အပိုင်း (၅)
တိုင်ကပ်နာရီကြီးထံမှ ဒင် ကနဲအသံကြောင့် ဦးစိုးဝေ လက်ကိုမြောက်ကြည့်လိုက်သည်၊ ညနေ လေးနာရီ...
အချိန်တွေက ကုန်ခဲလွန်းရန်ကောဟု သူထင်မိသည်၊ မိုးကစိမ့်နေအောင် အေးသော်ငြား မိမိရင်ထဲမှာတော့ ပူလှချေသည်၊ ကိစ္စ ဝိစ္စတွေမြန်မြန်သာပြီးပါစေတော့ဟု ဆုတောင်းနေမိသည်... သူ့ရှေ့က ဆိုဖာမှာတော့ လုပ်ငန်းလုပ်ဖက် ဆီကုန်သည် ကိုသိန်းလွင်က ဂျာနယ်တစောင်ကိုထောင်ဖတ်နေလေသည်၊ မျက်နှာကိုလှမ်းမမြင်ရ၊ ဝဖိုင့်ပြည့်ဖြိုးသော ခန္ဓာကိုယ်အား ဆိုဖာနောက်မှီပေါ် မှီလျှောထိုင်ရင်း တုပ်တုပ်မျှပင်မလှုပ်၊ အိပ်များနေလေသလောဟုတောင် ထင်ရလေသည်... ဒါပေါ့လေ သူတို့သွေးသားမှ မဟုတ်တာဘဲဟု တွေးမိ၍ ဦးစိုးဝေ သက်ပြင်းလေးကြီးကိုချရင်း စိတ်သက်သာလိုသက်သာငြား လမ်းလျောက်ရန်ထလိုက်၏၊အနောက်ဘက်ဆောင်မှာ မကြွေက ပန်းအိုးတွေထိုးနေသည်၊
''မီးမီး ဖုန်းထပ်ဆက်သေးလား...ဆရာ''
သူ့ကိုမြင်တော့ မကြွေက စိုးရိမ်ဟန်ဖြင့်လှမ်းမေးသည်၊
''မဆက်ဘူး...''
ဦးစိုးဝေအသံပြတ်နှင့်ဖြေပြီး အိမ်ရှေ့ကို ပြန်လျောက်လာခဲ့၏။ ဒီမိန်းမဟာ ပေါ့တီးပေါ့ဆနဲ့ စိတ်ကိုမချရဘူးဟု သူတွေးနေမိသည်။လှေကားရင်းရောက်တော့ သူတချက်မော့ကြည့်လိုက်သည်၊
မိုးသံ လေသံကြားထဲမှပင် အပေါ်ထပ် အထပ်ခိုးက သူ့သမီးတွေ နေခဲ့သော အခန်းဟောင်းထဲမှ တချက်တချက် အော်ငေါက်သံ၊ ကြာပွတ်သံတွေကြားနေရသည်၊ နေမဝင်ခင် အပြီးသတ်မှ ဖြစ်မည်ဟုသူတွေးမိသဖြင့် ကိုသိန်းလွင်ကို လှမ်းခေါ်လိုက်သည်။''ဗျို့...ကိုသိန်း... အိပ်များပျော်နေသလား''
''ဟင်... အင်း...အင်း...မအိပ်ပါဘူး ဗိုလ်စိုးရဲ့... ဘာထူးပီတုန်း''ကိုသိန်းလွင်က ဂျာနယ်ကွယ်ပြီး ငိုက်နေရာမှ ကိုယ်ကိုမတ် မျက်နှာကို လက်ကိုင်ပဝါဖြင့်ပွတ်ရင်းအပေါ်ကိုလှမ်းကြည့်လျက်မေးလိုက်သည်။
''ကျုပ်လဲ မပြောတတ်ဘူးဗျ... တက်မလာနဲ့ဆိုလို့သာ အောင့်အီးနေရတယ်၊ ကြိမ်ရိုက်သံတွေတော့ ကြားနေရတာပဲ၊ ခင်ဗျားဟာက ဟုတ်ရော ဟုတ်ပါ့မလားဗျာ... ဘယ်ဘဝရောက်ရောက် ကျုပ်သမီးတော့ တော်စပ်ဖူးတာပဲဗျ၊ တအားရက်ရက်စက်စက်တွေတော့ ကျုပ်ခွင့်မပြုဘူးနော်... ခင်ဗျား''
YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်