8

460 28 0
                                    

ကျွန်တော်လေဆိပ်မှာ အလုပ်လုပ်တုန်းက ညနေဘက်ဆင်းရရင် ညနေ (၃) နာရီကနေ ည (၁၁) နာရီထိဆင်းရတယ်။ ဒါပေမဲ့ ဂျူတီအလွှဲအပြောင်းနဲ့ဆိုတော့ ၁၁ ခွဲ (သို့) ၁၂ လောက်မှ အိမ်ပြန်ရတာများတယ်။

အဲ့ဒီညက နိုဝင်ဘာလ (၃၀) ရက်နေ့ည ၊ ကျွန်တော်ရော ကောင်မလေးရောက ဂျူတီအတူတူကြတာ ၊ ကျွန်တော့်ကောင်မလေးက ခရစ်ယာန်ဆိုတော့ Sweet December အတွက် ဘုရားရှိခိုးမှာမို့ အပြန်ကျ သူ့ကို Church လိုက်ပို့ပေးပါဆိုတာနဲ့ ကျွန်တော်လည်း လိုက်ပို့ပေးလိုက်တာ။ ကျွန်တော်တို့ ထွက်လာတော့ (၁၁) ခွဲပြီးနေပြီ။ လေဆိပ်နဲ့က သိပ်မလှမ်းတော့ ငါးမိနစ်လောက်မောင်းတော့ ရောက်သွားတယ်။ သူ့ကို နှုတ်ဆက်ပြီး ကျွန်တော်လည်း ပြန်လာတာပေါ့။ ဒါပေမဲ့ အလာတုန်းက လမ်းက မပြန်ဘဲ လမ်းပိုကောင်းတဲ့လမ်းက ရွေးပြန်လိုက်တာ ငါးပါးမှောက်တော့တာပဲ။

အဲ့ဒီနေရာက အရင်က သင်္ချိုင်းဟောင်းနေရာပေါ့ ၊ ဘုရားပျက်တစ်ဆူရှိတယ်။ နောက်တော့ သင်္ချိုင်းကိုရွှေ့ပြီး ဘုရားကို ပြန်မွမ်းမံထားလိုက်တာ အခုဆို တော်တော်သပ္ပါယ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီညကတော့ လမ်းမီးက လမ်းမကြီးလိုမဟုတ်တော့ လင်းတဲ့နေရာက လင်းပြီး မလင်းတဲ့နေရာဆို မှောင်မဲနေတာပဲ။ ကျွန်တော်က တစ်ယောက်တည်းဆိုတော့ သီချင်းလေးသည်းပြီး မောင်းလာတာ ကျွန်တော်သတိထားကြည့်မိတော့ အဲ့ဒီ သင်္ချိုင်းအဟောင်းနေရာမှာ လူတစ်ယောက် မတ်တပ်ရပ်နေတာတွေ့ရတယ်။

လူကသာ ဘေးတစ်စောင်းရပ်နေတာ ခေါင်းက ကျွန်တော့်ဘက်ကို စောင်းပြီးကြည့်နေတာ ဝေးလို့မျက်နှာကိုသာ မမြင်ရတာ ကျွန်တော့်ကို ကြည့်နေမှန်းတော့ ကျိန်းသေသိတယ်။ အဲ့ဒီချိန်ထိ ကျွန်တော်က သရဲလိုလို ၊ အရက်သမားလိုလိုထင်နေတုန်း ၊ သရဲကို မကြောက်တတ်ပေမယ့် လူတော့ကြောက်တယ်လေ ၊ လစာထုတ်ရက်မို့ ပိုက်ဆံတွေကလည်းပါနေတော့ အလုခံရမှာစိုးရိမ်တာ ၊ အဲ့ဒါနဲ့ ဆိုင်ကယ်ကိုရပ်ပြီး အခြေအနေကို စောင့်ကြည့်ရတယ် ၊ ဘက်မှန်ကနေ အနောက်ကို ပြန်ကြည့်တော့လည်း ဘယ်သူမှ လာနေတာမတွေ့ရဘူး ၊ မောင်းပဲ သွားရမလိုလို နောက်ပြန်လှည့်ပြီး လာတုန်းက လမ်းအတိုင်းပဲ ပြန်ရမလိုလိုနဲ့ အဲ့နားတင်သောင်တင်နေတာ။ တစ်ယောက်ယောက်လာလိုက်ရင်ကောင်းမယ်လို့ စိတ်ကူးပြီး စောင့်နေတာ ဘယ်သူမှလည်း ပေါ်မလာဘူး ကံကောင်းလိုက်ပုံများကတော့ အဲ့လို။

မထူးတော့ပါဘူး အမြန်မောင်းမယ်ကွာဆိုပြီး စက်ကိုနှိုးလိုက်ချိန်မှာပဲ အဲ့ဒီအရာက သရဲဆိုတာ ကျိန်းသေးသွားတော့တာပဲ။ ဘာလို့ဆို ကျွန်တော်စက်နှိုးလိုက်တာနဲ့ သူကလည်း လက်ယက်ပြီး လာပါ မကြောက်ပါနဲ့ လာပါ ဆိုပြီး အသံအက်အက်ကြီးနဲ့ပြောတော့တာပဲ ၊ သူနဲ့ ကျွန်တော်က တော်တော်လှမ်းသေးတာမို့ သူပြောတာကို လူသာဆို ကြားရစရာဘာအကြောင်းမှကို မရှိတာ။ အဲ့ဒီချိန်မှာ မကြောက်တတ်ဘူးဆိုတဲ့ ကျွန်တော်လည်း တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထသွားတော့တာပဲ။ ဒီစာရေးရင်းကို အသံကြီးကို ပြန်ကြားယောင်နေတုန်း။

လူပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် ရှေ့ဆက်တိုးလို့တော့ ကောင်းတာဖြစ်လာစရာမရှိဘူးဆိုတော့ ပြန်လှည့်ပြီး လာရာလမ်းအတိုင်းပြန်လှည့်မောင်းဖို့လုပ်တဲ့အချိန် အသံကြီးက ပိုကျယ်လာပြီး လာပါ မသွားပါနဲ့ ဒီကိုလာပါ ဆိုပြီး အော်ခေါ်နေပြန်ရော ၊ ကျွန်တော်လည်း မောင်းထွက်လာပြီး ဘက်မှန်ကနေ ပြန်ကြည့်လိုက်တာ ဘေးတစောင်းကြီးကို ပြေးလိုက်လာတာပဲ။ ဒါမျိုးကတော့ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲဆိုပြီး လီဗာအကုန်ဆွဲမောင်းပြေးလာလိုက်တော့တာပဲ။ ဒါမျိုးက သတ္တိပြနေရအောင် နောက်မှာ ကောင်မလေးလဲ ပါလာတာမဟုတ်ဘူးလေ …
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now