133(7အဆက်ep-14

186 11 0
                                    

The Twins

အပိုင်း (၁၄)

''သား''....
ကျောက်စရစ်ခင်းထားတဲ့ လူသွားလမ်းပေါ် ဖိနပ်မပါဘဲ ခြေခေါက်ပြီးဖုန်းကနဲ ပစ်လဲတာကို နာရကောင်းမှန်းမသိနိုင်လောက်အောင် ကျမဟာ ပူလောင်ဆူပွက်နေပြီ...  ကုန်းရုန်းထပြီး အိမ်ဟောင်းဘက်ကို ကျမ ဒုန်းဆိုင်းပြေးခဲ့တယ်...
သား... ငါ့သားလေး...
ကျမကို လူပီပီသသဖြစ်လာအောင် အလင်းရောင်ပေးခဲ့သူလေး၊ နှစ်ပေါင်းများစွာသောက်ခဲ့ရတဲ့ ဆေးပြင်းတွေကြောင့် အချိန်အကြာကြီးတောင့်တပြီးမှ ရခဲ့တဲ့ ကလေးလေး၊ အိပ်ရေးပျက်ခံလို့မရတဲ့ ကျမရဲ့ကျန်းမာရေးကို ကလေးကြောင့် ဒုက္ခရောက်မှာ သူ့အဖေက စိုးရိမ်ခဲ့ပေမယ့် လသားလေးမှာတောင် ညဘက်နို့ထမတောင်းခဲ့ဖူးတဲ့ အင်မတန်အေးသော ကျမရဲ့သားလေး... ဘုရား ကယ်ပါ...  ကယ်ကြပါ
ကျမဟာ ဘာတွေ အော်မိမှန်းလဲ မသိတော့ဘဲ အိမ်တံခါးမကြီးကို ဝုန်းကနဲတွန်းဖွင့်ဝင်ပြီး လှေကားပေါ်  အထစ်တွေကျော် ပြေးတက်ခဲ့တယ်...
ကျမရဲ့ အခန်းဟောင်းဟာ တံခါးစေ့လျက်သား... တံခါးအောက်ခြေကနေ အလင်းရောင်ဖြာထွက်နေတာကိုတွေ့တယ်...
ကျမ ဒရောသောပါး တံခါးကို ဆောင့်တွန်းပြီးဝင်ခဲ့တယ်...
''သား... သားလေး''
အခန်းဝကို ကျောပေးပြီး ကုတင်ပေါ်ထိုင်နေတဲ့ လပြည့်လေးက ကျမဝင်လာတာကို အလန့်တကြားလှည့်ကြည့်ပြီး... ''မေမေ...'' လို့ လှမ်းခေါ်ရှာတယ်...
ကျမကုတင်ပေါ်ခုန်တက်၊ သားလေးကို အတင်းဆွဲချီပြီး မျက်နှာ လက် ခြေတွေ ဘယ်နေရာများ ဘာဖြစ်သွားပြီးလဲ ပြူးပြဲရှာနေမိတော့တာပါပဲ...
''သား... နာနာဖြစ်သလား သား... ဘယ်နားနာလဲ မေမေ့ကို ပြစမ်း လပြည့်''
ချွေးစေးတွေပြန်ပြီး မောဟိုက်တုန်ရင်နေတဲ့ မျက်ရည်တွေ နှပ်တွေ အရွှဲသားနဲ့ ကျမကို သားလေးက တအံ့တသြကြည့်ရင်း...
''မေမေ ဘာဖြစ်လို့ငိုတာလဲ... မေမေရော နာနာဖြစ်နေတာလား'' လို့ မေးရှာတယ်၊
သားကလေးကို အရှင်အလတ်လတ်မှ တွေ့ရပါေတာ့မလားဆိုတဲ့ ဗျာပါဒမီးကြောင့် အလျှံတညီးညီးတောက်လောင်နေတဲ့ သောကနဲ့ ပြေးချလာသမျှ သူကလေးကို ဘေးမသီရန်မခ ပြန်ရမှဘဲ ကျမဟာ ရေအေးဝဝသောက်လိုက်ရတဲ့ နေပူထဲက လာခဲ့သူလို တဖြည်းဖြည်း အိန္ဒြေဆည်နိုင်တော့တယ်...
''သား ဒီကို ဘယ်လိုရောက်လာတာလဲ... အိမ်ရှေ့မှာ ဆော့နေလို့ မေမေ သေချာမှာထားခဲ့တာလေ၊ ဘယ်လိုဖြစ်ပြီး ဒီပေါ်ထိရောက်လာတာလဲ ငါ့သားရယ်...''
ကျမ မငိုမိအောင် မနည်းတင်းရင်း သားပုခုံးလေးကို လှုပ်ကာမေးတော့ သားလေးက ကျမကို မျက်လုံးဝိုင်းကြီးတွေနဲ့ နားမလည်စွာကြည့်ရင်းပြန်ဖြေရှာတယ်...
''မေမေပဲ သားကို ကစားကြမယ် လာ လိုက်ခဲ့ဆိုပြီး ခေါ်လာတာလေ... သားတို့ ပြေးကြတယ်လေ ဒီကို.... နောက်မေမေ ထွက်သွားတယ်လေ... ခုမေမေပြန်ဝင်လာပြီ'' တဲ့
ကျမ ရင်တွေတဒိုင်းဒိုင်းခုန်တက်လာတယ်၊
ဒါ ငယ်ငယ့် လက်ချက်... ကျမသိတယ်၊ ကျမ အမြဲသိတယ်...၊
စိုးရိမ် ပူပန်စိတ်၊ ဒေါသစိတ်၊ ကြောက်စိတ်... အဲ့ဒါတွေအပေါ် သားကိုထိလို့ကြွတက်လာတဲ့ ဇော... သားဇောနဲ့လောင်စာထပ်လောင်းခံလိုက်ရတဲ့ ကျမဟာ ခုချိန်မှာ ကျားနဲ့နပန်းဖက်လုံးရမယ်ဆိုလဲ လက်တွန့်နေမယ် မထင်တော့ပါဘူး...
ကျမ ကုတင်ပေါ်က ဆင်းလိုက်တယ်...
သားကို ခါးထစ်ခွင်ချီပြီး တခန်းလုံးကို ကျမ လှည့်ပတ်ကြည့်တယ်၊ နှစ်ပေမီးချောင်းလေးထွန်းထားတဲ့ ဆယ့်ငါးပေ ပေနှစ်ဆယ် အခန်းလေးထဲမှာ လပြည့်ကလွဲပြီး ဘယ်သူမှ ရှိနေခဲ့ပုံမပေါ်...
အဲ့ဒီအချိန်မှာပဲ ခြေသံတဒုန်းဒုန်းနဲ့အတူ မယ်အိနဲ့ ဖိုးသောကြာရောက်လာတယ်...
''လပြည့်လေး...အမလေး သားရယ် ဘုရား ဘုရား... ဒေါ်ဒေါ့်ဆီလာပါအုန်း'' မယ်အိက ငိုသံကြီးနဲ့ပြောရင်း ကျမဆီက ကလေးကို ယူပြီး ချီလိုက်တယ်.... ဖိုးသောကြာက ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီသွားပြီး အောက်ကို ဓါတ်မီးနဲ့ ထိုးကြည့်နေလေရဲ့....
ကျမ ခေါင်းတွေကိုက်လွန်းလို့ နားထင်ကို လက်သီးဆုပ်နဲ့ လေးငါးချက် ထုလိုက်မိတယ်... ရင်တခုလုံးမောက်တက်လာသည်အထိ အသက်ကိုရှုသွင်း ရှိုက်ထုတ် လေးငါးခါလုပ်ပြီး စိတ်လှုပ်ရှားလွန်းလို့ လွင့်ပျံချင်နေတဲ့စိတ်ကို ကြိုးစားထိန်းနေရ... ပြောစရာရှိတာတွေကတော့ ပြောမှကို ဖြစ်တော့မှာပဲလေ...
ကျမသားလေးကို မယ်အိဆီက ပြန်ယူပြီး ဆံပင်စလေးတွေနဲ့ ပါးကလေးကို တအားရှိုက်နမ်းလိုက်တယ်...
''သား ပြန်တော့နော်... မယ်အိနဲ့လိုက်သွား...မေမေ ဒီအခန်းထဲမှာ သန့်ရှင်းရေးလုပ်လိုက်အုံးမယ်... အိုကေလား''
တခါမှ မအေကို ကန့်လန့်မတိုက်ဖူးခဲ့တဲ့ သားဟာ ခုလဲ ကျမစကားကို ခေါင်းကလေးငြိမ့်ပြရှာတယ်၊
''မယ်အိ...''
''ရှင်... မမ''
''ကလေးကို ခေါ်ပြီး ပြန်တော့... ခြေထောက်လက်ထောက်ဆေးပေးပြီး အင်းကျီလဲပေးလိုက် ပြီးရင် အခန်းထဲမှာပဲထား ငါနွားနို့ကျိုထားတယ် တိုက်လိုက်... အိပ်ချင်နေရင်လဲ သိပ်လိုက် ''
''မမ ကရော... လာလေ တခါထဲ''
မယ်အိက ကျမပြောစကားကို ဖြတ်ပြီးစောဒက တက်နေသေးရဲ့...
''ငါ လုပ်စရာရှိသေးတယ်... သွားနှင့်... ကလေးကို မျက်စိအောက်က အပျောက်မခံနဲ့ ဖိုးသောကြာလိုက်ပို့လိုက်... အဖေမေးရင် စိတ်မပူနဲ့ ငါလိုက်လာခဲ့မယ်လို့ ပြောတယ် ပြောလိုက်''
မျက်နှာကို ခပ်တင်းတင်းထားပြီးအပြတ်ပြောလိုက်တော့ ကျမကို မလွန်ဆန်ရဲတဲ့ သူတွေမို့ မျက်စိပျက်မျက်နှာပျက်နဲ့ လှည့်ကြည့် လှည့်ကြည့်လုပ်ရင်း လင်မယားနှစ်ယောက် ဆင်းသွားကြရှာတယ်၊
သားက မယ်အိ ပုခုံးပေါ်ကနေ တာ့တာလေးပြရင်း ပါသွားလေရဲ့...
-------------+++++++------------

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now