84

216 10 0
                                    

ဒီတစ်ခေါက်တော့ ဧရာဝတီမြစ်ကမ်းနံဘေးက  ဘိုတဲမှာ ကိုယ်တိုင်ကြုံခဲ့ရတာလေး ရေးပါမယ်နော်..
၂၀၁၅ နှစ်ကုန်ခါနီးလောက်မှာ ချောက် မြို့မှာ ဘုရားထီးတင်အလှူကြီးတစ်ခုအတွက် ခရီးထွက်ရပါတယ်..ပုဂံညောင်ဦးကိုခဏခဏရောက်ပေမယ့် ချောက် ကိုတော့ ကျောင်းစာထဲမှာပဲသင်ခဲ့ရတဲ့ချောက်ရေနံမြေဆိုတာကလွဲရင် တစ်ခါမှမရောက်ဖူးခဲ့ပါဘူး။
အလှူကကြီးပြီး ရာထူးတော်တော်ကြီးကြီးဧည့်သည်တော်တွေလည်းပါတာမို့ အင်နဲ့အားနဲ့ဝိုင်းဝန်းကြရတဲ့ပွဲတစ်ခုပါ။ခရီးစဥ်အစမှာ ပုဂံကိုအရင်သွား ဘုရားတွေဖူးပြီး နောက်ရက်နေ့လည်စာစားပြီးချိန်မှာ ချောက်ကိုထွက်လာကြပါတယ်။မြို့ငယ်လေးမို့ ဟိုတယ်အဆင်ပြေတာမရှိလို့ ရေနံဘိုတဲမှာ ကျွန်မတို့အတွက်ပြင်ဆင်ပေးထားကြောင်း အလှူရှင်အစ်မကပြောပါတယ်..ဧရာဝတီမြစ်ကမ်းနံဘေးမှာမို့ အလွန်သာယာကြောင်း ကျွန်မက ရှေးဟောင်းစိတ်ဝင်စားသူမို့ ဘိုတဲကြီးကလည်းအဂ်လိပ်ခေတ်ကဖြစ်ကြောင်း လေ့လာစရာကောင်းကြောင်းလည်းပြောပါတယ်..
ကျွန်မတို့ရောက်တော့နေ့လည် ၂နာရီလောက်ရှိပြီ..စက်တင်ဘာလပေမယ့်နေကအတော်ကိုပူပါတယ်..
ကျွန်မတို့အဖွဲ့က ၄ယောက်ပါ..အလည်လိုက်ရင်း အလှူဝိုင်းကူညီရင်း ဘုရားဖူးရင်း အသုတ်စုံပေါ့..
ကျွန်မတို့လေးယောက်အတွက် ဘိုတဲအပေါ်ထပ်မှာ အိပ်ခန်း ၂ခန်းစီစဥ်ပေးထားပါတယ်။ဝင်ဝင်ချင်း ကော်ရစ်တာအရှည်လိုရှိပြီး လှေကားက ဘေးဆုံးမှာပါ။လှေကားကတက်သွားပြီး အပေါ်ထပ် လှေကား ညာဘက်မှာအခန်းတစ်ခန်း ဗယ်ဘက်မှာ ၂ခန်း စီတန်းရှိပါတယ်..အခန်းမျက်နှာချင်းဆိုင်ကတော့ ဝရန်တာဟင်းလင်းပါပဲ..ဘာအခန်းမှမရှိပါဘူး။သူတို့က၂ခန်းပြင်ပေးထားပေမယ့် ပထမအခန်းမှာပဲ ၄ယောက်လုံးပစ္စည်းတွေချထားလိုက်ပါတယ်..ညကျမှအခြေအနေကြည့်အိပ်ကြမယ်ပေါ့..
အခန်းရဲ့ပုံစံကိုပြောရရင် ဝင်ဝင်ချင်း တစ်ယောက်အိပ်ကုတင်တစ်လုံးရှိပါတယ်..အဲ့ကုတင်ရဲ့ခြေရင်းမှာ ပစ္စည်းတင်ဖို့စားပွဲဘာညာနဲ့ ပြီးတော့ရေချိုးခန်းနဲ့အိမ်သာတွဲလျက်ပါ..ဝင်ဝင်ချင်းရဲ့ညာဘက်မှာတော့ နောက်ထပ်နှစ်ယောက်အိပ်ကုတင်တစ်လုံးရှိပါတယ် ကုတင်ခြေရင်းမှာ ၃ယောက်ထိုင်ဆိုဖာအကရှည်ကြီးတစ်လုံးနဲ့ဆက်တီစားပွဲအရှည်တစ်လုံးရှိပါတယ်..ခုတင်နှစ်ခုက ဓါးလွယ်ခုတ်အနေအထားပေါ့ ကြားထဲမှာ ၁၅ပေ ၁၈ပေလောက်တော့ခြားတယ်..
ရေချိုးခန်းထဲမှာလည်းရေစိမ်ချိုးတဲ့ကြွေဇလုံကြီးနဲ့
ခုခေတ်လိုမဟုတ်ပဲ သံစင်ပေါ်တင်ထားတာ ကြွေဇလုံကို..။
ဘေဇင်ကလည်းတကယ့်အန်းတိတ် ကြွေဘေဇင်။ကျွန်မကတော့ တစ်ခုပြီးတစ်ခုတအံ့တသြဖြစ်နေတော့တာ။ရှေးခေတ်အဂ်လိပ်ကားတွေထဲမှာပဲကြည့်ဖူးတာလေ..အခုတော့တကယ်တွေ့ဖူးပြီးပေါ့ဆိုပြီး
ပစ္စည်းချ အခန်းကြည့်ပြီးမြို့ထဲပတ်ကြည့်ကြပေါ့လေ..အဲ့လိုနဲ့ညနေစောင်းလည်းပြန်ရောက်ရော..အလှူရှင်အစ်မကပြောရော အလှူအတွက်အချက်အပြုတ်စီမံတာတွေ သူသွားကြည့်ပြီး သိပ်အားမရလို့မပြည့်စုံမှာစိုးလို့ထပ်တိုးထားကြောင်း ပုစွန်ထုတ်ဆီပြန်နဲ့ဝက်သားနီချက်ထပ်တိုးမယ် ခဏနေရင်အသားတွေရောက်လာလိမ့်မယ် ညီမတို့လုပ်ပေးပါနော် ဘိုတဲနောက်မှာမီးဖိုခန်းရှိတယ် ကူဖို့လူတွေလည်းအဆင်သင့်ပြောထားတယ်ဆိုတာနဲ့ အခန်းကမန်းကတန်းပြန် အဝတ်အစားလဲပြီးမီးဖိုချောင်ဝင်ကြရော..ပုဇွန်တွေကိုင် ဝက်သားတွေကိုင်နဲ့စကားတပြောပြောပေါ့ ကူညီပေးကြတဲ့သူတွေနဲ့လည်းဒေသအကြောင်းမေးမြန်းစကားပြောပေါ့..
ဂတ်စ်က အဆင်သင့်ပိုက်လိုင်းနဲ့လာတဲ့ ဂတ်စ်မီးဖိုနဲ့
တော်တော်အသည်းယားစွာချက်ခဲ့ရတယ်
ဝက်သားကလည်းမနူးနိုင်လွန်းလို့ရေကိုငါးခါလောက်ထည့်ရတာ မှတ်မှတ်ရရပါပဲ။ ဟင်းတွေကျက်တော့ ည ၁၂နာရီကျော်နေပြီ။ဘယ်မှာ ဟင်းတွေသိမ်းရမလဲဆိုတော့ ရေခဲသေတ္တာရှိတယ်တဲ့ ထမင်းစားခန်းမှာ ။ရေခဲသေတ္တာကြီးကလည်းတကယ့်အန်းတိတ်ကြီး..ကျွန်မတို့အဖိုးအဖွားကတောင်အမေခေါ်ရမယ်ထင်။ဒါပေမယ့် ကောင်းတယ် အေးသေးတယ်တဲ့..တရိုတသေထားတာရော ရှေးခေတ်ကပစ္စည်းကွာလတီပိုကောင်းတာရောပါမှာပေါ့လေ..ဟင်းတွေကိုခဏအအေးခံပြီး ရေခဲသေတ္တာထဲထည့် ပြီးမှ ကျွန်မတို့လေးယောက်စကားတပြောပြောနဲ့အခန်းကိုပြန်တက်လာကြပါတယ်..ည ၁နာရီလောက်ရှိနေပြီ ဟင်းချက်ထားကြလို့ ညည်းစော်နံနေကြပြီမို့ ည၁နာရီဆိုတော့လည်း ရေချိုးရမလား မချိုးရဘူးလားပေါ့ ဝေခွဲမရတွေနဲ့..နောက်ဆုံးတော့ခြေလက်ပဲဆေးကြတော့တာပေါ့ သူများရပ်ရွာမှာအဲ့လောက်တော့အရဲမကိုးရဲဘူးလေ
အခန်းလည်းမခွဲတော့ပါဘူး လေးယောက်သားကြည့်အိပ်လိုက်ကြမယ်ပေါ့
အစ်မတစ်ယောက်က သူအဓိဌာန်ရှိလို့ဆိုပြီး အရင်ခြေလက်ဆေးပြီး ပဌာန်းရွတ်ဖို့လုပ်ပါတယ်..သူကအကြီးဆုံးမို့ ဝင်ဝင်ချင်းတစ်ယောက်အိပ်ကုတင်မှာ သူ့ကိုအိပ်ဖို့အားလုံးဆုံးဖြတ်လိုက်ပါတယ်..ကျွန်မတို့ကျန်တဲ့သုံးယောက်ကတော့ ၂ယောက်အိပ်ကုတင်မှာ အိပ်ကြမယ်ပေါ့..ဘုရားစာရွတ်တဲ့အစ်မကလည်းရွတ် ကျွန်မလည်းခြေလက်ဆေးပြီးထွက်လာတော့ အတူအိပ်မယ့်အစ်မတစ်ယောက်က ခြေရင်းက ဆိုဖာကြီးမှာသူအိပ်လို့အဆင်ပြေတယ်..အဲဒီမှာအိပ်လိုက်မယ်ဖြစ်ပါလေရော..အားနာလို့လားဘာညာဝိုင်းပြောကြပေမယ့် တားလို့မရတဲ့အဆုံး သူကစောင်လေးပိုက်ပြီးဆိုဖာမှာသွားလှဲနေရော..
တစ်နေ့လုံးညောင်းပြီ ပင်ပန်းပြီမို့ ကိုယ်စီလှဲနေကြပြီးမအိပ်သေးဘဲ ငြိမ်သက်သွားလိုက် စကားတစ်ခွန်းနှစ်ခွန်းပြောလိုက်လုပ်နေကြချိန်မှာ ကျွန်မစိတ်ထဲအေးစိမ့်စိမ့်ကြီးဖြစ်ပြီးတစ်မျိုးကြီးဖြစ်လာတာပါပဲ..ဘယ်လိုကြီးမှန်းကိုမသိ..ဒီလောက်ပူအိုက်နေတဲ့ညမှာ ခန္ဓာကိုယ်ပါချမ်းစိမ့်စိမ့်ကြီးဖြစ်ပြီး အနေရကျပ်သလိုလို တစ်ယောက်ယောက်အခန်းထဲရှိနေသလိုဖြစ်လာတာရယ်..ဘေးကအစ်မကိုကြည့်တော့လည်း သူ့မျက်နှာမကောင်း..ကျွန်မကပြောမလို့ပါးစပ်ဟရုံရှိသေး  သိတယ် မပြောနဲ့တော့နော် တို့အိပ်ကြမယ် ဘာမှမဖြစ်ဘူး လို့ ပြောရော..ဟိုဘက်ကုတင်ကအစ်မကလည်းအခြေနေကိုသိပုံနဲ့ ကဲ တို့တွေအိပ်မှရမှာနော် ဘုရားစာရွတ်ပြီးအိပ်ပျော်အောင်သာအိပ်ကြမယ် လို့လှမ်းပြောပါတယ်..ကျွန်မကရီရတယ် ပိုက်ဆံအိတ်ထဲပါလာတဲ့စိတ်ပုတီးလေးကိုကမန်းကတန်းတုန်တုန်ရင်ရင်နဲ့ထုတ်ပြီး လည်ပင်းမှာစွဲလိုက်သေး။အခန်းတစ်ခုလုံး တခြားတနေရာရောက်သွားသလို အေးစက်ပြီးတိတ်ဆိတ်သွားတာများ ခုပြန်တွေးလည်းကြက်သီးထတုန်းရယ်..
ဘေးကအစ်မကပက်လက်အနေအထားအိပ်နေတာ အစ်မရေ ကန်တော့နော် စိတ်မရှိပါနဲ့ဆိုပြီး စောင်ကိုခြေဖျားထိတင်းတင်းလုံလုံခြုံ အဲ့အစ်မလက်မောင်းကိုကိုင်ပြီးမျက်လုံးကိုစုံမှိတ်ထားလိုက်တော့တာပဲ။မျက်လုံးမှိတ်မှ ပိုဆိုးတော့တာရယ်..လူကအေးစိမ့်ပြီး အခန်းထဲကိုတစ်ယောက်ယောက်ဝင်လာပြီဆိုတာအလိုလိုသိနေတာ၊အခန်းထဲမှာ ပတ်လျောက်နေတာ ကျွန်မတို့ခုတင်ဘေးရောက်နေပြီဆိုတာလည်းသိ အမလေး ကြောက်လိုက်တာမှ ချက်ချင်းရန်ကုန်သာပြန်ပြေးချင်သလိုလို အော်လိုက်ရမလိုလို ငုတ်တုတ်ကြီးပဲထထိုင်လိုက်ရမလားနဲ့ လူကိုမွှန်ထူကြောက်နေရတာပဲ..သံဓိဌာန်တော့ချထားတယ်လေ..ငါ့ကိုကုတင်ပေါ်ကဆွဲချရင်တော့ ငါမျက်လုံးမဖွင့်ဘူးဟေ့လို့ ခံစားနေရရုံနဲ့တင်လူကအခြေအနေဆိုးနေပြီ မျက်လုံးများဖွင့်ကြည့်လို့တွေ့ရင်အသက်ပါပါမှာလေ ..
အဲဒီလိုနဲ့ဘုရားစာတွေရွတ် မျက်လုံးမှိတ်ထားရင်းနဲ့ပဲ လူကပင်ပန်းလွန်းတော့ အိပ်ပျော်သွားပါရော..
မနက်ကျတော့ ရေချိုးခန်းထဲတောင်မျက်နှာဝင်မသစ်ရဲကြတော့ဘူး..အစောကြီးလေးနာရီကျော်လောက်ပြန်ထရတာကိုး..၂ယောက်တတွဲမျက်နှာသစ်ပြီး အပေါ့အပါးအလေးကိစ္စတော့ အလှူလုပ်တဲ့ကျောင်းရောက်မှဖြေရှင်းတော့မယ်လို့ လုပ်ရတဲ့အထိပါပဲ။
လမ်းကျမှ လေးယောက်သားပြောဖြစ်တော့ သူတို့လည်းကျွန်မလိုပဲခံစားရကြောင်း ဆိုဖာမှာသွားအိပ်တဲ့အစ်မကလည်း သူကုတင်မှာအိပ်ဖို့လုပ်နေရင်း ခေါင်းနပန်းကြီးပြီးတမျိုးကြီးဖြစ်သွားတာကြောင့်ဆိုဖာမှာအိပ်ဖို့ရွေးလိုက်တာလည်းပြော..ပဌာန်းရွတ်တဲ့အစ်မကလည်းစိတ်ထဲမသန့်လို့ကို ပြေလိုပြေညား ရွတ်ရင်း စိတ်ထဲပိုလေးလာတဲ့အကြောင်း..အခန်းထဲကိုဝင်လာတာကိုတော့အားလုံးခံစားမိပြီးသိကြတာ..ပိုပြီးသတ္တိကောင်းတာကတော့ ကျွန်မဘေးကအစ်မရယ် ..ကျွန်မကသူ့ဘေးမှာအသားကုန်မျက်စိတွေမှိတ်ထားချိန်မှာ သူမျက်လုံးလေးနဲနဲဖွင့်ပြီးကြည့်လိုက်သတဲ့..ဘိုကြီးက ၂ယောက် ဘိုကလေးလေးကတစ်ယောက် တဲ့..အခန်းထဲဝင်လာပြီး ဘုရားစာရွတ်တဲ့အစ်မနားအရင်ရပ်ကြည့် ပြီးတော့ဆိုဖာကအစ်မနား နောကိဆုံးကျွန်မတို့ကုတင်ဘက်ခြေဦးလှည့်လာတော့ သူမျက်စိမှိတ်ထားလိုက်တော့တာရယ်..အကြာဆုံးကကျွန်မတို့နှစ်ယောက်နားမှာပါပဲ..
ပြီးတော့ထူးဆန်းတာတစ်ခုက ကျွန်မတို့ချက်တဲ့ဟင်းတွေ အလှူရောက်တော့အကုန်သိုးနေပါပြီ..ရေခဲသေတ္တာထဲကထုတ်တော့တောင်အေးစက်ပြီးအိုကေနေတာပါ..အလှူနေရာကိုသယ်သွားပြီးပြန်နွေးပြုပြီး ခူးခပ်တော့အမြှုပ်ထနေပြီ..ဘယ်လောက်မှအချိန်လည်းမကြာပါဘူး..အလှူကတခြားဟင်းတွေလည်းညကတည်းကချက်တာတွေပါပဲ ဘာမှမဖြစ်..ကျွန်မတို့ဘိုတဲမှာချက်တာတွေပဲဖြစ်ကုန်တာ..
အဲဒါအံ့သြစရာကြီးပါ..
မနက်ကတည်းက ပစ္စည်းအကုန်ထုတ်ပိုးပြီးအဆင်သင့်အခန်းဝမှာချထားလိုက်တော့ပြီးပွဲပြီးတော့အခန်းထဲတောင်ပြန်မဝင်ကြတော့ပါဘူး..ကားပေါ်တန်းတင်တာပဲ..ကြောက်လို့😀
အန်းတိတ်လေ့လာချင်တဲ့ကျွန်မတော့ နောက်ဆိုတော်ပါပြီဆိုသလိုပါပဲ
မကြုံရခင်အောက်ထပ်မှာဟင်းချက်တုံး စပ်စပ်စုစုရိုက်ထားတဲ့ရှေးဟောင်းရေခဲသေတ္တာကြီးနဲ့ ဂတ်စိမီးဖိုပုံလေးတွေတော့ ဗဟုသုတရအောင်တင်ပေးလိုက်ပါတယ်နော်..
ဘဝမှာမှတ်မှတ်ရရကြီးကို သွေးပျက်ခြောက်ခြားခဲ့ရတဲ့မမေ့နိုင်စရာညတစ်ညပါပဲ
#crd

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now