" သင်္ကန်းအရည်ခြုံထားသည့် လူသားစားသရဲ "
••••••••••••••••••••••••••••••••••••••••••••••••" ဖြစ်မှဖြစ်ရလေ သားလေးရယ် ၊ ဟီး ... ကိုရွှေ ၊ ကျွန်မတို့သားလေး သေရတာ ကျွန်မတို့မှာ ငွေမရှိလို့တော် ...၊ ဟီး...စဖြစ်ကတည်းက ဆေးရုံခေါ်သွားကြည့် ၊ ခုလို ဖြစ်ချင်မှဖြစ်မှာ ...၊ သားလေးရယ် မွဲလွန်းလှတဲ့အမေ့ဗိုက်ထဲမှာ ဘာလို့ လူလာဖြစ်ရတာလဲ...ဟင် ၊ ခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးမကုနိုင်လို့ ဆုံးရပြီ ...၊ ဟီး ... ဟီး ... "
" မိန်းမရယ် စိတ်ကို ဖြေပါကွာ ...၊ သူ့ သက်တမ်းက ဒီလောက်ပဲ ပါလာလို့နေမှာပါ "
ဇနီးသည်သို့ နှစ်သိမ့်နေသော်ငြား သူကိုယ်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျနေရသူက ကိုရွှေ ။
" တို့နဲ့အတူနေဖို့ သူ့ကံက ဒီလောက်ပဲ ပါလာတယ် ထင်ပါရဲ့ "
ရွာနှင့်အလှမ်းဝေးသည့် ကွင်းပြင်ထီးထီး ၊ ချောင်းနံဘေးရှိ လယ်စောင့်တဲလေးအတွင်း၌ဖြစ်သည်။ သေဆုံးနေသည့်(၁၀)နှစ်အရွယ် ယောက်ျားလေးနံဘေး၌ မိဘများ ဖြေမဆည်နိုင်။ ရှားရှားပါးပါး သားဦးလေးတစ်ယောက်တည်းမို့ ရူးမတတ် ချစ်ကြရှာ၏။ စဖျားဖျားခြင်း အိမ်ရှိဆေးမြီးတိုလေးများနှင့်သာ သက်သာလိုသက်သာငြား စောင့်ကြည့်နေကြ၏။ သားလေးခမျာ မသက်သာမှ ဆေးရုံသွားဖို့ စရိတ်အတွက် အကြံထုတ်နေရင်းမှ ယခုကဲ့သို့ ဆုံးပါးသွားရခြင်းပင်။ လယ်စောင့်တဲလေးများမှာ ဟိုတစ်စု ၊ သည်တစ်စု အလှမ်းဝေး၏ ။
" မိန်းမ ...၊ ကိုယ် ရွာသွားပြီး မမတို့ကို အသိပေးမှ "
" အို...မိုးပဲ ချုပ်တော့မယ်...၊ ကျွန်မ တစ်ယောက်တည်း ကွင်းကြီးထဲမှာ ထားခဲ့မလို့လား "
" အေး ... ဟုတ်သားပဲ ၊ အင်းလေ ... မနက်ကျမှပဲ စောစောထသွားတာပေါ့ ၊ ဟော... ဟိုမှာ ... "
ခင်ပွန်းဖြစ်သူ လက်ညှိုးညွှန်ရာ တဲလေးရှေ့သို့ လှမ်းကြည့်လိုက်၏။ ဦးပဉ္ဇင်းတစ်ပါး တဲလေးရှိရာသို့ တရွေ့ရွေ့နှင့်လျှောက်လာသည်ကို တွေ့ရ၏။
" ဟင် ... တိုက်တိုက်ဆိုင်ဆိုင် ၊ ပင့် ပင့် ကိုရွှေ "
" ကြွပါဘုရား ...၊ ကြွပါဘုရား ... "
YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်