57

252 14 0
                                    

ဘာဖြစ်တယ်ညာဖြစ်တယ်လို့တော့ နာမည် မတပ်တတ်ဘူးဗျ၊ ဖြစ်တာက ကျွန်တော် ၇ တန်းနှစ်၊ အသက် ၁၃ နှစ်လောက်ဖြစ်မှာပေါ့။ ရုတ်တရက်ကြီး အပြင်းဖျားတယ်၊ ဘာရောဂါမှ ရှာမရပဲ ရုတ်တရက် အိပ်ယာထဲလဲတဲ့အထိပဲ။ အဲဒီတုန်းက တော်တော် နာမည်ကြီး အထွေထွေသမားတော်ကြီးတစ်ယောက်အိမ်နဲ့ အိမ်နီးနားချင်းဆိုတော့ ဆေးရုံမတက်ဖြစ်ပဲ ဆရာဝန်ကြီးက သူကိုယ်တိုင် လာလာကြည့်ပြီး ကုပေးတယ်ပေါ့။ အိပ်ယာထဲ လဲတာ ၂ လနီးပါးဖြစ်သွားတယ်၊ အဲဒီတုန်းက ရှိသလောက် နည်းပညာနဲ့ စစ်တာဆေးတာလဲ စုံနေပြီ (သွေးစစ်၊ ဝမ်းစစ်၊ ဆီးစစ်၊ ဓါတ်မှန် ဆိုတဲ့အဆင့်လောက်ပေါ့)၊ ရောဂါနာမည်က တပ်မရသေးဘူး၊ အဲဒါနဲ့ ဆရာကြီးက နောက်ဆုံး ဒီလူနာကို machine gun နည်းနဲ့ ကုမှရတော့မယ် ဆိုပြီး ဆေးတွေ တွဲလိုက်ကြီး အများကြီးပေးပစ်တော့တာပဲ။ (ဒါက ကိုယ်က အဲဒီတုန်းက ဘာမှ နားမလည်ဘူး၊ အိမ်က မိဘတွေ ပြန်ပြောပြလို့ သိရတာ)။ ဆေးတွေ သောက်ရတာ ဘယ်လောက် သောက်ရလဲဆို သွားတွေ လက်သည်းတွေ အကုန် ဝါကုန်တဲ့အထိပဲ။

၂ပတ်လောက် သောက်ပြီးတော့ လူက နည်းနည်း ထူနိုင် ထနိုင် ဖြစ်လာတယ်။ အိပ်ယာပေါ် ပက်လက်အနေအထားကနေ လူတွဲပြီး အိမ်သာသွား အပေါ့စွန့်လို့ ရတဲ့ အနေအထားလောက် ရောက်လာတယ်။ အလေး ကတော့ ကုတင်နားမှာပဲ အိုးနဲ့ သွားနေရတုန်း။ တစ်ရက်ကျ အပေါ့သွားချင်လာတုန်း အနားမှာ လူလဲမရှိတာနဲ့ ကိုယ့်ဟာကိုယ်ပဲ ကြိုးစား ထပြီး အိမ်သာကို သွားလိုက်တယ်။ အိမ်သာတခါး ဂျက်ချပြီး ဒီဘက် ပြန်အလှည့် ရုတ်တရက် မီးပျက်သွားသလို အမှောင်ကျသွားတယ်။ စိတ်ထဲမှာ နေ့ခင်းကြောင်တောင်ကြီး ဘာလို့ မီးပျက်သွားရပါလိမ့် လို့ တွေးမိလိုက်တုန်း ရုတ်တရက် ပြန်လင်းလာတော့ လူက အိမ်သာထဲမှာမဟုတ်တော့ဘူး။ ကျောက်ဂူအကြီးကြီး တခုထဲမှာ။ (နောက်ပိုင်း ဆယ်တန်းအောင်ပြီး ခရီးတွေထွက်ဖြစ်တဲ့အခါ ဖားအံဘက်က ကျောက်ဂူတွေ ရောက်တော့ အိပ်မက်ထဲက ဂူကြီးနဲ့ ခပ်ဆင်ဆင် တူတာမျိုး သတိထားမိတယ်)။

ဂူထဲမှာ လင်းနေတယ်။ အပြင်က အလင်းရောင်ကြောင့် မဟုတ်ပဲ နံရံမှာ ကညင်ဆီမီးတိုင်ကြီးတွေ ခပ်စောင်းစောင်း စိုက်ထားတာကြောင့် လင်းနေတာ။  ဂူထဲမှာ အဖြူဝမ်းဆက် (ဝတ်ဖြူစင်ကြယ်ပဲ ထားပါတော့) နဲ့ လူတချို့ကို တွေ့ရတယ်။ မြေသား ကုတင်လိုလို စားပွဲကြီးလိုလို နေရာမျိုးတွေမှာ တချို့က လှဲအိပ်နေ၊ တချို့က ထိုင်နေ၊ တချို့က ဂူထဲမှာ လမ်းလျှောက်နေကြတယ်။ ကိုယ်က ဂူအတွင်းပိုင်းလိုနေရာမျိုးကို လှမ်းဝင်သွားမလို့ လုပ်လိုက်တုန်း ရုတ်တရက် အနောက်ဘက်ကနေ ကိုယ့်ကို အော်ခေါ်နေတဲ့အသံတွေ ကြားရတယ်။ အဖေ့ အသံရယ်၊ ဦးလေးတစ်ယောက်ရဲ့ အသံရယ်။ အဲဒါနဲ့ အသံလာတဲ့ဘက်ကို လှည့်အကြည့် ရုတ်တရက် မီးမောင်းကြီး ထိုးချလိုက်သလို အဖြူရောင် အလင်းကြီးက မြင်ကွင်းတခုလုံးကိုဖုံးပြီး ဖြူဖွေး သွားတယ်။ လူက အဲဒီ အလင်းရောင်ကြီးထဲကို စုပ်ယူခံလိုက်ရသလိုမျိုး လွင့်သွားတယ်။ အဲဒီကနေ မြင်ကွင်းက ပြန်ပြီး ကြည်လင်သွားတဲ့အခါကျ ပထမဆုံးမြင်ရတာက အပေါ်ဘက်ကို လှည့်ထားတဲ့ ရေပိုက်ခေါင်းတခုနဲ့ အဲဒီ ရေပိုက်ခေါင်းကနေ ရေတွေက အပေါ်ကို ပန်းထွက်နေတာလဲ မဟုတ်ပဲ စီး ပြီး တက်နေတာ။ ဟင် .. ဘယ်လိုအထူးအဆန်းလဲ ဆိုပြီး သေချာပြန်ကြည့်မိတော့မှ ရေတွေက အပေါ်ကို စီးနေတာမဟုတ်ပဲ ကိုယ်က အိမ်သာထဲမှာ ခွေခေါက် ဇောက်ထိုး ပုံစံမျိုး လဲနေတာဖြစ်နေတယ်။

အဖေနဲ့ ဦးလေးက အပြင်ဘက်ကနေ အိမ်သာတံခါးကို တဘုန်းဘုန်းနဲ့ထုပြီး ကိုယ့်နာမည်ကို အော်ခေါ်နေတယ်။ ကြိုးစားပြီး ထပြီး တခါးဖွင့်ပေးလိုက်တော့ အိမ်သာထဲမှာ အဲ့လောက်အကြာကြီး ဘာဝင်လုပ်နေတာလဲ တဲ့။ အပြင်ကနေ ခေါ်နေတာ ၁၅ မိနစ်လောက်ရှိနေပြီ အိပ်ပျော်နေတာလား ဘာဖြစ်နေလဲ ဆိုပြီး အဆူခံလိုက်ရတယ်။ သတိလစ်ပြီး မေ့လဲသွားတာပါ လို့ပြောတာကို အဖေက မယုံဘူး။ မင်း ချော်လဲပြီး လန့်သွားတာကို အပိုတွေ လျှောက်ပြောနေတာပါကွာ ဆိုပြီးပြောတာနဲ့ ဂူကြီးအကြောင်းတွေ အလင်းရောင်ကြီးအကြောင်းတွေ ဆက်မပြောဖြစ်တော့ပဲ ထားလိုက်ရတယ်။ သေချာတာက မီးပျက်သလို မှောင်သွားပြီးတဲ့အချိန်မှာ လဲကျသွားတာကို ကိုယ်လုံးဝမသိလိုက်ဘူးဆိုတာပဲ။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now