130(7အဆက်ep-11

204 12 0
                                    

The Twins

အပိုင်း (၁၁)

''ရေလေးနည်းနည်းလောက် ထပ်သောက်ပါလား အဖေ''
အဖေက လက်ကာပြရင်း အိပ်ယာပေါ်ပြန်လှဲချဖို့ ပြင်နေလို့ ကျမ ဆန်ပြုတ်ခွက်ကို ကပြာကယာ စားပွဲပေါ်တင်ပြီး အဖေ့ကို ကူပေးလိုက်တယ်...
အညာစောင်လေးကို ရင်ဘတ်ပေါ် ဆွဲတင်ပြီး ခေါင်းအုံးဘေးကို ဟိုစမ်းဒီစမ်းလုပ်နေတဲ့ အဖေ့လက်ကိုဆွဲယူပြီး သူစိတ်နေကျ ဇီးသားပုတီးလေးကို လက်ဖဝါးထဲထည့်ပေးတော့ အဖေက ရယ်တယ်...
''မီးမီးက အဖေ့ကို ပြန်ပြုစုနေရပြီ''...
''မီးမလုပ်ရင် ဘယ်သူလုပ်မှာလဲ အဖေရဲ့... တော်သေးတယ် အစာအိမ်သွေးကြောပေါက်သွားရင် မလွယ်ဘူးလို့ ကိုဦးက ပြောတယ်... ဥပုသ်က တပါတ်တရက်လောက် စောင့်ရင်တော်ပြီပေါ့အဖေကလဲ... ကိုယ်က အသက်ကြီးနေပြီ... အဖေ့အစာအိမ်က နဂိုထဲက အနာရှိတာကို''
ကျမ တတွတ်တွတ် ပြောနေတာကို အဖေက ပြုံးပြီးကြည့်နေရှာတယ်... တသက်လုံးပြသနာပေါင်းသောင်းခြောက်ထောင်ကို ခါးစီးခံပြီး ပြုစုလာခဲ့ရတဲ့ သူ့သမီး ဒုက္ခအိုးမကြီးက သူ့ကို ပြန်ပြုစုနေတာကို သဘောတွေကျနေတယ် ထင်ပါရဲ့...
''မီး မပြန်တော့ဘူး အဖေနဲ့ နေခဲ့တော့မယ်...'' ကျမကစားပွဲပေါ်က ဆန်ပြုတ်ခွက် ရေခွက် လက်သုတ်ပဝါတွေကို ယွန်းဗန်းကလေးပေါ်တင်သိမ်းနေရင်းက ပြောတာကို အဖေက အံ့သြလေဟန်နဲ့...
''မောင်ဦးက ဘယ်သဘောတူမလဲ မီးမီးရယ်... ညည်း ဒီလိုစိုစိုပြေပြေ ကျန်းကျန်းမာမာဖြစ်လာအောင် သူ့မှာ ဆယ်နှစ်ကျော် ကြိုးစားခဲ့ရတာ၊ မြေးလေးကလဲ နောက်နှစ်ခါ ကျောင်းဖွင့်ရင် ကျောင်း ထားတော့မလို့ဆို...''
''နောင်နှစ် ဇွန်လမှ အဖေ့မြေးက လေးနှစ်ခွဲရယ်... မထားသေးလဲ ရတာပဲ၊ ထားတော့လဲ ဘာဖြစ်လဲအဖေရယ်၊ မီးတို့လဲ ဒီသန်လျင်ကျောင်းကပဲ ဆယ်တန်းအောင်လာတာပဲဟာကို၊ ဒီမှာပဲထားလို့ရနေတာပဲ... အို ရန်ကုန်တက်ထားအုံးမလား၊ မီးလဲ ကားမောင်းတတ်နေပြီပဲဟာ၊ အဖေ့ကားနဲ့ အကြိုအပို့လုပ်မှာပေါ့... အဖေကလဲ''
ကျမက ပြောချင်တာတွေစွတ်ပြောနေတာကို အဖေကတော့ ခေါင်းတရမ်းရမ်းလုပ်နေတော့တာပဲ...
''အဖေရယ်.... မီးလဲ ပြီးခဲ့တာတွေ ပြန်တွေးချင် ပြန်မကြုံချင်တော့ပါဘူး၊ ဒါပေမယ့် အဖေက အခု တယောက်ထဲရယ်၊ မီးစိတ်မချဘူး.... တခုခုများဖြစ်သွားလို့ မီး မပြုစုလိုက်ရလေခြင်းဆိုပြီး ယူကြုံးမရဖြစ်ပြီး စိတ်သောကတွေ ရောက်ရမှာကို အဖေတို့တွေးအုံးလေ...''
အဖေက ကျမကို စိတ်မကောင်းစွာနဲ့ ကြည့်နေရှာတယ်၊ အဖေဟာ ဒီဆယ်စုနှစ်ထဲမှာကို အတော်လေး အိုခဲ့ရှာပြီပဲ... အရင်က စိတ်ရောလူပါ ထက်မြတ် သွက်လက်ပြီး အသံကျယ်ကျယ်နဲ့ စကားပြောတတ်တဲ့အဖေဟာ ပိန်ပါးဖျော့တော့လျက်... ကျမတို့ အဖွားတို့ ဓါတ်ပုံလေးတွေ၊ အမေရှိတုန်းကမိသားစုပုံလေးတွေ၊ သူ့ရဲ့ချစ်လှစွာသော မြင်းတွေနဲ့တွဲရိုက်ထားတဲ့ပုံတွေ၊ ကျမတို့ပို့ပေးထားတဲ့ မြေးကလေးရဲ့ပုံတွေ နံရံပေါ်အပြည့်ချိတ်ထားတဲ့ အခန်းလေးထဲက တယောက်အိပ် ကုတင်လေးပေါ်မှာ အဖေတယောက်ထဲ ငြိမ်ငြိမ်သက်သက်လေး လဲလျောင်းနေတာကို မြင်နေရခြင်းအတွက် ကျမဟာ တာဝန်မဲ့သူလို ခံစားနေရတယ်... အဖေဟာ အိပ်မပျော်တဲ့ ညတွေမှာ ဒီအခန်းလေးထဲမှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး ပုတီးစိတ်ရင်း၊ ဒါမှမဟုတ် ကျမတို့ကို သတိတွေရလို့ ပုံကလေးတွေကို ထိကိုင်ကြည့်ရင်း၊ ဒါမှမဟုတ် ဗုဒ္ဓါနုဿတိပွားလို့ ခေါက်တုံ့ခေါက်ပြန် လမ်းတွေလျောက်ရင်း နေခဲ့ရရှာမှာပဲ...
ကျမ စို့တက်လာတဲ့ မျက်ရည်တွေကို ပါးပေါ်ကဖြတ်မစီးဘဲ အောက်ကိုကျသွားအောင် ခေါင်းကိုငုံ့ပြီး မျက်တောင် တဖြတ်ဖြတ်ခတ်နေမိတယ်...
အဖေ့ဘက်ပြန်လှည့်တော့ အဖေက ကျမကို ပက်လက်ကနေ ငေးကြည့်နေရှာတယ်...
အဖေ့မျက်နှာပေါ်မှာ အားနာခြင်း မခက်ခဲစေလိုခြင်းတွေကတဖက်၊ အားတက်ခြင်း ဝမ်းသာခြင်းတွေကတဖက် လွန်ဆွဲနေတာကို ကျမမြင်တယ်၊ သမီးလုပ်သူက အဖေနဲ့နေခဲ့မယ်ဆိုတဲ့စကားတခွန်းက နာလံထခါစ အဖေ့အတွက်တော့ တာသွားလှတယ်....
အဖေအိပ်တော့ လို့ နှုတ်ဆက်ပြီး ဆန်ပြုတ်ဗန်းကလေးကို ယူကာ ကျမအခန်းထဲက ထွက်ခဲ့တယ်၊
အဖေနဲ့ပဲ နေခဲ့တော့မယ်လို့ စိတ်ကို ကျမ ဒုံးဒုံးချလိုက်ပါပြီ... ကိုဦးနဲ့တော့ အများကြီး စကားတွေ ပြောရအုံးမှာပေါ့လေ....။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now