136(7အဆက်final-2)

228 18 0
                                    

The Twins

Finale (2)

''OPERATION THEATOR"
ဦးစိုးဝေက ခွဲစိတ်ခန်းရှေ့လူနာစောင့်ရန်ထားသော စတီးခုံတန်းလျားတွင် ငြိမ်သက်စွာထိုင်လျက်ရှိသည်၊ ကိုချစ်မှာ တံခါးနားကပ်ချောင်း၍တမျိုး၊ စင်းကြန်တွင် လမ်းလျောက်၍တဖုံ၊ ခုံတန်းတွင် ဝင်ထိုင်၍ တလီ၊ ကဏှာမငြိမ်ချေ၊
မယ်အိတယောက် ခြံစောင့်ကျန်ရစ်ခဲ့သော ဖိုးသောကြာထံ ဖုန်းဆက်၍ အခြေအနေကိုပြောပြနေ၏၊ တချက်တချက် ငိုသံထွက်ထွက်လာသဖြင့် ဦးစိုးဝေက တိုးတိုးနေရန် လက်ဟန်ခြေဟန်လှမ်းပြရလေသည်၊
''........''
ထိုစဥ် ခွဲစိတ်ခန်းတံခါးပွင့်ကာ ဆရာဝန်ကြီးထွက်လာသဖြင့် သုံးယောက်လုံးမတ်တပ်ရပ်လိုက်ကြ၏၊
''လပြည့်သာကျော်ရဲ့ မိသားစုလား''
ဆရာဝန်ကြီးက အလွန်ညင်သာသော အသံဖြင့်မေးသည်၊
''ကျနော် ဘိုးအေပါ ဆရာကြီးခင်ဗျာ... သူ့အမေက သတိမရသေးပါဘူး၊ ဖအေကလဲ...''
ဦးစိုးဝေ ဆက်မပြောနိုင်...၊
ဆရာဝန်ကြီးက လက်ကာပြလိုက်ရင်း ဦးစိုးဝေရှိရာသို့လျောက်လာကာ ပုခုံးအားကိုင်လိုက်၏၊
''ကလေးက လည်ပင်းရိုးကျိုးသွားတယ်၊ ဥနှောက်ထဲသွေးယိုနေတယ်၊ အရှေ့နံရိုးသုံးချောင်းကျိုးပြီးအသည်းကိုထိခိုက်မိထားလို့ ကိုယ်တွင်းသွေးယိုနေတယ်...''
ဆရာဝန်ကြီးက ခေတ္တနားကာ ဦးစိုးဝေ မျက်နှာကို အကဲခတ်သလိုကြည့်သည်။
''ဖြစ်ဖြစ်ချင်း ရောက်မယ်ဆိုရင်တော့ လိုအပ်တာစီစဥ်ပြီး ရန်ကုန်တင်ပေးလိုက်နိုင်ရင် တမျိုးပေါ့... ခုကတော့...''
ဦးစိုးဝေ အသံမထွက်အောင် ပါးစပ်ကို လက်ဝါးဖြင့်အုပ်လိုက်မိလေသည်၊
မယ်အိကား ခုံတန်းပေါ်ဖင်ထိုင်ချကာ ငိုတော့၏၊ ကိုချစ်က ဦးစိုးဝေကိုလက်မောင်းမှ လာတွဲလေသည်၊
''ကျနော်စိတ်မကောင်းပါဘူး ခင်ဗျာ... Dead Body တွေ ပြန်သယ်ဖို့ စာရွက်စာတမ်း လိုအပ်တာတွေ ကျနော်ကူညီပေးပါ့မယ် တယောက်လိုက်ခဲ့ပေးပါခင်ဗျ၊ ရုံးခန်းကို''
ဆရာဝန်ကြီးက ပြောကာ လှည့်ထွက်ရန်ပြင်၏၊
''ဆရာကြီး..''
ဦးစိုးဝေ၏ခေါ်သံကြောင့် ဆရာဝန်ကြီးက လှည့်ကြည့်သည်၊
''ကျနော် ငွေတတ်နိုင်ပါတယ်ခင်ဗျာ၊ ကျနော် အကုန်လုပ်ပေးပါ့မယ်၊ မြေးလေးကို ကုကြည့်ပါအုံးလား ခင်ဗျာ၊ ကျနော့သမီးသတိရလာရင် ကျနော် ဘယ်လိုလုပ်ရမလဲဗျဟင်... ကျနော့သမီးလေးက စိတ်ဝေဒနါသည်ပါ၊ မနည်းကုထားရတာ... လင်ရော သားရောဆို ခံနိုင်မယ်မထင်ဘူးဗျ၊ လုပ်ပါအုံးခင်ဗျာ...''
ဦးစိုးဝေက ပြောလဲပြော ဆရာဝန်ကြီးလက်ကိုစွဲကာ ခွဲခန်းဘက်သို့ အတင်းပြန်ခေါ်လေသည်၊
ဆရာဝန်ကြီးက မရုန်းပေ၊ ကိုချစ်နှင့် မယ်အိက ဦးစိုးဝေကို ဝိုင်းဆွဲကာ ထိန်းထားလိုက်ရ၏၊
''စိတ်မဆိုးပါနဲ့ ခင်ဗျာ...'' ကိုချစ်က ဆရာဝန်ကြီးအားတောင်းပန်သည်၊
''စိတ်ဆိုးစရာမှ မဟုတ်တာဗျာ၊ ရပါတယ်၊ စိတ်သက်သာသလိုပြောပါစေ၊ လုပ်ပါစေ၊ တကယ်တော့ ကလေးက ကျနော့တို့ဆီရောက်ကထဲက မရနိုင်တော့ပါဘူး၊ ကျနော်ကြိုးစားခဲ့ပါတယ်၊ မအောင်မြင်တာ ခွင့်လွှတ်ပေးပါ ခင်ဗျာ၊ ခနနေ ကလေးကို ကြည့်ချင်ရင်ကြည့်လို့ရပါပြီ၊ ဆရာမတယောက် လာခေါ်ပါလိမ့်မယ်''
ဆရာဝန်ကြီးက ကိုချစ်နှင့်မယ်အိကြားမှ မျက်ရည်များတွင်တွင်စီးကျလျက်ရှိသော ဦးစိုးဝေကို ဦးခေါင်းဆတ်ပြ၍ နှုတ်ဆက်ကာ ထွက်သွားလေသည်၊
''ကိုချစ် နားလည်တယ်မို့လား လိုက်သွားလိုက်လေ၊ လိုအပ်တာ လုပ်ခဲ့၊'' မယ်အိက ဦးစိုးဝေကို ခုံတွင်ထိုင်စေရင်း ပြော၏၊
ကိုချစ် ခေါင်းညိတ်ပြကာ ဆရာဝန်ကြီးနောက်မှ လိုက်ထွက်သွားလေတော့သည်၊

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now