Chapter 129 (ကျန်းယင်ဖုန်း)
နျဲ့ယွီက သူ့ဘေးက ကောင်လေးရဲ့ လက်ကို ဆွဲယူလိုက်ပြီး ကုယွမ်ရဲ့အရှေ့ကို လျှောက်သွားခဲ့တယ်။
နီးကပ်လာတော့ ကုယွမ်တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။ သူက အရပ်ရှည်ပြီး ပိန်ပါးကာ အပြာရောင်ဝတ်ရုံက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားတယ်။
မျက်နှာကို မမြင်ရသေးပေမယ့် ကြည်လင်နူးညံ့တဲ့ မျက်လုံးတစ်စုံကို ရှင်းလင်းစွာ မြင်နိုင်တယ်။
ထိုမျက်လုံးတွေက အဝါဘက်သန်းနေတဲ့ အညိုရောင်ရှိတယ်။
နှင်းကျလို့အပြီးမှာ ကြည်လင်သွားတဲ့ ကောင်းကင်တစ်ခုအလား ...
တစ်ချက်ကြည့်ရုံနဲ့တင် ပူပြင်းခြောက်သွေ့တဲ့ ကန္တာရမှန်းသိသာနေပေမယ့် တောင်ကျရေရဲ့ လတ်ဆတ်တဲ့ ရနံ့ကို ရနေတယ်။
ထိုအချိန်မှာ ကောင်လေးက ကုယွမ်ကို မကြည့်ဘဲ မျက်လွှာချလိုက်သဖြင့် သူ့ရဲ့မျက်တောင်ရှည်ကြီးတွေက ကိုင်းညွတ်ကျနေတော့တာပေါ့။
အနည်းငယ် ရှက်ရွံ့နေပုံပေါ်တယ်။
နျဲ့ယွီက အပြုံးတစ်ခုဖြင့် ကောင်လေးရဲ့ ပုခုံးကို ပုတ်လိုက်ပြီး "ရှေင်ဖုန်းဖုန်း၊ ဒါက ငါတို့ရဲ့ အမေလေ၊ လာပြီး မား လို့ခေါ်လိုက်"
သူက ပြောရင်းနဲ့ ဆယ်ကျော်သက်လေးရဲ့ မျက်နှာကာကို ဆွဲဖယ်လိုက်တယ်။
မျက်နှာကာ လျှောကျသွားသောအခါ ကုယွမ် ထုံထိုင်းသွားရတယ်။
ထိုအချိန်မှာ သူက ဘာလို့ သတို့သားအဖြစ် ဖမ်းခေါ်ခံလိုက်ရတာလဲဆိုတာကို သူမ နားလည်သွားရတယ်။
ဟော်ကျင်းချန်ပြောတဲ့ 'ကြည့်ကောင်းတဲ့ အသွင်အပြင်' ဆိုတဲ့စကားကိုလည်း သဘောပေါက်သွားခဲ့တယ်။
ကုယွမ်က ရုပ်ရှင်အကယ်ဒမီရဲ့ ကျောင်းသူတစ်ယောက်ဖြစ်သဖြင့် ချောမောတဲ့ လူငယ်လေးတွေအများကြီး မြင်ဖူးပါတယ်။
သူမရဲ့ သားတစ်ယောက်ဆီတိုင်းကလည်း အခြားသူတွေထက် သာလွန်စွာ ချောမောကြပေမယ့် သည်တစ်ယောက်ကတော့ ကွဲပြားတယ်။