားအရေက ခွဲစိတ်မှု မလုပ်ခင်ကထက်တောင် ပိုကောင်းနေသေးတယ်။ နူးညံ့ချောမွေ့တောက်ပနေလိုက်တာများ အခွံခွာပြီးစ ကြက်ဥအကာလေးလိုဘဲ။
တွေးရင်းတွေးရင်း သူမကိုယ်သူမ အတော်ကျေနပ်သွားတယ်။

သူမဟာ ကုယွဲ့ကို တစ်ချက်ပြုံးပြလိုက်ပြီး ...
"လွန်ခဲ့တဲ့ နှစ်အစိတ်နဲ့ယှဉ်ရင် ငါ့မှာ ပြောင်းလဲသွားတာတွေရှိတယ်လို့ ထင်လား ညီမလေး။ နင် ရှာကြည့်လို့မရဘူးမဟုတ်လား။ ငါပြောသားဘဲ ငါက နင့်ရဲ့ တကယ့် အစ်မ စစ်စစ်ပါလို့။ ဘယ်လိုလုပ်မှားစရာရှိမှာလဲ၊ မဟုတ်ဘူးလား"

ပျော့တွဲနေတဲ့အရေပြားနဲ့ အရေးအကြောင်းတွေရှိနေတဲ့ ကုယွဲ့  : " … "
လွန်ခဲ့တဲ့ နှစ်အစိတ်နဲ့ အခုနဲ့ ဘာမှမပြောင်းလဲသွားဘူး ဆိုကတည်းက ဒါတစ်ခုခုမှားနေပြီ မဟုတ်လား။ ၂၅ နှစ်ကြာပြီးတဲ့ နောက်မှာ သူမက သက်လတ်ပိုင်း မိန်းမကြီးတစ်ယောက်ဖြစ်နေပြီး ကုယွမ်က ဘယ်လိုဖြစ်ပြီး မိန်းမငယ်လေး ဖြစ်နေရတာလဲ။

အံ့ဩပြီး မနာလိုကာ မကျေနပ်ဖြစ်နေပုံရတဲ့ ကုယွဲ့ကိုကြည့်ရင်း ကုယွမ် အတော်စိတ်ကျေနပ်သွားတယ်။ "နင် မသိခဲ့ဘူးလား။ ငါ့ရဲ့ ခွဲစိတ်မှုက မအောင်မြင်ခဲ့လို့ ဆရာဝန်တွေက ငါ့ကို အေးခဲထားခဲ့ကြတာ။ အခုခေတ်နည်းပညာတွေက အရမ်းတိုးတက်လာတော့ ငါ့ရောဂါကို ပျောက်အောင် ကုနိုင်ပြီး အေးခဲအဆင့်ကနေ ထွက်လာနိုင်ခဲ့ပြီလေ"

ကုယွမ်ဟာ ပြောပြောဆိုဆိုနဲ့ပဲ ကြက်သေသေနေတဲ့ ကုယွဲ့တို့ သားအမိ၊ ကောင်လေးတစ်ယောက်နဲ့ ယောကျ်ားကြီးတစ်ယောက်ကို ဖြတ်ကျော်လာခဲ့တယ်။ အိမ်ထဲဝင်ကြည့်လိုက်တဲ့အခါမှာတော့ အသုံးအဆောင်ပရိဘောဂတွေက မူလနဲ့ လုံးဝကွာခြားနေခဲ့ပါပြီ။ သူမဟာ မျက်မှောင်ကြုံ့လိုက်ပြီး "ရှင်တို့တွေ ဘယ်လိုဖြစ်ပြီး ကျွန်မအိမ်မှာ နေနေကြတာလဲ။ ကျွန်မအိမ်ကရော ဘယ်လိုဖြစ်သွားရတာလဲ။ ရှင်တို့ ဘယ်လိုလုပ်လိုက်ကြတာလဲ"

ကုယွဲ့ဆီက ဒီတစ်ခါမှာတော့ စကားသံထွက်လာပါပြီ။

ကုယွဲ့မှတ်မိသလောက်ကတော့ အဲဒီအချိန်တုန်းက ခွဲစိတ်မှုမအောင်မြင်လို့ ကုယွမ်ကို အေးခဲထားလိုက်ကြပြီဆိုတာပါဘဲ။
သူ့စိတ်ထဲမှာတော့ ကုယွမ် တကယ်သေသွားလို့သာ အေးခဲထားလိုက်ကြတာလို့ ယူဆပြီး လွန်ခဲ့တဲ့ ၂၅ နှစ်လုံး ကုယွမ်ကို  သေလူလို့ သတ်မှတ်ထားခဲ့တာပါ။

မမျှော်လင့်ဘဲ သူမက အသက်ရှင်နေခဲ့တာတဲ့လား …

ကုယွဲ့ : "ဒါက အခု ငါ့အိမ်ဖြစ်နေပြီ။ ဒီတိုက်ခန်းက ငါ့အပိုင်ပဲ။ ငါ ဒီအခန်းကို အမွေရထားတာ"

ကုယွမ် : "နင် ဒီတိုက်ခန်းကို အမွေရတယ်၊ ဟုတ်လား"

ကုယွမ်က ရုတ်တရက် ဒေါသထွက်လာပါတယ်။ သူတို့မှာ အတိတ်က ရန်ငြိုး ရန်စတွေရှိခဲ့တာမှန်ပေမယ့် အခု ရန်မဖြစ်ချင်တော့ဘူး တွေးပြီးခါမှ ကုယွဲ့က ဒါသူ့တိုက်ခန်းပါလို့ ပြောပြီး သူမရဲ့ အိမ်ကို အပိုင်သိမ်းချင်နေတယ်။

ကုယွဲ့ : "နင်က အေးခဲခံထားရတော့ ဒါတွေ သိချင်မှသိမယ်။ အဖေက ဒီတိုက်ခန်းကို အမွေဆက်ခံရတယ်လေ။ နောက်တော့ အဖေကနေ ငါ့ကို လက်ဆင့်ကမ်းခဲ့တာပေါ့။ အခုတော့ ဒီတိုက်ခန်းက ငါ့နာမည် အမည်ပေါက်တောင် ဖြစ်နေပြီ"

ဘေးမှာ မတ်တပ်ရပ်ပြီး တချိန်လုံး ကြောင်နေတဲ့ ဖန်းဇီဟန်ကလည်း ရုတ်တရက် သတိဝင်လာပြီး "ဟုတ်တယ်။ ဒီအိမ်က အခု ငါတို့အိမ်" လို့ အလောတကြီး ဝင်ပြောတယ်။

ကုယွဲ့ရဲ့ခင်ပွန်းဖြစ်သူလို့ ထင်ရတဲ့ ယောကျ်ားကြီးကလည်း သူ့မိန်းမနဲ့ ကုယွမ်တို့ အပြန်အလှန်ပြောနေကြတာကို နားထောင်ပြီး ကြက်သေသေနေရာကနေ တိုက်ခန်းအကြောင်းလည်း ကြားရော ရှူးရှူးရှားရှားဖြစ်ပြီး ရန်လိုတဲ့လေသံနဲ့ "ကုယွဲ့ … ဒါက ဘယ်သူလဲ၊ ဒီအိမ်က ငါတို့မိသားစုပိုင်တဲ့ အိမ်လေ။ ဒီမိန်းမနဲ့ ဘာဆိုင်လို့လဲ"

ကုယွမ်က သူတို့ကို ဂရုမစိုက်ဘဲ ကုယွဲ့ ကိုသာ တိုက်ရိုက်မေးလိုက်ပါတယ်။ "ငါတို့အဖေ ဘယ်မှာလဲ"

ကုယွဲ့  : " အဖေဆုံးပြီးတာ ဆယ်နှစ်မက ကြာပြီ။ သူမဆုံးခင်မှာ ဒီတိုက်ခန်းကို ငါ့အတွက် အမွေပေးခဲ့တာ။ နင့်ကိုထပ်ပြောမယ်နော်၊ ဒီတိုက်ခန်းက ငါ့အပိုင်ပဲ"

ဖန်းဇီဟန်က တစ်ခုခုကို ရုတ်တရက်သတိရသွားပြီး အိပ်ခန်းထဲကို ပြေးဝင်သွားတယ်။ ပိုင်ဆိုင်ခွင့်စာချုပ်တစ်ခုကို ယူလာပြီး ...
"ဒါ ငါတို့ ပိုင်ဆိုင်ကြောင်း စာချုပ်ပဲ။ တွေ့လား ... ပိုင်ရှင်နေရာမှာ ငါ့အမေနာမည် ရေးထားတာ၊ ရှင်နဲ့ လုံးဝမဆိုင်ဘူး။ ငါတို့အိမ်မှာ သူတောင်းစားလိုမျိုး တွယ်ကပ်မနေစမ်းပါနဲ့"

ကုယွမ်က ဒေါသနဲ့ အံကြိတ်လိုက်ပြီး ကုယွဲ့တို့ သားအမိကို ကြည့်လိုက်တယ်။ "ငါက အခုထိ မသေသေးဘူးလေ၊ ငါ့ပိုင်ဆိုင်မှုကို ဘာကြောင့် အဖေ့ဆီ လွှဲပေးရမှာလဲ၊ ငါ့ခွင့်ပြုချက်မပါဘဲ ဒီလိုလက်လွှဲယူလို့ ရကြေးလား"

ကုယွဲ့ဟာ သူမရဲ့သမီးထက်တောင် နုပျိုပြီး ပိုလှနေတဲ့ အစ်မဖြစ်သူ ကုယွမ်ကို မနာလိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး "နင် အေးခဲခံထားရတာ ၅ နှစ်ကြာတော့ အဖေက နင့်ရဲ့ သေဆုံးကြောင်း လက်မှတ်ကို လျှောက်လိုက်တယ်လေ"

ဒါတွေဟာ နှစ်၂၀ ကျော် ကြာခဲ့ပြီ။ အဲဒီခေတ်အခါတုန်းက ရုံးကိစ္စတွေကို စေ့စေ့စပ်စပ်လုပ်စရာမလိုဘဲ ပြီးစလွယ်လုပ်နိုင််တယ်လေ။ သူမရဲ့ သေဆုံးကြောင်းလက်မှတ်ကိုရပြီးမှတော့ သူတို့အတွက် အစစအရာရာ လွယ်ကူပြီပေါ့။ ကုယွမ်ရဲ့ ဘဏ်ထဲမှာ အပ်ထားတဲ့ ပိုက်ဆံတွေကို ဝေစုခွဲယူလိုက်ပြီး သူမရဲ့ တိုက်ခန်းကိုလည်း အပိုင်သိမ်းလိုက်ကြတယ်။ လိုချင်တဲ့ပစ္စည်းတွေကို သိမ်းပြီး မလိုချင်တာတွေကို ပစ်လိုက်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကုယွမ် ပိုင်ခဲ့ဖူးတဲ့ အရာတိုင်းကတော့ ဒီလောကကြီးမှာ မရှိတော့ပါဘူး။

"သေဆုံးကြောင်း လက်မှတ် ဟုတ်လား"
ကုယွမ် အံ့အားသင့်ပြီး မှင်သက်မိနေပါတယ်။

ဆေးရုံက လူတွေက သူမအပေါ် လက်မလျှော့ဘဲ သူမရဲ့ရုပ်ခန္ဓာကို ထိန်းသိမ်းထားနိုင်ဖို့ နည်းပေါင်းစုံနဲ့ကြိုးစားနေခဲ့ချိန်မှာ သူမရဲ့ တစ်ဦးတည်းသော သွေးသားဖြစ်တဲ့ အဖေက သူမကို အစောကြီးတည်းက လက်လျှော့ပြီး သေဆုံးကြောင်း အထောက်အထားတောင် လုပ်နေခဲ့ပါတယ်။

ဘာမှမရှိတော့သလို ဟာတာတာဖြစ်နေတဲ့ ကုယွမ်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး ကုယွဲ့က အားရနေတယ် "အစ်မရေ နင်က နုပျိုပြီး လှနေတယ်ဆိုပေမယ့် ဒီအခန်းကတော့ ငါ့အပိုင် ဖြစ်သွားပြီနော်။ နင်ပြန်လိုချင်တယ်ဆိုရင် အဖေ့ကို သွားရှာလေ။ ငါ့ကို ဒီတိုက်ခန်း ပေးခဲ့တာ အဖေ၊ နင်မဟုတ်ဘူး"

နောက်တော့ ကုယွဲ့က တစ်ခုခုကို အမှတ်ရသွားပြန်ပါပြီ "နင့်ရဲ့ ကျောက်စိမ်းဘယက်လေ သိတယ်မလား။ အဲဒါလည်း အဖေက ငါ့ကိုပေးခဲ့တာ"

ကုယွမ် ဒါကို ကြားလိုက်ရတဲ့အခါ အသားတွေ ချက်ချင်းတုန်လာပြီး ကုယွဲ့ကို ပါးချချင်စိတ်တွေ တဖွားဖွားဖြစ်လာခဲ့ပါတယ်။
အဲဒီကျောက်စိမ်းဘယက်ဆိုတာ ကုယွမ်ရဲ့အမေက သူမအတွက်ချန်ခဲ့တဲ့ အမှတ်တရပစ္စည်းပါ။ အမေဖြစ်သူရဲ့အမွေလေးကိုမှ အဖေက မယားပါသမီး ကုယွဲ့ကို ပေးပစ်ခဲ့တယ်။

ဖန်းဇီဟန်က တစ်ခုခုပုံမှန်မဟုတ်တော့ဘူး ထင်တာနဲ့  "ရှင် ဘာလုပ်ချင်လဲ။ ရိုက်နှက်ချင်နေတာလာား။ ဒါ ကျွန်မတို့အိမ်နော်။ ရှင်တစ်ယောက်ယောက်ကို လက်ပါတာနဲ့ ကျွန်မ 110 ကို ချက်ချင်းဆက်လိုက်မှာ။ အခုချက်ချင်းထွက်သွာ" လို့ ကမန်းကတန်းအော်ပြောလိုက်ပါတယ်။

နောက်ထပ်မြင်ကွင်းကတော့ ဖရိုဖရဲပါဘဲ။
ကုယွဲ့ရဲ့ ယောကျ်ားနဲ့ ဖန်းဇီဟန်ရဲ့ ရည်းစားလည်း ရောက်လာတယ်လေ။ ၄ယောက်နဲ့ ၁ယောက်ယှဉ်ရတော့ ကုယွမ်ပဲ တိုက်ခန်းကနေ နှင်ချခံလိုက်ရပြီး သူမရဲ့ လက်ဆွဲသေတ္တာလေးလည်း လွှင့်ပစ်ခံလိုက်ရပါတယ်။ သေတ္တာက ပွင့်နေပြီး အဝတ်အစားတွေလည်း ပြန့်ကျဲလို့ပေါ့။

ကုယွဲ့က ဘဝင်မြင့်မြင့်နဲ့ လှောင်ရယ်နေပြီး "နင်က နုပျိုနေတော့ရော ဘာထူးလဲ။ နင်က အသက်ကြီးနေတဲ့ ခေတ်ဟောင်းလူသားပဲ။ အခုခေတ်အကြောင်း ဘာတစ်ခုမှမသိဘူး။ လွန်ခဲ့တဲ့ ၂၅ နှစ်နဲ့အခု အတူတူပဲလို့ ထင်နေသေးတာလား။ နင်ပိုင်တာလည်း ဘာတစ်ခုမှမရှိတော့ဘူး"

အဲဒီအချိန်မှာ အိမ်နီးချင်းတွေလည်း အသံကြားလို့ ရောက်လာကြပါပြီ။ ကုယွဲ့တစ်ယောက် သူ့အိမ်ရောက်လာတဲ့ မိန်းကလေးကို ဆဲဆိုကြိမ်းမောင်းနေတာကို လူတွေက စပ်စုပြီး ဝိုင်းကြည့်နေကြတယ်။ ကြည့်နေတဲ့လူအုပ်ကြားမှာပဲ ကုယွမ်ဟာ ခေါင်းလေးငုံ့ပြီး အဝတ်အစားတွေကို ပြန်ထည့်နေပါတယ်။

သူမဟာ လွန်ခဲ့တဲ့ နှစ် ၂၀ တည်းက သေဆုံးတယ်လို့ သတ်မှတ်ခံရပြီးပြီ။ ပိုင်ဆိုင်မှုလည်း နတ္ထိ။ တိုက်ခန်းကလည်း သူမအပိုင် မဟုတ်တော့သလို ဘဏ်ကငွေတွေလည်း မရှိလောက်တော့ပါဘူး။ သူမ သက်ပြင်းချလိုက်တယ်။ လက်ရှိပိုင်တာဆိုလို့ လက်ဆွဲသေတ္တာလေးနဲ့ အဲဒီထဲမှာပါတဲ့ (၈၈၀)ယွမ်ပါပဲ။ စစချင်းမှာ ယွမ် (၁၀၀၀) ပါပေမဲ့ တက္ကစီအတွက် (၁၂၀) ယွမ် သုံးလိုက်ရတယ်လေ။

(၈၈၀) ယွမ်ဆိုတာ အထိုက်အလျောက်တော့ အသုံးခံပါသေးတယ်လို့ တွေးပြီး ကုယွမ်ဟာ အစီအစဉ်ဆွဲဖို့ စဉ်းစားနေပါတယ်။ အရင်ဆုံး နေရာတစ်နေရာ ငှားနေရမယ် … နောက်တော့ တရားစွဲဖို့ နည်းလမ်းရှာပြီး … သူမရဲ့ တိုက်ခန်းကို ရအောင် ပြန်ယူရမယ်။

ဒါပေမဲ့ သူမရဲ့အိတ်ကပ်လေးထဲကို (၈၈၀) ယွမ် ထည့်လိုက်တဲ့အချိန်တုန်းက ဖန်းဇူဟန်က ဘေးကနေ လှောင်ပြောင်နေပါတယ်။ ဖြစ်ချင်တော့ အိတ်ကလည်း ပွင့်သွားလို့ ပါသမျှ ပစ္စည်းတွေကို အတိုင်းသားမြင်လိုက်ကြရတာပေါ့။

ဖန်းဇီဟန်က ပြုံးစိစိနဲ့ "တကယ့်ကို ခိုကိုးရာမဲ့နေတဲ့ သရဲပါပဲလား။ အဝတ်အစားလေး နည်းနည်းနဲ့ ပိုက်ဆံရာဂဏန်းလေးပဲရှိတယ်" ဆိုပြီး လှောင်နေတယ်။

ကုယွဲ့ကလည်း ဝမ်းသာတဲ့ပုံစံနဲ့ "နုပျိုနေတာ ဘာကောင်းလို့လဲ။ နင်ဆင်းရဲလိုက်တာမှ သူတောင်းစားသာသာပါလား"

လာကြည့်ကြတဲ့ အိမ်နီးချင်းတွေကြားမှာ အတိတ်ကဖြစ်ရပ်တွေကို မီခဲ့တဲ့ အိမ်နီးချင်းဟောင်းတစ်ယောက်လည်း ပါပါတယ်။  အစပိုင်းမှာ နည်းနည်းလန့်သွားပေမယ့် ကုယွမ်ကို ကရုဏာသက်လာမိတယ်။ "မင်း အိမ်ခြံမြေရုံးကို ဖုန်းဆက်ကြည့်ပြီး ဒီလိုအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲ မေးကြည့်ပါလား"

ကုယွမ်လည်း သူမ တွေးထားတာနဲ့ တူနေတာမို့ အိမ်နီးချင်းဖြစ်သူကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်ပြီး "ကျွန်မလည်း ဖုန်းခေါ်ဖို့ တယ်လီဖုန်းရုံကို ရှာဖို့ တွေးနေတာပါ"

အိမ်နီးချင်း : "တယ်လီဖုန်းရုံ ဟုတ်လား။ မင်းရဲ့ မိုဘိုင်းဖုန်း ဘယ်ရောက်နေလို့လဲ။ အမြန်ဖုန်းခေါ်ပြီး မေးလိုက်စမ်းပါကွာ။ တိုင်ပင်ဖို့ ရှေ့နေ့တစ်ယောက်လည်း ခေါ်ဖို့လိုမယ်နော်"

ကုယွမ် : "မိုဘိုင်းဖုန်း ဟုတ်လား"

သူမ, မကြာခင်ပဲ သဘောပေါက်သွားပါတယ်
"ရှင်တို့တွေ လက်ထဲမှာ ကိုင်နေကြတဲ့ ဂိမ်းစက်အသေးလေးက မိုဘိုင်းဖုန်းဆိုတာလား"

အိမ်နီးချင်းအပါအဝင် လူတိုင်း အံ့အားသင့်သွားတယ်။

ကုယွဲ့ဟာ ရုတ်တရက် မျက်ရည်ထွက်အောင် ခွက်ထိုးခွက်လန်အော်ရယ်ပြီး "နင်က မိုဘိုင်းဖုန်းအကြောင်းတောင် မသိပါလား"

ကုယွမ်ရဲ့ စိတ်နှလုံးက လစ်ဟာနေပါပြီ။ သူမ တကယ်ကိုပဲ ဘာမှမသိပါလားနော်။

အိမ်နီးချင်းက ပိုတောင်သနားသွားပြီး "မင်းမှာ အခုပိုက်ဆံရောရှိရဲ့လား" လို့ မေးလိုက်ပါတယ်။

ကုယွမ် : "ဟုတ် ကျွန်မမှာ ယွမ် (၈၀၀) ကျော် ရှိပါတယ်"

အိမ်နီးချင်း : " … "

မင်း (၈၀၀) ယွမ်နဲ့ ဘာများလုပ်နိုင်မှာတဲ့လဲ။

ကုယွဲ့က သူတို့ပြောနေတာကို ကြားပြီး ပိုတောင်အသံကျယ်ကျယ်နဲ့ အော်ရယ်လိုက်သေးတယ်။
စစချင်းတုန်းကတော့ သူမက ကုယွမ်ရဲ့ နုပျိုတဲ့မျက်နှာလေးကို မနာလိုနေတာလေ။ အခုတော့ ကုယွမ်ရဲ့ ဘဝကို သူမလုံးဝအားမကျတော့ပါဘူး။

ကုယွမ်က နုပျိုတာတော့မှန်ပါတယ်။ ဒါပေမဲ့ သူမမှာ ပိုက်ဆံမရှိဘူး။ အိမ်မရှိ၊ ခင်ပွန်းမရှိ၊ သားသမီးမရှိ၊ ဘာဆိုဘာမှမရှိတာပါ။ ကုယွဲ့မှာတော့ အလုပ်အကိုင်ကောင်းတဲ့ ယောကျ်ားနဲ့ သမီးရှိတယ်လေ။ ဒါကပဲ ဘဝရဲ့ အောင်မြင်ခြင်း မဟုတ်လား။

ဘေးမှာ ရပ်ကြည့်နေကြတဲ့ စပ်စုသူတွေက ကုယွမ်ကို သနားသလိုလိုနဲ့ ကြည့်နေပြီး စိတ်ထဲမှာတော့ လှောင်ချင်နေကြတယ်။ သူတို့ဘဝမှာ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှမကြုံဖူးဘူးလေ။ ရှားရှားပါးပါးကိစ္စဖြစ်တာကြောင့် တချို့က ကုယွမ်ရဲ့ဓာတ်ပုံကို ခိုးရိုက်ပြီး နီးစပ်ရာကို ဖြန့်နေကြတယ်။

သူမကို လှောင်ပြောင်သရော်နေကြတဲ့အသံကို ကြားပြီး ကုယွမ်တစ်ယောက် သူမ အရှက်တကွဲဖြစ်ရပြီဆိုတာ နားလည်လိုက်ပါပြီ။ သူမ တတ်နိုင်တာ မရှိဘူး။ (၂၅) နှစ်တောင် ကြာခဲ့ပြီးနောက် ခေတ်မီနည်းပညာနောက်မှာ အပြတ်အသတ်ကျန်ခဲ့ပြီကိုး။ ငါ တကယ်ပဲ အန်းတိတ်အဘွားကြီး ဖြစ်နေပြီလား။

သူမ တွေးတောနေတုန်းမှာပဲ ဘေးနားက လူတွေဆီက ရယ်သံ ရုတ်တရက်ရပ်သွားတာကို ကုယွမ် သတိထားမိလိုက်တယ်။ လူတိုင်းက ခြံဝင်းတံခါးဝဆီကို တအံ့တဩ ငေးကြည့်နေကြတယ်။

"ကားတွေ အများကြီးပါလား"
"သက်တော်စောင့်တွေလည်း အများကြီးဘဲ ဝတ်စုံနက်တွေ ဝတ်ထားကြတယ်"
"ဘာကိစ္စ အထွေအထူး ရှိလို့ပါလိမ့်"

"ဝိုး …  ဒါအကန့်အသတ်နဲ့ ထုတ်ထားတဲ့ ရိုးရိုက်စ် ဇိမ်ခံကားမလား … အမြန်ဓာတ်ပုံရိုက်စမ်းပါ…ဘော်ဒါတွေကို ကြွားရအောင်လို့ …"

ကုယွဲ့တို့ သားအမိကလည်း ပတ်ဝန်းကျင် လှုပ်လှုပ်ရှားရှားဖြစ်နေတာကို ဘဝင်မကျဖြစ်နေတယ်။ သာမန်ရပ်ကွက်လေးပဲဆိုတော့ ဒီပတ်ဝန်းကျင်မှာ လူချမ်းသာတွေကို မြင်ရခဲတယ်။ ဒီလိုအဖြစ်မျိုးကတော့ မကြုံစဖူးပင်။

ဘယ်သူမှ မထင်မှတ်ထားတာကတော့ ဒီဇိမ်ခံကားကြီးပေါ်ကနေ သက်တော်စောင့်တွေ ခြံရံထားတဲ့ လူတစ်ယောက် ဆင်းလာတာ၊ အဲဒီလူက လူအုပ်ထဲကို လျှောက်လာပြီး လူတွေရှေ့မှာ ရပ်လိုက်တယ်။ အဲဒီလူရဲ့ ပတ်ပတ်လည်မှာ သက်တော်စောင့်တွေက ဝိုင်းရံထားတယ်။ စျေးကြီးမှန်း သိသာနေတဲ့ ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ရှည်လျားတဲ့အရပ်၊ ဓါးသွားလို မျက်ခုံးများ စူးရှတဲ့အကြည့်နဲ သန်မာတဲ့ အရှိန်အဝါတို့က ဘယ်လိုဘဲကြည့်ကြည့် သာမန်အညတရတစ်ယောက်နှင့် မတူပေ။

လူတိုင်း အံ့သြနေကြတယ်။ ဒီလူက ဘယ်သူလဲ။ တစ်ယောက်ယောက်ရဲ့ ဆွေမျိုးများလား။ ဒီလိုရပ်ကွက်လေးထဲ ဘာကိစ္စနဲ့ လာတာပါလိမ့်။

ဖန်းဇီဟန်က စိတ်လှုပ်ရှားပြီး ရှက်သွေးဖြာနေတယ်။ ဒီလူက သူမဆီကို ဦးတည်ပြီးလာနေတယ်လို့ ခံစားနေရတယ်။
ဒါက ဘာကို ဆိုလိုတာလဲ ...
တခြားသူတစ်ယောက်ကသူမကို ကြွေနေတာလား။ ဒါဆို အခုတွဲနေတဲ့ ရည်းစားကို ထားပစ်ခဲ့ရတော့မလား ...

ဘေးနားကလူတွေကတော့ သူတို့ရပ်ကွက်လေးနဲ့ မလိုက်ဖက်တဲ့ လူရည်သန့် သူဌေးတစ်ယောက်က သူတို့ဆီလာတာကိုပဲ အံ့ဩမဆုံးဖြစ်နေကြတာပါ။

ဒီပုဂ္ဂိုလ်က သူမရှေ့နားကို မထင်ထားဘဲ ချဉ်းကပ်လာတော့ ဖန်းဇီဟန်တစ်ယောက် ရင်တွေခုန်ပြီး လေပေါ်မြောက်တော့မလို ခံစားနေတယ်။ မျက်နှာနီနေပေမယ့် သူမစိတ်လှုပ်ရှားနေတာကို အတတ်နိုင်ဆုံးသိုဝှက်ထားပြီး သူမကပဲ အရင်ဆုံး နှုတ်ဆက်စကားဆိုလိုက်ပါတယ်။
"ဆရာ … ကျွန်မကို ရှာနေတာများ …"

သူမ စကားမဆုံးခင်မှာပဲ ကိုလူချောဆီက စကားသံကို ကြားလိုက်ရပါပြီ။
"မား… တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က မားရဲ့သားပါ"

ဖန်းဇီဟန် : " ... ... ... "

ကုယွဲ့: " ... ... ... "
စပ်စုနေတဲ့သူတွေ: " ... ... ... "


(ဆက်ရန်)

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now