37(7အဆက်

355 19 0
                                    

The Twins

အပိုင်း (၇)

Light truck ကားလေးသည် လမ်းဘေးဝဲယာ၌ မဲဇလီပင်ကြီးများ အစီအရီပေါက်လျက်ရှိသော မြေနီလမ်းအတိုင်း မီးထိုးရင်း ဒယိမ်းဒယိုင်မောင်းဝင်လာရာမှ ခြံဝင်းတံခါးတခုအရှေ့အရောက်တွင် စက်ကိုသတ်လိုက်လေသည်။
သံချေးခံဆေးများ ဟိုဒီတကွက် လွင့်ပျယ်လျက်ရှိသော သံပန်းဝင်းတံခါးကြီးမှာ ၉ ပေခန့်မြင့်မားသည့်အပြင် သွပ်ပြားများဖြင့် ကပ်ကာထားလေရာ အတွင်းသို့ ချောင်းမြောင်းကြည့်ရှုရန်မှာ မည်သို့မျှမလွယ်ကူချေ၊ တဖက်တချက် အုတ်တိုင်များ၏ ခေါင်းဆောင်းပေါ်တွင် ပီပြင်စွာထုလုပ်ထားသော ကုမ္မာန်နှစ်ကောင်၏ အင်္ဂတေအရုပ်များမှာ ယခုပင် ခုန်ချလာတော့မယောင် ပုံစံကျန ပီပြင်လှသဖြင့် ညအခါ ၎င်းလမ်းမှ ​ဖြတ်၍သွားရသည်ရှိသော် ဤခြံဝင်းတံခါးကြီးရှေ့ရောက်ပါက မပြေးဘဲဖြတ်ရဲမည့်သူကား အဟုတ်ရှားပေလိမ့်မည်သာ၊
ကားနောက်ခန်းမှ ဆရာကံ၏ တပည့်နှစ်ဦးအနက် အညာသားပုံစံနှင့် အသက်ငယ်ဟန်တူသူသည် စက်သတ်သည်နှင့် တပြိုင်နက် ကားပေါ်မှ ခုန်ဆင်းကာ ဝင်းတံခါးကြီးအရှေ့သို့သွား၍ သွပ်ပြားအား ထုရင်း
''လူချော... ဟေး လူချော.. လာဖွင့်စမ်းဟေ့... မြန်မြန်'' ဟု အသံကျယ်ကျယ်ဖြင့် အော်ခေါ်လေသည်။
ခေါ်သံဆုံးသည်နှင့် တဘုတ်ဘုတ် ပြေးလာသော ခပ်လေးလေးခြေသံကိုကြားရလေ၏၊ ထို့နောက် ဂျောင်းကနဲ ​ဒေါင်းကနဲ သော့ဖြုတ်သံ၊ မင်းတုန်းဖြုတ်သံများနှင့်အတူ တံခါးကြီးသည် ခြောက်ခြားဖွယ် တအီအီမြည်လျက် အတွင်းသို့ ပွင့်သွားလေတော့သည်၊

လကွယ်ညမို့ ပိန်းပိတ်အောင် မှောင်လှသည့်အပြင် ခြံဝင်းထဲ၌ လျှပ်စစ်မီးမထွန်းထားသဖြင့် တံခါးကြီးသည့်ပွင့်သည့်နောက်ဘက်တွင် အမှောင်ထုကြီးမှ တပါးမည်သည့်အရာကိုမျှ မမြင်ရချေ၊
ကားဦးက တံခါးဖက်သို့ချိုးကွေ့၍အဝင် ကားမီးရောင်ထိုးလိုက်သောအခါတွင်မှ ပွင့်လျက်ရှိသောတံခါးချပ်၏ ဘေးတွင် ကပ်၍ရပ်နေသည့်အရာကို မြင်ကြရသည်ဖြစ်ရာ ဆရာကံနှင့်အဖွဲ့အဖို့မှာ မျက်စိယဥ်နေပြီမို့ မည်သို့မျှမထူးခြားသော်လည်း ကားဆရာကိုချစ် မှာမူ ဘရိတ်ကို ကျွိကနဲ ဆောင့်အုပ်ရင်း ''အောင် မ လေး ဗျ'' ဟုပင်အော်ရှာလေသည်၊
ယာဥ်မောင်းဖက်အခြမ်း တံခါးဘေးတွင်ကား ၆ ပေခွဲခန့်အရပ်အမောင်းနှင့်ကိုယ်ကာယ ကြီးမား ထွားကျိုင်းလှပြီး အလွန်မဲပြောင်သောအသားအရည်ရှိကာ၊  မျက်လုံးတဖက်မှာ ပျက်ကာ ဟောက်ပက် ကျန်တဖက်က နီကြောင်ကြောင်ပြူးကျယ်လျက်၊ နှာရောင်ပြားပြား နှာဖျားပွပွနှင့် နှုတ်ခမ်းများမှာ အလွန်အမင်း ထူတွဲလျက်၊ မေးအောက်မှစ၍ လည်ပင်းနှင့် ရင်ဘတ်များတွင် မီးလောင်အမာရွတ်များပြည့်လျက်၊ ခေါင်းပြောင်ပြောင်ပေါ်တွင် ကျိုးကျဲကျဲဆံပင်များကို ဖားလျားချထားသော လူဟုပင်မထင်ရသည် လူတယောက်သည် ကိုယ်ကိုခပ်ကိုင်းကိုင်းအနေအထားဖြင့် ကားရှေ့ခန်းထဲသို့ ကြည့်လျက်ရှိလေသည်၊
ထိုသူအားမြင်၍ ဇောချွေးများပြန်လျက်ရှိသောကိုချစ်၏အဖြစ်ကို ဆရာကံက ရယ်လျက်
'' ဟား... ဟား... ဟား... ဟား...
လန့်သွားသလား ကားဆရာ၊ ဒါကျုပ်ရဲ့ ခြံစောင့်ကြီးပါဗျ၊ အဆင်းမပြေပြစ်ပေမယ့် သူ့အလုပ်နဲ့ပတ်သက်ရင် အင်မတန်စိတ်ချရတဲ့ကောင်ကြီးပေါ့ဗျာ... ဟောဒီဝန်းထဲကို လူချောမသိဘဲ ယင်ကောင်တောင် ဝင်ဖို့ထွက်ဖို့ မလွယ်ဘူး မှတ်ဗျ... ဟားဟားဟားဟား''  ဟုပြောလေသည်၊
ကားဆရာကိုချစ်တယောက် ပုခုံးတင်ထားသော သဘက်ငယ်ဖြင့် မျက်နှာကို ပွတ်သုတ်လိုက်ရင်း စက်ပြန်နှိုးလိုက်ကာ လူချောအား ငဲ့မကြည့်မိစေရန် သတိထား၍ အတွင်းသို့မောင်းဝင်ခဲ့လေတော့သည်၊
ခြံဝမှအိမ်သို့ အဝင်လမ်းတလျောက်တွင်လည်း လမ်းနံဘေး၌ ပုကွကွသဏ္ဍန် အရိပ်မဲများအား မျက်လုံးထောင့်၌ မြင်မိသည်ဟု ကိုချစ်ထင်မိလေသည်၊ ကြက်သီးများလည်း တဖျင်းဖျင်းထလှသဖြင့် ကိုချစ်ခမြာရသမျှ ဘုရားစာအတိုအစများအားစိတ်ထဲမှတရစပ်ရွတ်၍ လာရရှာသည်၊ ဆရာကံကား ဆေးပြင်းလိပ်ကိုခဲ၍ သက်တော့င့်သက်သာပုံဖြင့် ကားပြတင်းပေါ် လက်တင်ရင်း ဘေးမှ မှောင်ထဲသို့ ပြုံးပြလိုက် လက်ပြလိုက် ခေါင်းဆတ်ပြလိုက်ဖြင့်ပါလာလေရာ ကိုချစ်မှာ ၎င်းကိုရော ဘေးကိုပါလုံးဝမကြည့်မိစေရန်အလွန်သတိထား၍မောင်းနေရလေ၏၊ မှောင်လှသဖြင့် မည်သည့်အပင်များဟု မဝေခွဲနိုင်သော်လည်း မဲဇလီနှင့်သရက်ကဲ့သို့သောအပင်ကြီးများဖြင့် ခြံကြီးမှာ အုပ်ဆိုင်းလျက်ရှိနေ​လေ သည်၊ ကားမီးရောင်ဖြင့် အချို့အပင်ကြီးများအောက်၌ နတ်ကွန်းကဲ့သို့သော အဆောင်ငယ်လေးများရှိကာ နတ်ရုပ်လိုလိုရုပ်သေးရုပ်လိုလိုအရုပ်များ ချိတ်ဆွဲလျက်သားရှိသည်ကို ကိုချစ် မြင်ရ၏၊
ကိုက် ၄၀၀ ခန့်သွားမိသောအခါ ဆင်ဝင်၌ ဘက်ထရီမီးများထွန်းထားသော စစ်ကြိုခေတ်လက်ရာ နှစ်ထပ်အုတ်အိမ်ကြီးအား ဘွားကနဲ မြင်ရလေသည်၊
ကိုချစ်က ဆင်ဝင်အောက် ကားထိုးလိုက်သောအခါ အနောက်ခန်းမှ တပည့်နှစ်ဦးလည်း ၎င်းတို့၏ အထုပ်အပိုးများအားသယ်ချကြလေ၏၊ ဆရာကံကား တံခါးဝမှ ကြိုလျက်ရှိသော အသက်၄၅ခန့် ရှမ်းမျက်နှာပေါက်နှင့် အမျိုးသမီးထံ လွယ်အိတ်ကိုပေးလိုက်ကာ တလမ်းလုံးလက်ပေါ်က မချခဲ့သော ယောတဘက်ပတ်ထားသည့်အိုးအားပိုက်လျက် တပည့်များကို ရပ်ကြည့်နေလေသည်၊

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now