118

170 10 0
                                    

#အမေပြောသောပရလောက (၆)
#မုန်တိုင်းစဲချိန်

.. တစ်ရက်တော့နောက်ကျသွားပေမယ့် ရေးပြီးသား ဖြစ်နေလို့ ဒါလေးပဲ တင်လိုက်ပါတယ်..
..ဒီအပိုင်းမှာတော့ နာဂစ်မှာ အသက်ရှင်ကျန်ခဲ့တဲ့သူတွေရော၊ ကျွန်မနဲ့ အတူကယ်ဆယ်ရေး သွားခဲ့တဲ့ ပရဟိတ အဖွဲ့တွေ ကြုံခဲ့ရတဲ့ နာဂစ်အတွင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကို Mocha အတွက် စိတ်ပူရင်း စုစည်းရေးလိုက်ပါတယ်..
..နာဂစ် ဖြစ်တော့ ကျွန်မက ဆရာဝန်ပေါက်စ၊ အလုပ်ဝင်ကာစ.. နာဂစ်အပြီး ကယ်ဆယ်ရေးတွေ ဝင်ခွင့်ပေးတဲ့အချိန်ကစပြီး တွေ့သမျှ medical cover အဖွဲ့နဲ့ လိုက်ပြီး ဧရာဝတီတိုင်းထဲက အထိနာတဲ့ မြို့တော်တော်များများကို အခေါက်ခေါက်သွားပြီး ဆေးကုခဲ့ပါတယ်.. အဲဒီမှာ ရှင်ကျန်ရစ်တဲ့ survivor တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အနာတရတွေကို ဆေးကုပေးပြီး စိတ်ပိုင်းဆိုင်ရာ အနာတရ trauma တွေကို နားထောင်ရပြီး သူတို့နဲ့အတူ မျက်ရည်ကျခဲ့ရပါတယ်..
..လေထက်၊ ရေကြောင့် သေကြရတာမို့ ပင်လယ်နဲ့နီးတဲ့ လပွတ္တာ၊ ဘိုကလေး မြို့တွေက အသေအပျောက် အများဆုံးဖြစ်ခဲ့ရပါတယ်.. အဲဒီက ရွာတွေမှာ အုန်းပင်ဖျားအထိ ရေတက်ခဲ့တာ.. တစ်ရွာလုံးမှာမှ လူ ၁၀ ယောက်မပြည့်တဲ့ရွာတွေလည်း အများကြီးပါ.. များသောအားဖြင့် ယောင်္ကျားတွေပဲ ရှင်ကျန်ခဲ့တာ.. ရွာတစ်ရွာကို ရောက်သွားတော့ အသက်ရှစ်ဆယ်ကျော် အဘွားကြီးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်.. အံ့သြလို့ အဖွား ဘယ်လိုလွတ်ခဲ့တာလဲ မေးကြည့်တော့ အဖွားက ရေငုပ်တတ်လို့ ရေထဲမှာ ငုပ်လိုက် ရေပေါ်ကို ခဏပဲ ပြန်တက်လိုက်လုပ်ခဲ့တာတဲ့.. အဖွားပြောတာ မှန်ပါတယ်.. လူတော်တော်များများက ရေပေါ်မျောလာတဲ့ သစ်တုံးလို ဟာတွေနဲ့ ထိမိခိုက်မိလို့ ဒဏ်ရာတွေပိုရကြတာတွေ့ရတယ်.. လူတွေ အများစုက သစ်ပင်တွေကို ကုတ်ဖက်ကပ်တွယ်ထားရလို့ ရင်ဘတ်တွေ လက်တွေမှာ စုတ်ပြတ်သပ်နေတဲ့ဒဏ်ရာတွေကို အများဆုံးကုရပါတယ်.. မုန်တိုင်းပြီးချိန် ရေမရှိလို့ တွေ့ရာရေသောက်ပြီး ဝမ်းလျှောနေကြတဲ့ သူတွေလဲ အများကြီး.. မုန်တိုင်းညမှာ သစ်ပင်ကို တွယ်ရင်း ကလေးမွေးခဲ့ရတဲ့ ကိုယ်ဝန်သည်လေးကိုလဲ တွေ့ခဲ့ရပြီး သူ့သမီးလေးကို နာဂစ် လို့ ခေါ်ကြတယ်..
.. ကျွန်မတို့ရောက်တဲ့အချိန်မှာ အလောင်းတွေက များလွန်းလို့ ကျန်ခဲ့သူတွေက မမြုပ်နိူင်လို့ အလောင်းတွေ ပတ်ချာလည် ဝိုင်းပြီး ဆေးကုခဲ့ရတယ်..ရွာတစ်ရွာမှာ လေဆင်နှာမောင်းထပ်တိုက်လို့ ဘယ်ကမှန်းမသိတဲ့ အလောင်းကြီးတွေ မိုးရွာသလို မိုးပေါ်ကနေ ကျလာတာလဲ ကြားခဲ့ရတယ်..
ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်သွားပြီး  ဆေးကုနားလို့ ထမင်းစားတဲ့အခါ အလောင်းတွေကြောင့်မဟုတ်ပဲ ဘေးနားမှာ ကြည့်နေတဲ့မျက်လုံးတွေကြောင့် ထမင်းလဲစားမဝင်ခဲ့ဘူး..
..ကျန်ခဲ့တဲ့ သူတွေမှာ ကြည့်လေရာရာ ရွှံ့ပြင်အတိ၊ သေဆုံးသူ မိသားစုဝင်တွေအတွက် ပူဆွေးရတာ၊ နေရာတကာ၊ အပုပ်နံ့တွေနဲ့၊ နေစရာ စားစရာမရှိတဲ့ ဒုက္ခတွေအပြင် ည ညဆို ပင်လယ်ဘက်ကနေ ဓါတ်မီးတဝင်းဝင်းနဲ့ တက်လာကြတဲ့မကျွတ်မလွတ်ကြသေးသူတွေရဲ့ အသံတွေ၊ ကမ္ဘာပျက်သလို အော်ဟစ်ငိုယိုနေကြတဲ့ အသံတွေကြားမှာ တွေးမကြည့်ဘူးလောက်အောင် ကြီးမားတဲ့ စိတ်ဒုက္ခကို ခံစားခဲ့ကြရတယ်..
..ကျွန်မ ဦးလေးတို့ ပရဟိတ အဖွဲ့က ဘိုကလေးဘက်က နာမည်ကြီး ကျွန်းညိုကြီးဘက်ကို ကယ်ဆယ်ရေးသွားခဲ့ကြတယ်.. ကျွန်းညိုကြီးဆိုတာ နတ်ကြမ်းတယ်လို့ အဲ့အရပ်က လူတွေ ယုံကြည်ကြတဲ့နေရာပေါ့.. ဦးလေးတို့က ကျွန်းညိုကြီးနားကို ည မိုးချုပ်မှ ရောက်သွားတယ်.. နာမည်ကြီးတာမို့ အားလုံး မအိပ်ပဲ မော်တော်ပေါ်မှာ သတိနဲ့နေကြတယ်.. သွားရင်းနဲ့ မော်တော် ရှေ့ ရေထဲကနေ အလောင်းတွေက မတ်တပ်ကြီး ဘွားခနဲ ဘွားခနဲ ပေါ်ပေါ်လာတာ တွေ့ခဲ့ရတယ်.. အဲဒီနေရာမှာ ရေစီးကြောင်းတွေ ဆုံပြီး "မှုတ်ဝဲ" (စုပ်ဝဲ က ရေထဲကို စုပ်ယူပြီး မှုတ်ဝဲ ကပြောင်းပြန်ပါ) များရှိနေလို့ ရေထဲကအလောင်းတွေ ရေပေါ် မှုတ်ထုတ်ခံရသလားလို့ လက်တွေ့ကျကျတွေးကြည့်မိပေမယ့် ညမှောင်မှောင် လရောင်အောက် ရေထဲကနေ အလောင်းကြီးတွေ မတ်တပ်ကြီးထွက်ထွက်လာတဲ့မြင်ကွင်းကတော့ သွေးပျက်စရာကောင်းနေမှာ အမှန်ပါပဲ..
.. အရှေ့က အပိုင်း comment မှာ ရေးခဲ့သလို လူတွေဟာ ကိုယ်သေရမယ့်အကြောင်းတရားက ပါလာပြီးသားဖြစ်မယ်လို့ လက်ခံခဲ့ရပါတယ်.. နာဂစ်မှာ မသေဘဲ ကျန်ရစ်တဲ့ သူတွေကို မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ ထားတယ်.. တစ်လလောက်ကြာတော့ မုန်တိုင်းလဲပြီးပြီမို့ ကိုယ့်ရွာကိုယ် ပြန်ပို့ဖို့လုပ်ပါတယ်.. (တော်တော်များများကတော့ ဘာမှမရှိတော့တဲ့နေရာကို မပြန်ချင်ကြဘူးပေါ့လေ).. ဒါပေမယ့် ပြန်ပို့တော့လည်း ပြန်ကြရမယ်ပေါ့.. အဲဒီမှာ ဧရာဝတီ တိုင်းမှာ အသုံးများတဲ့ ဝမ်းဗိုက်လုံးလုံး နှစ်ထပ်သင်္ဘောမည်းမည်းကြီးတွေနဲ့ နှစ်စင်းအပြည့် လူတွေ တင်လွှတ်လိုက်ပါတယ်.. အဲဒီသင်္ဘောတွေက လေတိုက်ရင် အရမ်းလူးပါတယ်.. အဲ့သင်္ဘောတွေ ထွက်လာတဲ့အချိန် ဘိုကလေးဘက်က ရွာတစ်ရွာမှာ ဆေးကုပေးနေရင်း ပင်လယ်ဝမှာ မိုးတွေညိုနေတာ ကျွန်မလှမ်းမြင်နေရပါတယ်.. နောက်တော့ လေပြင်းမိပြီး သင်္ဘောမှောက်လို့ လူတွေသေကြောင်း သတင်းကြားရပါတော့တယ်.. အဲဒီအလောင်းတွေက ကျိုက္ခမီ ဘက်ထိ မျောပြီး သွားတင်နေခဲ့တာ.. ပြေးမလွတ်နိုင်တဲ့ ကံနဲ့ ဝဋ်ကြွေးတွေက ကြောက်ဖို့ကောင်းပါတယ်..
..တကယ်တော့ နာဂစ်မှာ ရေနစ်လို့မဟုတ်ပဲ ကယ်ဆယ်ရေးတွေ နောက်ကျခဲ့လို့၊ ကယ်မဲ့သူမရှိလို့ အစာငတ်ရေငတ်သေကြရသူတွေ အများကြီးရှိခဲ့တာကို ရင်နာနာနဲ့တွေ့ခဲ့သိခဲ့ရပါတယ်.. လှေကလေးထဲမှာ အမေနဲ့ ကလေးလေးက တင်းတင်းဖက်လို့ ပင်လယ်ထဲကို မျောရာကနေ ကယ်သူမရှိလို့ ရက်ကြာမှ ရေတက်နဲ့အတူ ပြန်မျောလာတဲ့ လှေကလေးပေါ်က အလောင်းတွေတွေ့ရတဲ့အချိန်မှာတော့ ကျွန်မ ငိုချလိုက်မိပါတယ်.. အခု Mocha မှာလည်း အလားတူ အဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် ဆုတောင်းရင်း နိုင်သလောက်ကူကြဖို့ မုန်တိုင်းစဲချိန် အတွက် ကျွန်မတို့ ပြင်ထားကြရအောင်ပါနော်...🙏

End of part-6
Thanks for your time 💛
#TL

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now