134(7ဆက်ep-15

159 13 0
                                    

The Twins

အပိုင်း (၁၅)

''ရပြီ ဖိုးသောကြာ... ဒီကစောင့်နေခဲ့''
ဦးစိုးဝေက အိမ်မကြီးတံခါးမှ အတွင်းသို့ လှမ်းမဝင်မီ နောက်က ပါလာသော တပည့်လုပ်သူကို လှမ်း၍ပြောသည်၊
''နောက်ကျလှပြီဆရာ... ဖြစ်ပါ့မလား၊ ကျနော်လိုက်ခဲ့ပါရစေ...'' ဖိုးသောကြာက စိတ်ပူဟန်ဖြင့်ဆို၏၊
''ရပါတယ် ဒီမှာသာ စောင့်နေခဲ့ပါ၊ လိုရင် ငါခေါ်လိုက်ပါမယ်...'' ဦးစိုးဝေက အသံကိုနှိမ့်၍ ပြန်ပြောရင်း အိမ်အတွင်းသို့ လှမ်းဝင်ကာ တံခါးမကြီးကို ပြန်ပိတ်လိုက်လေသည်၊
အိမ်ကြီးကား ညအမှောင်၌ ပကတိငြိမ်သက်လျက်ပင်၊ ဆင်ဝင်မီး၏ အလင်းရောင်သည် မှန်ပြတင်းများမှတဆင့် အိမ်တွင်းသို့ တိုးဝင်ဖြာကျလျက် ထိုမလောက်မင အလင်းအောက်၌ ပိတ်ဖြူများအုပ်၍ထားသောပရိဘောဂများမှာ တစ္ဆေများ ငုတ်တုပ်ထိုင်နေဘိအလား၊
ဦးစိုးဝေက မျက်လုံးတချက်ဝေ့ကြည့်ကာ လှေကားရှိရာသို့ လျောက်လာ၏၊
''သမီးလေး.....''
လှေကားရင်း၌ ရပ်နေရင်း အပေါ်ထပ်သို့ မော့ကြည့်ကာ သူ လှမ်းခေါ်သည်၊ မည်သည့်တုန့်ပြန်သံမှ မကြားရသဖြင့် သူသက်ပြင်းကိုချကာ လှေကားပေါ်တက်မည်ပြင်၏၊ ထိုအချိန် လေဝင်ပေါက်မရှိပါပဲ လေအေးတချက် ဖြတ်တိုးသကဲ့သို့ စိမ့်၍ချမ်းသောခံစားချက်ကြောင့် သူခေတ္တရပ်ကာ နားစွင့်နေလေသည်၊
မျက်လုံးက လှေကားအခြေမှတိုင်ကပ်နာရီကြီးအားကြည့်မိသည်ခဏ မှန်အရိပ်တွင်မြင်လိုက်ရသည့် မိမိနောက်ဘက်တွင် မတ်တပ်ရပ်နေသော မိန်းမသဏ္ဍန်တခုကြောင့် ဦးစိုးဝေ အသက်ရှုရန်မေ့သွားမိတော့သည်၊
သို့သော် မိမိလာရင်းကိစ္စအား သတိဝင်၍ စိတ်ကို ထိန်းကာ နောက်သို့တဖြည်းဖြည်းလှည့်၍ကြည့်၏၊
ဝိုးတဝါး အလင်းရောင်အောင်၌ ဆံပင်ဖားလျားနှင့် မိန်းမတယောက်သည် အခန်းထောင့်မီးတိုင်နံဘေးမှ သူ့အားကြည့်လျက်ရှိလေသည်၊ အခန်းသည် ရုတ်တရက် အေးစိမ့်ကာ သူမထံမှညှီစို့သောအနံ့အသက်များ ထွက်လျက်ရှိလေသည်။
ကြောက်စိတ် ဝမ်းနည်းစိတ်တို့ကြောင့် ဦးစိုးဝေရုတ်တရက် စကားမပြောနိုင်ချေ၊ အသက်ကိုမှန်အောင် အတန်ကြာရှုပြီးမှ သူက...
''အဖေပြောစရာရှိလို့ပါ သမီးလေးလား...'' ဟုခပ်တိုးတိုးဆို၏၊
ထိုအရိပ်သည် မည်သို့မျှ မတုံ့ပြန်ချေ၊ ဦးစိုးဝေကဆက်၍...
''သမီးကို နှင်ထုတ်ခဲ့မိတာ အဖေမှားပါတယ်၊ သမီးအမရဲ့ စိတ်ဝေဒနါက သမီးကို ဆက်မြင်နေရရင် ပိုဆိုးလာမှာ စိုးရိမ်လို့ အဖေဒီလို လုပ်ခဲ့မိပါတယ်''
အခန်းထောင့်မှ အမျိုးသမီးက ဦးစိုးဝေကို ကျောခိုင်းလိုက်ကာ ပြတင်းမှသည် တိုက်အိမ်ရှိရာသို့ ငေးနေလေသည်။
''သမီးကို တနေရာရာမှာ နေရာချထားပေးဖို့ အဖေစီစဥ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပဲ သမီး နှစ်ပေါင်းများစွာ ဒုက္ခတွေခံခဲ့ရတာ....'' ဦးစိုးဝေ စကားမဆက်နိုင်ေတာ့ဘဲ ငိုလေ၏၊
''ဒုက္ခတွေခံခဲ့ရတာ... အဖေတောင်းပန်ပါတယ်ကွယ်'' ဦးစိုးဝေ လှေကားရင်း၌ ထိုင်ချလိုက်ရင်း ဆိုသည်၊
''သမီးအမ တယောက်ပဲ ကျန်တော့တဲ့ အဖေ့ဘဝမှာ သူ့အပေါ်ဖြည့်ဆည်းချင်တဲ့စိတ် တာဝန်ကျေချင်တဲ့စိတ်ကြောင့် သမီးကို ပစ်ပယ်သလို ဖြစ်ခဲ့ရင် အဖေ့ကို ခွင့်လွှတ်ပါ... အဖေ့ကို မုန်းနေရင် ငါ့သမီးလေးမှာ ဒုက္ခပိုများမှာ အဖေစိုးတယ်၊ သမီးအမကို စွဲလမ်းလွန်းပြီး ဒီဘဝက မလွတ်နိုင်ဖြစ်နေမှာလဲစိုးတယ်ကွယ်'' ဦးစိုးဝေ ရှည်လျားစွာပြောပြီး မော၍နေလေသည်၊
''သမီးအတွက် အဖေ အမြဲ အမျှကုသိုလ်ပေးလျက်ပါ... တခြားလိုချင်တာရှိရင်လဲ ပြောပါကွယ်'' သူက မော့ကြည့်ရင်း ပြောသည်၊
မည်သို့မှ မတုံပြန်သဖြင့် ဦးစိုးဝေ ခေါင်းကို ခါကာ ထရပ်ရန်ပြင်၏၊
''မမ က ငါ့ကို မတွေ့ချင်တော့ဘူးတဲ့...''
အက်ကွဲခြောက်ကပ်စွာထွက်ပေါ်လာသော လိုင်သံပါနေသည့် မိန်းမ အသံကြောင့် ဦးစိုးဝေ သူမအားလှမ်း၍ကြည့်သည်၊
''မမဆီ ပြန်လာခဲ့တာ အဝေးကြီးက... ကားလမ်းမကနေ အကြာကြီးလာခဲ့ရတယ်... တချို့က
ငါ့ကို ဝိုင်းတိုက်ခိုက်ကြတယ်'' သူမအသံက တုန်ကာ တိမ်ဝင်သွား၏၊
''သမီးရယ်...'' ဦးစိုးဝေ မချိစွာ ရေရွတ်မိလေသည်၊
''မမက ကလေးလေးကို ခေါ်ပြီး သွားတော့မှာလား...'' သူမက ခေါင်းကိုငဲ့ကာ မေး၏၊
''သူအိမ်ပြန်ရမယ်လေ၊ သူ့မှာ မိသားစုရှိတယ်၊ ယောက်ျားရှိတယ်၊ သားရှိတယ်... သမီးနားလည်ပေးလိုက်ပါ၊ အန္တရာယ်မပြုပါနဲ့ကွယ်''
ဦးစိုးဝေက ကြားဖြတ်ပြောသည်ကို သူမက မနှစ်ခြိုက်ဟန်ဖြင့် ကိုယ်ကို ဆတ်ကနဲလှည့်ကာ ကြည့်သည်၊ မှောင်ရိပ်ကျသဖြင့် မျက်နှာအားမသဲကွဲသော်လည်း မျက်လုံးများမှာ တောက်ပြောင်လှချေ၏၊ သူမ၏ လှုပ်ရှားပုံမှာ လေပေါ်ဝဲနေသည်နှင့်တူသည်ဟု ဦးစိုးဝေထင်မိလေသည်၊
''လူတွေခေါ်ပြီး ငါ့ကို ဖမ်းကြအုံးမှာလား...''သူမက ခေါင်းကို ဆတ်ကာမေး၏၊ ဦးစိုးဝေ စိတ်ထိခိုက်သဖြင့် အသံမထွက်နိုင်၊ ခေါင်းကိုသာ ယမ်းပြမိလေသည်၊
''ငါဘယ်သွားရမှန်းမသိဘူး... ငါ့မှာနေစရာမရှိဘူး....'' သူမက တောင်းပန်သလိုပြော၏၊
ဦးစိုးဝေ သက်ပြင်းကိုချလိုက်သည်၊
''ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူးဆိုရင် အဖေ့ခြံမှာ နေနိုင်ပါတယ် သမီးရယ်... ဒါပေမယ့်...'' ဦးစိုးဝေက သူမကို စေ့စေ့ကြည့်လိုက်သည်၊
''သမီးအမကို လွှတ်ပေးလိုက်ပါတော့...''
သူမက အတန်ကြာအောင် ဦးစိုးဝေရှိရာသို့စိုက်ကြည့်နေ၏၊ ထို့နောက် တဖက်သို့လှည့်ကာ နံရံအားနဖူးဖြင့် တဒုတ်ဒုတ် တချက်ချင်းတိုက်ရင်း တိုးတိုးရေရွတ်နေလေသည်၊
''ဒီမှာနေချင်ရင်... မမနားကို မသွားရဘူး...
မမကို မခေါ်ရဘူး...
မမနောက်မလိုက်ရဘူး...
မမ ကလေးလေးကို မခေါ်ရဘူး...
ဘယ်သူ့ကိုမှ စကားမပြောရဘူး...''
ဦးစိုးဝေ စိတ်ထိခိုက်သဖြင့် လက်တဖက်က လှေကားလက်ရန်းကို ကိုင်ကာ ကျန်တဖက်ဖြင့် ရင်ဘတ်ကို ဖိထားရလေသည်၊
''သမီးလေး အဖေ့ကို လာစကားပြောလို့ရပါတယ်...'' ဦးစိုးဝေက ပြောရင်း ရှေ့သို့တိုးသွား၏၊
ကြောက်စိတ်ထက် သနားကရုဏာစိတ်က ပိုလေပြီမို့ မည်သို့မည်ပုံရုပ်ရည်မျိုးကို ပြလိုက်မည်ကိုပင် သူမစိုးရိမ်တော့ချေ၊
ဖခင်လုပ်သူအနားကပ်လာသောကြောင့် သူမက အခန်းတဖက်ထောင့်သို့ အသာရွေ့လျားကာ ရှောင်ထွက်သွားလေသည်၊
ဆောင်ကူးလမ်းကြားအဝသို့အရောက် သူမက ဦးစိုးဝေဖက်သို့လှည့်ကြည့်လိုက်၏၊ မီးမီးနှင့်ချွတ်စွတ်တူသောလည်း ပိန်သွယ်သော မျက်နှာ ဖြူစွတ်ဖွေးနေသော အသားအရည်နှင့်သူမသည် ဦးစိုးဝေ တခါက မြင်ဖူးခဲ့သည့်အတိုင်းပင်...
''မမကို နာကျင်အောင် မလုပ်ပါဘူး... ငါဘယ်တော့မှ မလုပ်ဘူး...''
သူမက နှုတ်ခမ်းလှုပ်ရုံသာပြောသော်လည်း ဦးစိုးဝေနား၌ ပီသစွာကြားရ၏၊ ထို့နောက်သူမသည် ဦးစိုးဝေရှိရာသို့မျက်နှာမူလျက်ကပင် ဖြည်ညင်းစွာပင် လေပေါ်မြောက်တက်လာကာ မျက်နှာကျက်နှင့် ထိလုနီးအရောက် ပူဖောင်းပေါက်သကဲ့သို့ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်၊ အေးစက်ထုံထိုင်းကာ ညှီစို့စို့အနံ့ထွက်လျက်ရှိသော အခန်းသည်လည်း ပြန်လည်နွေးထွေးလာသည်ဟု ဦးစိုးဝေခံစားရ၏၊
ခေတ္တငေးကြည့်နေရင်းမှ သတိဝင်လာကာ အိမ်ပေါက်ဝသို့ ဦးစိုးဝေထွက်ခဲ့သည်၊ အပြင်၌ ယောက်ယက်ခတ်နေသော ဖိုးသောကြာက အပြေးလာတွဲလျက်...
''ဆရာရယ် စကားသံတွေကြားလို့ မှန်ပြတင်းကချောင်းတာ ဝံပုလွေမတ်တပ်ရပ်နေသလိုမဲမဲအကောင်ကြီးဟာ ရှစ်ပေလောက်တောင်မြင့်မလားပဲ ကျောမှာလဲ အဆူးတောင်လိုမျိုးတွေနဲ့... ဆရာနဲ့ မျက်နှာချင်းဆိုင်၊ ကျနော့်မှာ အထဲလဲမဝင်ရဲ၊ ဆရာ့ကိုလဲ စိုးရိမ်နဲ့၊ အခုပဲ ရဲစခန်းဖုန်းဆက်ပြီးတိုင်ရင်ကောင်းမလား၊ ရွာလူကြီးကို ပြေးခေါ်ရင်ကောင်းမလားတွေးနေတာ၊ အချိန်ကလဲ ဆယ့်တစ်နာရီထိုးခါနီးပြီဆိုတော့'' ဟုပြောလေ၏၊
ဦးစိုးဝေက ဖိုးသောကြာဖြစ်ပျက်နေပုံအား ကြည့်လျက် အံ့သြစွာဖြင့်...
''ဖြစ်မှ ဖြစ်ရလေ သမီးလေးရယ်...'' ဟုရေရွတ်မိလေသည်။

သရဲ တကယ်ဖြစ်ရပ်မှန်Where stories live. Discover now