Stone-age Husband Raising Journal _ Chapter (8)_ Pentaceratops (U+Z)

7.9K 1.3K 20
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)

Stone-age Husband Raising Journal _ Chapter (8)_ Pentaceratops  (U+Z)


  Pentaceratops - ပန်တာဆယ်ရာတော့ပ်စ်


ရှုန်းယယ် သူ့ဂူထဲကို ပြန်ရောက်တော့ သူ ရလာသည့် ဒိုင်နိုဆောအသားကို  နံရံမှာ ချိတ်ထားလိုက်ပြီး  မနေ့ညက မစားပဲ ကျန်နေသေးသော စတူသီယိုမိုင်းမက်စ် ဒိုင်နိုဆော၏ နှလုံးနှင့် အသားတုံးကြီးကို စားပြီး ဆာနေသည့် ဗိုက်ကို ဖြည့်လိုက်သည်။ အသည်းကွဲနေလို့ထင်သည်။ စားလို့ပိုဝင်နေသလိုထင်ရသည်။
 
ရှုန်းယယ်က ညစာစားပြီးတဲ့နောက် လက်ကျန် ဆားလေးကို ထုတ်ကာ ဒီနေ့ရလာသည့် ဒိုင်နိုဆောအသားတုံးကြီးကို  ပွတ်သိပ်ကာ  အဘဘုန်းတော်ကြီးသင်ပေးထားတဲ့အတိုင်း ဆားသိပ်၍ အသားကို တာရှည်ခံအောင်လိုက်သည်။
 

သူတို့နေသည့်နေရာအနီးတဝိုက်တွင် ဆားမထွက်ရှိသောကြောင့် ဆားထွက်သည့် အခြားမျိုးနွယ်စုများ၏နေရာကို စွန့်စားသွားပြီး  ဆားနှင့်  လဲလှယ်မှုများ ပြုလုပ်ရသည်။ ပုံမှန်အားဖြင့်
  နွေဦးပေါက်ချိန်ရောက်တိုင်း  ဆားလဲလှယ်ရန် သွားတတ်ကြသည်။ ဆားလဲလှယ်ရန် မျိုးနွယ်စုထဲက
  အတွေ့အကြုံရင့်သည့် အမဲလိုက်သမားများက စုစည်းကာ သွားခဲ့ကြသည်။   အစက ရှုန်းယယ်က အတွေ့အကြုံရဖို့ ဆားအဖွဲနှင့် လိုက်သွားကာ ကြံထားပေမယ့်   ရှီလီနှင့် မိတ်ဖက်ပွဲကျင်းပမည် ဖြစ်လို့ အခုတခေါက် လိုက်မသွားခဲ့ပေ။

 
ရှီလီ့အကြောင်း တွေးမိတော့  ရှုန်းယယ် ၏ ရင်ထဲတွင် မပျော်မရွှဖြစ်လာသည်။ အသားကို ဗိုက်အပြည့်  တင်းကားနေအောင်စားပြီးနောက် ရှုန်းယယ်က  တိရိစ္ဆာန်အသွင်ပြောင်းလိုက်ကာ သူ လတ်တလောမှာ ပြုလုပ်ထားခဲ့သည့်  သစ်သားကုတင်ပေါ်တွင် လှဲပြီး မကြာခင် အိပ်မောကျသွားတော့သည်။

မနက်မိုးလင်းလာတော့ သူ့ဂူတံခါးကို ခေါက်လိုက် သံကြောင့် ရှုန်းယယ် အိပ်ယာမှ နိုးလာခဲ့သည်။  ရှုန်းပိုင်၏ အသံက အပြင်ကနေ ထွက်ပေါ်လာသည်။

  "ရှုန်းယယ်.... ရှုန်းယယ်... ငါတို့ အမဲလိုက် သွားကြတော့မယ်။ အိပ်ယာထတော့လေ"


ရှုန်းယယ် တံခါးဖွင့်လိုက်တော့ ရှုန်းပိုင်က အရင်ရက်နဲ့မတူပဲ သူမရဲ့ခေါင်းပေါ်မှာ အဖြူရောင် ပန်းပွင့်နေသည့်  အစိမ်းရောင်နွယ်ခက်တွေကို သရဖူလိုခွေကာ ခေါင်းပေါ် ရစ်ကာပန်ထားပြီး သူမရဲ့ ရင်ဘတ်ကို အနီရောင် ဒိုင်နိုဆောသားရေဖြင့် ဖုံးကာ ထားတာကိုတွေ့လိုက်ရသည်။  မြင်နေကျမဟုတ်လို့ ရှုန်းယယ်ကြည့်ရတာ အတော်လေးကို ကိုးယို့ကားယားဖြစ်နေသည်ဟု ထင်လိုက်မိသည်။

 
"သွားရအောင်လေ "

 ရှုန်းယယ် ဘာလက်နက်မှ မယူပဲ ဂူထဲက ထွက်ကာ    ဦးဆောင်ထွက်လာခဲ့သည်။ မျိုးစုအတွင်းမှ အားနည်းသော သားရဲပုံစံရှိသူများသည် အမဲလိုက် သွားကြလျှင် တိရိစ္ဆာန်ပုံစံဖြင့် အသွားကြပဲ  လူပုံစံနှင့်  လက်နက်များကိုသုံးကာ အသေးစားဒိုင်နိုဆော များကိုသာ  အမဲလိုက်ကြသည်။ ရှုန်းယယ် ကတော့ ဝက်ဝံပုံစံဖြင့် အမဲလိုက်လေ့ရှိပြီး သူ့ တိရိစ္ဆာန်ပုံစံက    အကောင်းဆုံးလက်နက်  ဖြစ်သည်။

"ရှုန်းယယ်... နင် မနေ့က ရှီလီနဲ့ ဘာလို့ရန်ဖြစ်ခဲ့တာလဲ"

ရှုန်းပိုင်က အနောက်မှ  အမှီပြေးလိုက်ရင်း သိလိုစိတ်ဖြင့်မေးလိုက်သည်။ သူမ မျက်စိရှေ့တွင် ရှုန်းယယ်နှင့် ရှီလီ အဟုတ်ကြီးချကြသည်ကိုတွေ့တော့ သူမ လန့်သွားခဲ့သည်။ ရှုန်းယယ် နှင့် ရှီလီတို့က တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးကြပေ။


တခါတလေမှ သူတို့တိုက်ခိုက်ရည်ကို စမ်းသပ်ဖို့ တိုက်ကြတာဖြစ်သည်။ ဒါပေမယ့် မနေ့ကတော့ လက်ရည်စမ်းတာ မဟုတ်ပဲ တကယ့်ကို ဒေါသတကြိး တိုက်ခိုက်ခဲ့ကြတာဖြစ်သည်။


ရှုန်းယယ်သည် ရှီလီကို အလိုလိုက်ကာ ဘယ်တော့မှ  ရှီလီကို နာကျင်အောင် မလုပ်ခဲ့ဖူးပေမယ့် မနေ့ညကတော့ ရှုန်းယယ်က ရှီလီကို ဒေါသတကြီးဖြင့် ခေါင်းကို ရိုက်ပုတ်ကာ ဝက်ဝံလက်သည်းများဖြင့်လည်း ကုတ်ခြစ်ခဲ့လို့ ရှီလီက ဒဏ်ရာအတော်ရခဲ့သည်။

ကြည့်ရတာ သူတို့နှစ်ယောက် တကယ်ပြတ်သွားပြီဟု ထင်ကာ ရှုန်းပိုင်က ကြိတ်ကာ ပျော်သွားခဲ့သည်။

  ရှုန်းယယ်နှင့် ရှီလီ တကယ် ပြတ်သွားပြီဆိုရင် သူမက ရှုန်းယယ်နှင့် ကလေးယူလို့ ရနိုင်ပြီ မဟုတ်လား?


ရှုန်းယယ်က  သန်မာပြီးရုပ်ချောသလို သူမလည်း သန်မာသည်။ သူမတို့နှစ်ယောက်ညားပြီးမွေးလာသည့် ကလေးတွေက သေချာပေါက်  ထူးချွန်မှာဖြစ်သည်။ ပြီးတော့ ရှုန်းယယ်က မျိုးနွယ်စုထဲက သွေးမတော် သားမစပ်  ကလေးတွေကိုတောင် ကြင်ကြင်နာနာနဲ့ ကောင်းကောင်းဆက်ဆံပေးသည်။ သူ့ရဲ့ သွေးသားအရင်းအချာ ကလေးဆိုရင် သေချာပေါက် ဂရုစိုက်ကာ ချစ်မှာ ဖြစ်သည်။


ရှုန်းယယ်က ရှုန်းပိုင်မေးလိုက်သည့် အသံကို ကြားပေမယ့် ဘာမှပြန်မဖြေပဲ  အရှိန်တိုးကာ လမ်းလျှောက်လိုက်သည်။

"ရှုန်းယယ်.... ရှီလီက အရမ်းအပျင်းကြီးပြီး နင့်ကို လာလာနှောင့်ယှက်နေလို့... နင် သူ့ကို ထိုးလိုက်တာဆို  "

 ရှုန်းပိုင်က ရှုန်းယယ် ဘာမှ ပြန်မဖြေပေမယ့် စိတ်မပျက်ပဲ ဆက်မေးနေသည်။ ရှုှုန်းယယ်က ထိုမေးခွန်းတွေကို ဘာမှပြန်မဖြေချင်ပေ။

မနေ့ညက ရှီလီနှင့် စကားများက ဒေါသအလျောက် ရိုက်နှက်ခဲ့ပေမယ့် 8 နှစ်ကြာ  အတူရှိခဲ့သည့် သံယောဇဉ်က မသေးပေ။   မနေ့က ရှီလီ သူ့ကို ပြောခဲ့သည့် စကားများက တကယ် သူ့စိတ်က ပါလို့ပြောတာ မဟုတ်ဘူးဟု ရှုန်းယယ် ထင်နေမိသည်။

ဘာကြောင့်လဲဆိုတော့ အရင်က သူတို့မိတ်ဖက်ပြီး အတူနေမယ့်အကြောင်းကို ပြောတိုင်း ရှီလီက တကယ့်ကို ပျော်နေပုံပေါက်ပြီး မလိုလားသည့်ပုံ တစ်ခါမှ မပြခဲ့ဖူးပေ။ ရှီလီက အသိဝင်လာပြီးနောက်ပိုင်း သူ့ကို လာပြီး တောင်းပန်လိမ့်မည်ဟု ရှုန်းယယ်ထင်နေသည်။

 
ရှုန်းယယ်သည် ရှုန်းပိုင်၏ မေးခွန်းများကို အဖြေချင်လို့ စကားလွဲလိုက်သည်။

   "ဒီနေ့  နင် ဘာစိတ်ကူးပေါက်ပြီး ခေါင်းပေါ်မှာ နွယ်ခက်ကြီး ရစ်ထားရတာတုန်း.."

"ငါ ပန်းပန်ထားတာ...ဘယ်လိုနေလဲ။ ကြည့်လို့ ကောင်းလား"

ရှုန်းယယ်က သူမ အပင်ပန်းခံလုပ်ထားတာကို သတိထားမိတယ်ဆိုတော့ ရှုန်းပိုင်က ဝမ်းသာသွားပြီး ရှီလီရဲ့အကြောင်းကို စပ်စုဖို့ မေ့သွားတော့သည်။

"အဲ့ဒါကို ပန်ဖို့ နင်  အချိန်ယူရတယ် မဟုတ်လား။ ကြည့်ကောင်းဖို့အတွက် သက်သက် နင် ဒါကိုလုပ်ထား တာပေါ့လေ...   နင့်မှာ အချိန်ပိုနေရင် ခြင်းတောင်းပဲ ထိုင်ယက်နေပါတော့လား၊ အဲ့ဒါ ပိုအသုံးဝင်တာပေါ့... "

ရှုန်းယယ်က သူထင်တာကို တဲ့တိုး  ပြောချလိုက်သည်။   ခဏနေလို့ အမဲလိုက်တဲ့အချိန်ရောက်ရင် ရှုန်းပိုင်က ဝက်ဝံနက်ပုံ ပြန်ပြောင်းရတော့မည်။ အဲ့ဒီအချိန်   ခါးက သားရေပတ်က ရှိနေနိုင်ပေမယ့် ပန်းခက်တွေက ပြုတ်ကျခဲ့မှာ သေချာသည်။

ရှုန်းပိုင် : "....."

ရှုန်းယယ်က ရှုန်းပိုင်ကို လှတယ်လို့ မထင်ပေမယ့် အမဲလိုက်မယ့် လူတွေ စုစည်းကြတဲ့ ကွင်းပြင်ကို ရောက်တော့ မျိုးနွယ်စုထဲက လူငယ်လေး  အချို့က ရှုန်းပိုင်နားမှာဝိုင်းပြီး သူမကို ဝိုင်းချီးမြှောက်ကာ ပြောဆိုတာကို ကြားလိုက်ရသည်။

"ရှုန်းပိုင်... နင် ဒီနေ့  အရမ်း ကြည့်လို့ကောင်းနေတယ်"

"ရှုန်းပိုင်..... ငါ့ဆီမှာ အသားခြောက်တွေ ရှိတယ်.. နင်စားချင်လား...."

"ရှုန်းပိုင်... ငါ မနေ့က  ဖားနှစ်ကောင်ရလာတယ်၊ နင့်အတွက်  တစ်ကောင်ကင်ပေးထားမယ်"


မျိုးနွယ်စုထဲက  မိန်းမတွေက သန်မာပြီး ရုပ်ရည် ချောမောတဲ့ ယောက်ျားတွေကို ပိုးပန်းကြသလို ယောက်ျားတွေလည်း  အားကောင်းပြီး လှပတဲ့  မိန်းမတွေကို ပိုးကြသည်။

"ငါ မနေ့က ဆဲလီဒိုဆောရပ်စ် ဒိုင်နိုဆောကြီး မိလာတယ်"

ရှုန်းပိုင်က သူမကို လာပိုးသည့် လူငယ်တွေကို  ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက် ပြီးတော့ လူအုပ်ထဲ တိုးဝင်ပြီး အုပ်စုဖွဲ့ဖို့ ဟူယွဲ့ကို ရှာလိုက်သည်။
မျိုးနွယ်စုဝင်များသည်  အမဲလိုက်မည့်သူများ လူစုံတက်စုံရောက်လာချိန်ထိ စောင့်နေကြပြီး  လူပေါင်း ရာဂဏာန်းလောက် ထိ တဖြည်းဖြည်းများလာသည်။


ရှုန်းယယ်သည် လူအုပ်ကြားထဲက ရှီလီကို ကြည့်လိုက်ပေမယ့် ရှီလီက သူ့ကို တချက်တောင် လှည့်မကြည့်ခဲ့ပေ။  ရှုန်းယယ်လည်း အကြည့်ပြန်လွှဲလိုက်သည်။


အားလုံး လူစုံတော့ မျိုးနွယ်စုခေါင်းဆောင် ရှုန်းဟော်က စိတ်တက်ကြွအောင် နှိုးဆော်လိုက်သည်။

 "အားလုံး အမဲလိုက်ထွက်ကြမယ်ဟေ့ ...သားကောင်  ကြီးကြီးတစ်ကောင်ဖမ်းပြီး  ပြန်လာကြမယ်"

"သားကောင်  ကြီးကြီးတစ်ကောင်ဖမ်းပြီး  ပြန်လာကြမယ် !"

အမဲလိုက်ထွက်မယ့် လူအုပ်ကြီးက သံပြိုင်ကြွေးကြော်လိုက်ကြပြီး  စုပေါင်း အမဲလိုက်ခရီးကို စတင်ခဲ့ကြသည်။

 သက်လတ်ပိုင်း အမဲလိုက်သမား အများစုက  ဆားလဲလှယ်ရန် ထွက်သွားကြသဖြင့် အမဲလိုက် အဖွဲ့တွင်  လူငယ်များ အများစု ဖြစ်နေသည်။
ရှုန်းဟယ်သည် လူစုကို အရှေ့မှ ဦးဆောင်သွားရင်း သူ့ တစ်သက်တာ အမဲလိုက်ခဲ့သည့် အတွေ့အကြုံများကို လူငယ်တွေကို ဝေမျှပေးနေသည်။


အတော်ဝေးဝေးကို ရောက်လာပြီးနောက် ရှုန်းဟော်က  အမဲလိုက်သမားတွေကို 10 စုခွဲပြီး သားကောင်ရှာရန် နေရာအနှံ့စေလွှတ်လိုက်သည်။

ရှုန်းယယ်၊ ဟူယွဲ့၊ ရှီလီနှင့် ရှုန်းပိုင်တို့က အမဲလိုက်အဖွဲ့များ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
ရှုန်းယယ်သည် သူ့အသင်းကို ဦးဆောင်ပြီး  သတိကြီးစွာဖြင့် အရှေ့ကို ခရီးဆက်ခဲ့သည်။
 အကြိမ်ပေါင်းများစွာ အတူပူးတွဲ အမဲလိုက်ခဲ့ဖူးသူတွေဖြစ်လို့ တစ်ယောက်အထာ တစ်ယောက်သိပြီး အကြည့်တချက်၊ လက်ဟန်တစ်ခုဖြင့် အချိတ်ဆက်မိမိ ပူးပေါင်းလုပ်နိုင်ကြသူများဖြစ်သည်။

 ခဏကြာတော့ ရှုန်းယယ်က သားကောင်အနံ့ကို အရင်ရလိုက်ပြီး သားကောင်နောက်ကို ခြေရာခံကာ လိုက်ခဲ့ကြသည်။

 မကြာခင် သူတို့အရှေ့မှာ  မြေပြင် တစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး အင်မတန်ကို ကြီးမားသည့်  ပန်တာဆယ်ရာတော့ပ်စ် ဒိုင်နိုဆောအကောင်ကြီး တချို့ အစာစားနေသည်ကို တွေ့လိုက်ရသည်။


ရှုန်းယယ်သည် လူငယ်မျိုးဆက်သစ်များထဲတွင် ကိုယ်ထည်အကြိးဆုံး သားရဲပုံစံကို ပိုင်ဆိုင်ထားပေမယ့် အခုတွေ့လိုက်ရတဲ့ ပန်တာဆယ်ရာတော့ပ်စ် ဒိုင်နိုဆောတွေက သူ့ကိုယ်အရွယ်အစားထက် 10 ဆလောက်ပိုကြီးနေသည်။

အဲ့ဒီ ဒိုင်နိုဆောတွေ သတိမထားမိအောင်  ရှုန်းယယ်တို့အဖွဲ့ အမြန် ပုန်းလိုက်သည်။  ဟူယွဲ့တို့အဖွဲ့လည်း အနားတစ်ဝိုက်မှာ ချောင်းနေတာကို သူ မြင်လိုက်တော့ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး  အနောက် နောက်ယောင်ခံလိုက်ဖို့ လွယ်ကူတဲ့  သားရဲပုံစံ သေးငယ်သူကို အစောင့်ထားကာ ခေါင်းဆောင်ဆီကို ပြန်ခဲ့ကြသည်။

ရှုန်းဟော်ဆီကိုရောက်တော့ အခြားလူတွေလည်း
ပြန်ရောက်နေကြသည်ကို တွေ့လိုက်ရသည်။ တချို့က သားကောင်မရပဲပြန်လာကြပြီး တချို့က သားကောင်ငယ်လေးတွေပဲ ဖမ်းမိခဲ့ကြသည်။

 ရှီလီတို့အဖွဲ့က ဟဲဒရိုဒွန်ဒိုဆောရပ်စ် (ကျောရိုး တလျှောက် ဖြူဆူးလို ဆူးချွန်တွေပေါက်နေသော ဒိုင်နိုဆော) အချို့ကိုသာ ရရှိခဲ့သည်။


ရှုန်းဟော်သည်   ကျန်အဖွဲ့တွေရဲ့ အခြေနေကိုကြည့်ပြီး ပြောလိုက်သည်။

"ပန်တာဆယ်ရာတော့ပ်စ်တွေကို သွားဖမ်းရအောင်"


ပန်တာဆယ်ရာတော့ပ်စ်များသည် ဦးချို ငါးခုပါရှိသည့် အကောင်ကြီး ဒိုင်နိုဆောမျိုးထဲမှာ ပါဝင်သည်။
အရွယ်ရောက် ပန်တာဆယ်ရာတော့ပ်စ် ဒိုင်နိုဆော တွေက  ရှစ်မီတာ အရှည်ရှိပြီး ငါးတန်ကျော်လေးလို့ ရှုန်းယယ်တို့ မျိုးနွယ်စုက ဒီဒိုင်နိုဆောမျိုးကို အကောင်ကြီးအမျိုးစားထဲ  သတ်မှတ်ထားကြသည်။


သူတို့မျိုးနွယ်စုထဲမှာ ဘုန်းတော်ကြီး မရှိသေးသည့် အချိန်တုန်းကဆိုရင် ဒီလို ဒိုင်ဆိုဆောကြီးတွေကို မြင်ရင် ခြေကုန်သုတ်ကာ ပြေးရမှာဖြစ်ပေမယ့် အခုတော့ ဒီလို ဒိုင်နိုဆောရဲ့ သဘောသဘောဝနဲ့ အားနည်းချက်ကို သိထားပြိး ဘယ်လို အမဲလိုက်ရမည်ကို သိထားကြလေပြီ။


"ခေါင်းဆောင် ပန်တာဆယ်ရာတော့ပ်စ်တွေက အကောင်အရမ်းကြီးတယ် မဟုတ်လား။ အဲ့ကောင်တွေကို  တကယ် လိုက်တော့မလို့လား"

လူငယ်တစ်ယောက် စိတ်လှုပ်ရှားတက်ကြွနေသလို စိုးထိတ်ဟန်ဖြင့် မေးလိုက်သည်။


"မင်းတို့ အတွေ့အကြုံရအောင်  ခေါ်သွားပြီး ဖမ်းကြည့်တာပေါ့"

ရှုန်းဟော်က  ရယ်ပြီး ပြောလိုက်သည်။

 "အခုက ပြန်ဖို့ အချိန်စောနေသေးတယ်။ ဒီကောင်ကြီးကို မမိရင်လည်း အခြားနေရာကို သွားပြီး သားကောင်ဖမ်းလို့ရသေးတယ်  "

အားလုံးသဘောတူပြီးနောက် ထိုဒိုင်နိုဆောကြီးတွေ ဘက်ကို အုပ်စုလိုက် ထွက်လာကြသည်။  ရှုံဟယ်က လာရင်း ထိုဒိုင်နိုဆောတွေရဲ့ အကြောင်းကို သိသလောက် ပြောပြပေးခဲ့သည်။

 "ပန်တာဆယ်ရာတော့ပ်စ်တွေရဲ့ ခေါင်းပေါ်မှာ အရမ်းမာတဲ့ ခေါင်းခွံရှိပြီး အဲ့ဒါက ဒိုင်းကာကြီးတစ်ခု လိုဖြစ်နေတယ်"


ရှီလီက ထိုစကားကို ကြားတော့ မျက်မှောင်ကြုံ့လိုက်ပြီး အရင်ဘဝက သိခဲ့သည့် ဗဟုသုတကို ထပ်ဖြည့်ပြောလိုက်သည်။

"အဲ့ဒီ ဒိုင်းကာက တကယ်တော့ အခေါင်းပေါက်ကြီး ဖြစ်ပြီး ဒိုင်နိုဆောအမတွေကို  ပိုးပန်းတဲ့ နေရာမှာပဲ သုံးကြတယ်"

"ဟုတ်လား။ ငါ အရင်က ပန်တာဆယ်ရာတော့ပ်စ် တွေကို မြင်ဖူးပေမဲ့ တစ်ခါမှ အမဲမလိုက်ဖူးတော့  သူတို့ရဲ့ဒိုင်းကာတွေက အခေါင်းပေါက်တွေမှန်း မသိခဲ့ဘူး"

 ရှုန်းဟော်က သူပင် မသိထားသည့်အရာကို ရှီလီက သိထားလို့ အံ့အားသင့်သွားသည်။


ရှီလီ က အားလုံးရဲ့ အထင်ကြီးတဲ့အကြည့်အောက်မှာ သူ သိတာကို စိတ်အားထက်သန်စွာ ထပ်ပြောလိုက်သည်။

  "ပန်တာဆယ်ရာတော့ပ်စ်ရဲ့ ခေါင်းက အရမ်းကြီးတဲ့ ချိုတွေ  ရှိပြီး တိုက်ခိုက်တတ်လို့ အမဲလိုက်ရင် အရှေ့က မသွားဘဲ အနောက်ကနေ ပတ်ပြီး တိုက်သင့်တယ်...."


မျိုးနွယ်စုဝင်များ အားလုံးက သေချာ အာရုံစူးစိုက်၍ နားထောင်နေကြသည်။ မနေ့က ရှုန်းယယ် အဆော်ပလော်တီးတာကို ခံလိုက်ရပြီး အရှက်တကွဲ ဖြစ်သည့် ရှီလီရဲ့ပုံကို လူအတော် များများမြင်လိုက် ကြပေမယ့် သူတို့က သူများသမီးရည်းစား  ကိစ္စထဲ ဝင်မပါကြပေ။


ရှုန်းယယ်နှင့် ရှီလီ လမ်းခွဲသွားတော့ရော ဘာဖြစ်လဲ....


မျိုးနွယ်စုထဲမှာ သူတို့နှစ်ယောက်ကို လေးစားကြည်ညိုကြတဲ့ လူငယ်တွေအများကြီး ရှိကြသည်။ ဝက်ဝံပုံစံနဲ့ နိုးထလာတဲ့ လူတွေက ရှုန်းယယ်ကို ပိုသဘောကျပြီး   အခြားတိရိစ္ဆာန်ပုံစံဖြင့်  နိုးထခဲ့သူများက  ရှီလီ့ကို ပိုနှစ်သက်ကြသည်။
ရှီလီ၏ စိတ်အားတက်ကြွ၍ ဝင့်ထည်သော ခြင်္သေ့ပုံစံက ပိုခန့်ညားသည်ဟု တချို့က ထင်ကြသည်။ မနေ့က ရှီလီကို ရိုက်လိုက်တဲ့သူက ရှုန်းယယ်ဖြစ်လို့ ဘယ်သူမှ ဘာမှ မပြောကြတာဖြစ်သည်။
 
  ရှီလီက ပြန်မတိုက်လို့ ဒဏ်ရာတော်များများ ရခဲ့တာဖြစ်မည်ဟု ထင်နေကြသည်။
 မျိုးနွယ်စုဝင် အတော်များများက သူ့အနားကို ဝိုင်းအုံကာ အထင်ကြီးစွာကြည့်တော့ ရှီလီက သားကောင်ကို အမဲလိုက်မည့် အစီစဉ်ကိုပါ ဆက်ပြောလိုက်သည်။

"ခဏနေရင် တချို့က အရှေ့ကနေ သွားပြီး ပန်တာဆယ်ရာတော့ပ်စ်ကို အာရုံလွှဲထားလိုက်ကြ... ငါတို့က အနောက်က ဝင်တိုက်မယ်...."

 ဒီစကားကိုကြားတော့ ရှုန်းယယ်က ကြားဖြတ်ပြောလိုက်သည်။

"အရှေ့ကနေ  သွားပြီး အာရုံလွဲတဲ့သူတွေက အကုန် သေကုန်မှာပေါ့"

ပန်တာဆယ်ရာတော့ပ်စ်လို ဒိုင်းလိုဦးခေါင်းပြားကြီးမှာ အချွန် 5 ခုရှိသည့် အကောင်ကြီးကြီးတွေကို ရှေ့တည့်တည့်ကနေ ရန်စပြီးအာရုံလွဲလို့ မလွယ်ပေ။

"ဒီလိုမှ အာရုံမလွဲရင် မင်းက ဘယ်လိုဖမ်းမယ်လို့ တွေးထားလို့လဲ"

ရှီလီက သူ့အစီအစဉ်ကို လာဖျက်သည် ရှုန်းယယ်ကို မကျေမနပ်ဖြင့် ချက်ချင်းခွန်းတုန့်ပြန်လိုက်သည်။ အရင်ဘဝက သားရဲဘုရင်ဖြစ်ပြီး နှစ်ပေါင်းများစွာ အမဲမလိုက်တော့ပေမယ့် ရှုန်းယယ်နဲ့ နေရာစုံ သွားကာ အမဲလိုက်ခဲ့သည့် အတွေ့အကြုံကနေ ပြောနေတာဖြစ်သည်။ အရှေ့တည့်တည့်ကနေ သွေးဆောင်ဖြားယောင်းကာ အာရုံလွဲသူတွေက ဒိုင်နိုဆောရဲ့သတ်ဖြတ်တာကို ခံရမည်ကို သူ သေချာသိပေမယ့် သူပေးတဲ့ အကြံကသာ  ဒိုင်းလို ဦးခေါင်းခွံနှင့် ပန်တာဆယ်ရာတော့ပ်စ်ကို သတ်ဖို့ အကောင်းဆုံးနည်းလမ်းဟု ယုံကြည်ထားသည်။


ဒီလောကမှာ အားနည်းသူတွေ အမြဲသေနေတာပဲလေ။ လူနည်းနည်းသေပေမယ့် သားကောင်ကြီးကြီးရရင် တန်တယ်လို့ ပြောလို့တယ် မဟုတ်လား။ မသေချင်ရင် အားကြီးအောင် လုပ်ကြပေါ့...


ရှုန်းယယ်က ရှီလီကို ကြည့်ပြီး အဘဘုန်းတော်ကြီး ယခင်မျိုးနွယ်စုမှာ နေခဲ့စဉ်က ဒီလိုကြီးမားသည့် ဒိုင်နိုဆောကြီးကို ဘယ်လို အမဲလိုက်ခဲ့သည်ကို ပြောပြခဲ့သည့်နည်းကို  ပြောလိုက်သည်။

"သူတို့ကို နွံတောထဲ ဆွဲခေါ်မယ်"

  ထို သတ္တဝါကြီးများကို နွံအိုင်ထဲကို မျှားခေါ်ပြီး နွဲထဲ နစ်နေတုန်း စိတ်ကြိုက်  အမဲဖျက်ခဲ့ကြသည်ဟု ဆိုခဲ့သည်။

ရှီလီက အရင်ဘဝတုန်းက ဒီလိုနည်းကို သုံးခဲ့တာကို ပြန်သတိရပြီး ရှုန်းယယ်က ဒီနည်းကို ပြောနိုင်လို့  အံ့အားသင့်သွားသည်။ ဒါပေမယ့် ဒီဒိုင်နိုဆောကြီးကို  ထောင်ဖမ်းနိုင်တဲ့   နွံအိုင်က ဒီတဝိုက်မှာ  တစ်နှစ်ပတ်လုံး မရှိသည့်အပြင် ဒီလို သားကောင်ကြီးများတွေလည်း ကြုံနေကျမဟုတ်လို့  ရှီလီက ဒီနည်းကို မေ့သွားတာ ဖြစ်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now