194

171 5 0
                                    

...............................
အချိန်ကာလက ၂၀၀၂ ၂၀၀၃ ခုနှစ်ဝန်းကျင် မြန်မာနိုင်ငံရဲ့ မြစ်ကြီးတစ်ခု ကွေ့ပတ်စီးဆင်းနေတဲ့နယ်မြို့လေးတစ်မြို့ ကို ထိုစဥ်က တန်ခိုးထွားနေတဲ့ နအဖ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ယောက် ရောက်ရှိလာခဲ့ပြီး အဆိုပါမြစ်ကြီးကိုဖြတ်၍ မြစ်ကူးတံတားကြီးတစ်စင်းတည်ဆောက်ပေးမယ်လို့ ပြောကြားလာတာကြောင့် တခုခုဆို လှေ သဘော် စတဲ့ ရေကြောင်းနဲ့သာကူးလူးသွားလာနေရတဲ့ မြို့သူ မြို့သားများအနေနဲ့ အလွန်ဝမ်းသာနေကြပါတယ် ။ ထိုသို့ပြောဆိုပြီး လအနည်းအငယ်အကြာမှာတော့ တံတားတည်ဆောက်မယ့် နေရာ တံတားချဥ်းကပ်လမ်းနေရာတွေကို တံတားဆောက်လုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံ စစ်မြေပြင်အင်ဂျင်နီယာတပ်က သတ်မှတ် ရှင်းလင်းကြပါတယ် ။ တံတားဧရိယာနဲ့မလွတ်ဘူးဟုဆိုကာ လယ်မြေ ယာမြေတွေ အပြင် သုသာန်မြေ နဲ့ သုသာန်အနီးက စေတီလေးရဲ့ ဝတ္တကမြေအဖြစ်သတ်မှတ်ထားတဲ့မြေ တချို့ကိုပါ နိုင်ငံတော်ပိုင်မြေအဖြစ် သိမ်းယူခဲ့ ကြ ပါတယ် ။

အဆိုပါ စေတီလေးဟာ အဆိုပါနယ်မြို့လေးရဲ့ နာမည်ကြီး.......သိုက် တည်ရှိရာနေရာလို့ မြို့သမိုင်းတွေအရ မြို့ခံတွေက သတ်မှတ် ယူဆထားကြတာဖြစ်ပါတယ် ။ အဆိုပါ မြစ်ကမ်းဘေးက သိုက်နေရာဟာ ထိုစဥ်က ရေမြေ့သနင်းပြည့်ရှင်မင်းဖြစ်တဲ့ ဘိုးတော် ဗဒုံမင်းကိုယ်တိုင်က နောင်ဘုရားတစ်ဆူပွင့်တဲ့အထိ မည်သူမျှ ရွှေ့ပြောင်းခြင်း သိမ်းယူခြင်း မပြုစေရ ဆိုတဲ့ ဘုရင့်အမိန့်တော်ပြန် အပိုင်စားပေးထားရတဲ့ သိုက်မြေနေရာလို့ မြို့သမိုင်းအရ ဆိုပါတယ် ။ ယခုလို သိုက်မြေနေရာလဲ ဖြစ် စေတီရဲ့ ဝတ္တကမြေလဲ ဖြစ်တာကြောင့် အဆိုပါမြေနေရာကိုသိမ်းယူခြင်းမပြုဖို့ မြို့ရပ်မိရပ်ဖလူကြီးများက တံတားဆောက်လုပ်ရေးအဖွဲ့မှူး ထံ သွားရောက်တင်ပြခဲ့ကြပါတယ် ။ တံတားဆောက်လုပ်ရေးအဖွဲ့မှူးကတဆင့် အထက်ကိုတင်ပြပေးမယ်ဟု ပြောကြားခဲ့ပေမယ့် အဆိုပါ စီမံကိန်းဧရိယာကိုပယ်ဖျက်ခြင်းမပြုဘဲ ယခင်အတိုင်းဆက်လက်ဆောင်ရွက်ဖို့ပဲ ညွှန်ကြားလာတယ်လို့ ဆိုကာ အဆိုပါဧရိယာမှာပဲ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ် ။ စီမံကိန်းဧရိယာနဲ့မလွတ်တဲ့ အဆိုပါသုသာန်မြေနေရာကိုလဲပြောင်းရွှေ့ဖယ်ထုတ်ခဲ့ကြပြီး သိုက်မြေလို့ဆိုကြတဲ့ စေတီတော်ရဲ့ ဝတ္တကမြေ တချို့တဝက်ကိုလဲ ရှင်းလင်းခဲ့ကြပါတယ် ။ မြို့ခံတွေကတော့ သိုက်မြေနေရာလို့ အခိုင်အမာယုံကြည်ထားတဲ့အတွက် သိုက်နန်းရှင်ဆိုသူတွေစိတ်ဆိုးပြီး သူတို့မြို့လေးကံကြမ္မာဆိုးတစ်ခုခုနဲ့ကြုံရတော့မယ်လို့ ပြောဆိုနေခဲ့ကြပါတယ် ။ ဒီလိုနဲ့တံတားတည်ဆောက်ရေး လုပ်ငန်းတွေစတင်ခဲ့ကြပြီး နှစ်လအကြာမှာတော့ မြို့ခံတွေယုံကြည်နေတဲ့ကံကြမ္မာဆိုးက တကယ်ဖြစ်လာခဲ့ပါတယ် ။ အဲ့ဒါကတော့ အချိန် အခါမဟုတ်ပဲ မိုးသက်လေပြင်းကြပြီး ထူးကဲမြစ်ရေတက်ခဲ့တာပါ မြစ်ရေတက်တာကလဲ ညဘက်သန်းခေါင်အချိန်လောက်မှာ တက်ခဲ့တာကြောင့် တံတားတည်ဆောက်ရေးစီမံကိန်းဧရိယာ မြစ်ကမ်းမှာ ညဘက်တည်ဆောက်ရေး တာဝန်ယူနေရတဲ့ တံတားတည်ဆောက်ရေးအဖွဲ့ ဒုတိယအဖွဲ့မှူးအပါအဝင် တံတည်ဆောက်ရေးလုပ်သား ၃ ဦးအထိ အသက်စတင်ဆုံးရှုံးခဲ့ပါတယ် ။ တံတားတည်ဆောက်ရေးအဖွဲ့ရဲ့ကံကြမ္မာဆိုးဟာဒီမှာတင်မရပ်သေးပါဘူး တံတည်ဆောက်ရေးအတွက် မြေကြီးတွေတူးကြဖော်ကြတော့ ရှေးဟောင်းရတနာပစ္စည်းတစ်ချို့ကို တူးဖော်ရရှိကြတယ်လို့ဆိုပါတယ် ။ (နောက်မှပြန်သိရသောသတင်းစကား) အဆိုပါရတနာပစ္စည်းတွေကို သိမ်းယူထားတဲ် စေတီတော်ဝတ္တကမြေအတွင်းကသိမ်းဆည်းရမိတာဖြစ်ပေမယ့် မြို့မိမြု့ဖများနဲ့ဆရာတော်များထံမအပ်နှံဘဲ တံတားတည်ဆောက်ရေးအဖွဲ့မှူးအပါအဝင်တာဝန်ရှိသူတွေက  ခွဲဝေသိမ်းယူခဲ့ကြတယ်လို့ဆိုပါတယ် ။ အဆိုပါပစ္စည်းတွေသိမ်းယူပြီး တပတ်အကြာမှာပဲ အဆိုပါတံတားတည်ဆောက်ရေးအဖွဲ့မှူးဟာ လုပ်ငန်းခွင်မှာ ကရိန်းချိတ် (ဂျိတ်) နဲ့ခေါင်းနဲ့ရိုက်မိပြီး ခေါင်းပြတ်ထွက်တာ မရှုမလှသေဆုံးခဲ့ပါတယ် ။ အဆိုပါတံတားစီမံကိန်းမှာနေ့စားဝင်လုပ်တဲ့ ဒေသခံများရဲ့အဆိုအရ အဆိုပါ တံတားအဖွဲ့မှူးဟာ မကျွတ်မလွတ်ဘဲ ခေါင်းပြတ်ကြီးနဲ့ ညညဆိုလျှောက်သွားနေတာကို ကြုံနေရတာကြောင့် တံတားတည်ဆောက်ရေးလုပ်သားများဟာ ညညအိပ်မရဘဲ ခြောက်လှန့်ခံနေခဲ့ရတယ်လို့ဆိုပါတယ် ။ ဒါ့အပြင် လုပ့သားအများစုဟာ အပြင်းဖျားခြင်း သဲဝဲစားခြင်းကဲ့သို့သော အနာများပေါက်တာ ခြေထောက်ထိတာ လက်ထိတာ စတဲ့ ထိခိုက်ဒဏ်ရာရ အခြေအနေတွေ အမြဲ ကြုံလာရတာကြောင့် အဆိုပါတံတားတည်ဆောက်ရေးလုပ်ငန်း ၆ လမပြည့်ခင်မှာပဲ အလုပ်သမားအသစ်တွေ လဲလှယ်ခြင်းကို ၄ ခါအထိပြုလုပ်ခဲ့ရပါတယ် ။ အသစ်ရောက်လာသူများကလဲလုပ်ငန်းခွင် တစ်ရက် နှစ်ရက် ဆင်းပြီးတာနဲ့ ယခင်လူများအတိုင်း ရောဂါဝေဒနာတွေခံစားခဲ့ရတာကြောင့် တံတားတည်ဆောက်ရေးတစ်နှစ်စီမံကိန်းဟာ မည်သည်မျှ မယ်မယ်ရရ ပြီးမြောက်ခြင်းမရှိခဲ့ပါဘူး ။ တိုက်ဆိုင်တာလား ဘာလား မပြောတတ်ပေမယ့် အဆိုပါတံတားကိုတည်ဆောက်ပေးမယ်လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်ကြီးကိုယ်တိုင်ဟာ အဆိုပါတံတားကြီးမပြီးခင်မှာပဲ ရာထူးကဖြုတ်ချခံရပြီး အဖမ်းခံခဲ့ရပါတော့တယ် ။ အဆိုပါဗိုလ်ချုပ်ကြီးဖြုတ်ချခံရတဲ့အတွက်ကြောင့် သူစီမံခဲ့တဲ့ ဒီတံတားကြီးတည်ဆောက်မယ့်စီမံကိန်းအပါအဝင် စီမံကိန်းအားလုံးဟာ ရပ်ဆိုင်းခံခဲ့ရပါတယ် ။မြို့သူ မြို့သားတွေမျှော်လင့်နေတဲ့တံတားကြီးကတော့ယနေ့အချိန်ထိဖြစ်မလာသေးဘဲ တံတားတည်ဆောက်ဖို့ပြုလုပ်ထားတဲ့အောက်ခံအုတ်တိုင်ကြီးတွေသာထိုမြို့လေးမှာကျန်ခဲ့ပါတယ် ။

မြို့ခံတွေရဲ့ပြောစကားအရတော့ ထိုမြို့လေးကိုများအလည်ရောက်ခဲ့ရင် မြို့ကိုကွေ့ပတ်စီးဆင်းနေတဲ့ အဆိုပါမြစ်ကြီးရဲ့တစ်နေရာမှာ ပြိုပျက်နေတဲ့ တံတားအောက်ခံအုတ်တိုင်ကြီး တွေကို ယနေ့အချိန်ထိတွေ့ရမှာဖြစ်သလို ညနေနေဝင်ရီတရောအချိန် ဆိုပါမြစ်ကမ်းနား သွားရင်လဲ တံတားတည်ဆောက်ရေးအဖွဲ့မှူးလို့ယူဆရတဲ့ ခေါင်းမပါတဲ့ ဖြူဖြူအရိပ်တစ်ခု မြစ်ကမ်းဘေးမှာ လျှောက်သွားနေတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်တဲ့ ။ အခန့်မသင့်ရင်တော့ အိမ်အထိလိုက်လာတတ်ပြီး ခြင်ထောင်ဘေး အိပ်ရာဘေး တွေမှာ ငုတ်တုတ်လာထိုင်နေတတ်ပါတယ်တဲ့ဗျ...

(အဆိုပါအကြောင်းအရာအားသိရှိထားသူများအနေဖြင့် မြို့အမည်နှင့် သက်ဆိုင်ရာနာမည်များကိုဖော်ပြခြင်းမပြုပါရန် ။ )

#NLH_IR

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now