Stone Age Husband Raising Journal _ Chapter(26) _ ဒိုင်နိုဆောဥမွှေကြော်

9.5K 1.6K 59
                                    

Stone Age Husband Raising Journal _ Chapter(26) _  ဒိုင်နိုဆောဥမွှေကြော်  


ကျိုးကျီသည်  ရှုန်းယယ် ၏ဗိုက်ပေါ် တင်ထားသော သူ့လက်ကို ဘာမှမဖြစ်သလို  ပြန်ရုပ်လိုက်ပြီး ခါးဝတ်သားရေစကို  ကမ်းပေးလိုက်သည်။
ရှုန်းယယ်လည်း အဟွာအတွက် စိတ်ကူးယဉ်နေရာ ကနေ အရှိန်ပျက်သွားလို့ ကို့ယို့ကားယားဖြစ် သွားပေမယ့် ခါးဝတ်စကို ယူက ခါးအောက်ပိုင်းကို လွှမ်းနေစဉ် သူ့ ခန္ဓာကိုယ်အချိုးအစားလည်း မဆိုးလို့ ကျိုးကျီ  ကျေနပ်မယ်လို့ မျှော်လင့်ရင်း စကားပြော လိုက်သည်။

"ငါက အရွယ်ရောက်စဖြစ်လို့ ခန္ဓာကိုယ်  သိပ်မထွားသေးဘူး။ ဒါပေမဲ့   နောက်ပိုင်း ပိုပို ကြံ့ခိုင်လာမှာပါ  "  

"မင်းရဲ့ခန္ဓာကိုယ်က အခုလည်း အဆင်ပြေနေပြီ"

 မော်ဒယ်ခေတ်က လာသည့် ကျိုးကျီအတွက် ်ကြွက်သား အရမ်းမကြီးထွားပဲ ကျစ်ကျစ်လစ်လစ်နှင့် တောင့်ဖြောင့်သော ရှုန်းယယ်၏ ခန္ဓာကိုယ်မှာ တကယ်ကို ကြည့်ကောင်းလှသည်။ ဒီခန္ဓာကိုယ်အနေက  ကိုယ်ကျပ်အဝတ်အစားတွေ  ဝတ်လိုက်ရင်  အရမ်းကြည့်ကောင်းနေမည့် ဆိုဒ်မျိုးဖြစ်လို့ ကျိုးကျီ သဘောကျမိသည်။

 
ရှုန်းယယ်သည် ကျိုးကျီ၏ ချီးကျူးစကားကို ကြားတော့ ကျေနပ်စွာပြုံးလိုက်မိသည်။ ကျိုးကျီက သိပ်မဆိုးဘူးလို့ သူထင်ထားပေမယ့် အခုတော့ သူ့မိတ်ဖက်လောင်းဖြစ်လာသည့်အခါ ကျိုးကျီက အရမ်းကောင်းလွန်းသည်ဟု ရှုန်းယယ် ခံစားလာရသည်။

 ကျိုးကျီ၏ အသားအရေက မျိုးနွယ်စုထဲက အလှဆုံးမိန်းကလေးဖြစ်သည့် လန်ယင်ထက် ဖြူဖွေးကာ မျက်နှာကျနှင့် အသားအရေက အရမ်းနူးညံ့ကာ ချောမွှေ့လို့နေသည်။ ကျိုးကျီရဲ့ မျက်လုံးအရောင်က အနက်ရောင် တောက်တောက် ဖြစ်ပြီး ဆံပင်တွေက သန့်ရှင်းကာ တောက်ပြောင်နေ သည်။ သူက ဟင်းချက်လည်းကောင်းကာ အပင်အကြောင်းကိုလည်း နားလည်သည်။ သူ  အားနည်းပုံပေါ်နေတာ တခုတည်း အားနည်းချက် ရှိသည်။ ရှုန်းယယ်သည် ကျိုးကျီ ပိုပြီး သန်မာလာအောင် ကြိုးစားပြီး လေ့ကျင့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

 သူတို့ ဂူထဲတွင်  မီးမဖိုရသေးလို့ မှောင်မည်းနေပြီး သဲသဲကွဲကွဲမမြင်ရပေမယ့် ရှုန်းယယ်၏ မျက်လုံး ထဲတွင် ကျိုးကျီက နတ်သားလေးနဲ့တူသည်ဟု ထင်လိုက်သည်။

 
ကျိုးကျီက ရှုန်းယယ်၏ ဒဏ်ရာများကို စစ်ဆေးနေသည်။ တိုက်ပွဲတွင် ရှုန်းယယ်က အမွှေးထူနေလို့  ဒဏ်ရာတွေက သိပ်မနက်တာ ဖြစ်သည်။ ရှုန်းယယ် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာဟောင်းများစွာ ရှိခဲ့သည့်အပြင် အခု ဒဏ်ရာသစ်များပါ ထပ်ရလာပြန်သည်။

  ကျိုးကျီသည် ရေတစ်ခပ်ကာ  ရှုန်းယယ်ကို ပလုတ်ကျင်း ခိုင်းလိုက်ပြီး ကျန်ရေများနှင့် ဒဏ်ရာတွေကို သန့်စင်ဆေးကြောပေးလိုက်သည်။ ပြီးတော့ သူ ရှာခဲ့သည့် ဆေးပင်အချို့ကို  ထုချေပြီး ဒဏ်ရာများအပေါ် သုတ်လိမ်းကာ အုံပေးလိုက်သည်။
ကျိုးကျီ၏ လှုပ်ရှားတွေက အရမ်းကို ညင်သာ သိမ်မွေ့သည့် အပြင် ဒဏ်ရာကို ဆေးကြောစဉ် ဆားကိုလည်း ထည့်မထားသလို ဆေးပင်ထဲလည်း ဆားမထည့်ထားပေ။

  ရှုန်းယယ်သည် ကြင်နာသည့် ကျိုးကျီ၏ လုပ်ဆောင်ပေးမှုကို  သဘောကျသည့်အပြင် ကျိုးကျီက သူ့အပေါ် အရမ်း ကောင်းလွန်းသည်ဟု မြင်လာသည်။

"မင်း ညစာ မစားရသေးဘူး မဟုတ်လား။ တစ်ခုခု စားလိုက်ဦး"

ကျိုးကျီသည် ရှုန်းယယ်၏ ဒဏ်ရာများကို ဆေးအုံပေးပြီးနောက် မီးမွှေးကာ အသားကင်ကို ပြန်နွေးပေးလိုက်သည်။ သူတို့သုံးတဲ့ ထင်းကာ မီးကြာကြာခံစေရန် အရမ်းကောင်းသည့် သစ်မာတစ်မျိုးကို သုံးထားခြင်းဖြစ်သည်။ တကယ်လို့ မော်ဒန်ခေတ်မှာဆိုရင် ဒီလိုသစ်သားမျိုးကို ဈေးခေါင်ခိုက်အောင် ပေးကာ အမြတ်တနိုးနဲ့ အိမ်ဆောက်ကြမှာဖြစ်ပေမယ့် ဒီနေရာမှာတော့ ထင်းအဖြစ်ပဲ သုံးကြသည်။


   "ငါတို့မှာ ထင်းတွေ သိပ်မကျန်တော့ဘူး"

ကျိုးကျီက ထင်းထည့်ရင်းပြောလိုက်သည်။
စုဆောင်းအဖွဲ့ကရလာသည့် ထင်းကာ မျိုးနွယ်စုအားလုံး စုပေါင်းသုံးရန်ဖြစ်ပြီး ကိုယ့်ဂူအတွက်ဆိုရင ်ကိုယ့်ဖာသာ ရှာရသည်။

 "မနက်ဖြန် ငါတို့ ထင်းရှာထွက်ကြတာပေါ့"

ရှုန်းယယ်က ချက်ချင်း ပြောလိုက်သည်။

"ဒါဆို ငါတို့ မနက်ဖြန် အတူတူသွားကြတာပေါ့"

ကျိုးကျီက ပြောလိုက်တော့ ရှုန်းယယ် ပျော်သွားသည်။

 "အင်း"

ကျိုးကျီက သူနှင့် အတူရှိနေချင်သလို သူလည်း ကျိုးကျီနှင့် မခွဲချင်ပေ။

 အရင်က  ရှီလီ သူ့ကို စကားလာပြောတိုင်း အတိတ်က ဖြစ်ရပ်ကို ပြန်သတိရမိသော်လည်း အခု အတိတ်က အကြောင်းရာကို လုံးဝ သတိမရတော့ပေ။

 သူက အခု ကျိုးကျီနှင့် အတူနေလာလို့ မိသားစုကဲ့သို့ပင်ဖြစ်နေပြီ။ နောင်မှာလည်း အတူတူ ကောင်းတူဆိုးမျှ ကောင်းမွန် မိသားစုဘဝကို ထူထောင်ကာ   နေထိုင်သွားတော့မှာ ဖြစ်သည်။  


နျိုအာရှိစဉ်က နျိုအာက သူတို့ အတူတူ ပျိုးထောင်ကြသည့် ကလေးနှင့်ပင် တူနေသေးသည် မဟုတ်လား။ ကလေးတစ်ယောက်နှင့် ချစ်ရသူနှင့် အတူတူနေရသည့် မိသားစုလေးက ရှုန်းယယ် ငယ်စဉ်ကတည်းက တောင့်တနေခဲ့ရသည့် ဘဝမျိုးဖြစ်သည်။

ရှုန်းယယ်၏မိခင်နှင့် ဖခင်က နောက်အိမ်ထောင် ကိုယ်စီနှင့် သူက ကြားကလွတ်ကာ ငယ်စဉ် ကတည်းက စုပေါင်းဂူထဲမှာ ဆင်းဆင်းရဲရဲ နေလာရသည့် အတွက် တစ်လင် တစ်မယား မိတ်ဖက်ပြုကာ သားသမီးကို ပြုစုပျိုးထောင်ရင်း သေသည်အထိ အတူနေသွားချင်တာ ရှုန်းယယ်၏ အိပ်မက် တစ်ခုဖြစ်လာခဲ့သည်။


ကျိုးကျီသည် ရှုန်းယယ်၏ အတွေးတွေကို မသိပေမယ့် အစားစားဖို့ အလျင်မလိုတာ တွေ့ရလို့ အောက်မှာ ကင်ခဲ့သည့် အသားကင်ကို  အတုံးလေးတွေ လှီးဖြတ်လိုက်ပြီး တောထဲက သူ ခူးခဲ့သည့် ချိုချိုချဉ်ချဉ် အသီးတချို့ကို ဆားနှင့် နယ်ပြီး   ဆော့စ်လို့တောင်ခေါ်လို့မရတဲ့ အနှစ်ပြုလုပ်ကာ အသားကင်တုံးလေးတွေပေါ်ကို ဆမ်းပေးပြီး တတုံးကိုယူကာ ရှုန်းယယ်ပါးစပ်နား ခွံ့ပေးလိုက်သည်။  

ရှုန်းယယ်သည် ပါးစပ်ဟပြီးကျိုးကျီခွံကျွေးသည့်   အသားကင်အား ဝါးစားကာ မျိုချလိုက်ပြီးမှ ပါးစပ်ထဲ အရမ်းချိုကာ အရသာရှိသည်ကို သတိထား လိုက်မိသည်။


 ဒိုင်နိုဆောဥ လာပို့ပေးသော ရှုန်းပိုင်က ဒီမြင်ကွင်းကို မြင်လိုက်ရစဉ် သူမ အမြင်မှားနေသလားလို့တောင် ထင်လိုက်မိသည်။ ရှုန်းယယ်ကို ကျိုးကျီက ကလေးလို အသားကင် ခွံ့ပေးနေတာတဲ့လား....

သူတို့မျိုးနွယ်စုတွင် ကလေးတွေကိုပဲ အစာခွံ့ပြီး နည်းနည်းကြီးလာလို့ ကိုယ့်ဖာသာ လုပ်ကိုင်လာနိုင်ရင် ဘယ်မိဘမှ အစာခွံ့မကျွေးကြတော့ပေ။ အခု သန်သန်မာမာယောကျာ်းကြီး ရှုန်းယယ်ကို ကျိုးကျီက  ပါးစပ်ထဲထိ အသားတုံးခွံ့ပေးလိုက်သည့်မြင်ကွင်းက ရှုန်းပိုင်၏ရင်ထဲကို တမျိုးတမည်ဖြစ်သွားစေသည်။  အရွယ်ရောက်သူချင်း ယုယကြင်နာသည့် မြင်ကွင်းက သူတို့မျိုးနွယ်စုမှာ မရှိသည့် အလေ့ထဖြစ်နေသည် မဟုတ်လား။

ဘုန်းတော်ကြီးဆီက ဆေးပင်တွေနဲ့ ရှုန်းယယ် သွားလဲခဲ့သည့် ဒိုင်နိုဆောဥက တိုက်ပွဲအပြီး အောက်မှာ ရှုန်းယယ်က မေ့ကျန်ရစ်ခဲ့လို့ ရှုန်းပိုင်က လိုက်ပေးရင် ကံကောင်းလို့ အခုမြင်ကွင်းကို တွေ့လိုက်ရတာ ဖြစ်သည်။

ကျိုးကျီက ဒီလို ကြင်ကြင်နာနာ အပြုမူတွေနဲ့ ရှုန်းယယ် နှလုံးသားကို သိမ်းပိုက်သွားတာ ဖြစ်မည်။ ကျိုးကျိက ဉာဏ်များလိုက်တာဟု ရှုန်းပိုင်က ခပ်ချဉ်ချဥ ်တွေးလိုက်မိသည်။

ဒါပေမယ့် အသားကင်ပေါ်က ရသည့် အနံ့လေးက ရှုန်းပိုင်ကို သွားရည်ယိုလာစေလို့ မနေနိုင်ပဲ မေးလိုက်မိသည်။

"ကျိုးကျီ.... နင် အသားကင်အပေါ်မှာ ဘာ ဆမ်းထာတာလဲ။ ဘာကြောင့် အဲ့လောက် အနံ့မွှေးနေရတာလဲ။ ငါလည်း နည်းနည်း မြည်းကြည့်လို့မရလား... "


ကျိုးကျီက ဒီစကားကိုကြားတော့ အသားကင်တစ်တုံး ထပ်ယူကာ အနှစ်ဆမ်းလိုက်စဉ် ရှုန်းယယ်သည် ကိုယ်  ကိုင်း အသားကင်တစ်တုံးလုံးကို တစ်ကိုက်တည်းနှင့် စားပစ်လိုက်ကာ ရှုန်းပိုင်ကို လှည့်ကြည့်ပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။

 "ဒါတွေကို ကျိုးကျီက  ငါ့အတွက် တမင်သက်သက် လုပ်ပေးထားတာ"  

ရှုန်းပိုင် : "....."

  ရှုန်းယယ်က တကယ် စိတ်ပုပ်တဲ့ကောင်ပဲ....

 
ရှုန်းပိုင်သည် စိတ်ဆိုးဆိုးဖြင့် ဒိုင်နိုဆောဥကို ထားရစ် ကာ ဂူထဲကနေ ဆောင့်အောင့်ပြီး ထွက်သွား တော့သည်။ ရှုန်းယယ်သည် ကျိုးကျီကို ဆက်ခွံ့ပေးစေချင်သော်လည်း ကျိုးကျီက အသားကင်နှင့် အနှစ်များကို သူ့လက်ထဲ ထည့်ကာ ရေနွေးသွားတည်တော့သည်။ ရေဆူလာတော့ အရွက်တဆုပ်လိုက်ကြီး ထည့်ပြုတ်နေတာတွေ့တော့ ရှုန်းယယ် သိလိုက်လေပြီ။

 ကျိုးကျီ  သူ့အတွက် အရွက်ပြုပေးနေတာပဲ....

 ရှုန်းယယ်သည် စိတ်ထဲကနေ တိတ်တခိုး ညည်းညူ ကာ အရွက်ပြုတ်  တစ်ပန်းကန်ကို ကြိတ်မှိတ်ကာ စားလိုက်ရသည်။ ပြီးတော့ အသားကင်တဖဲ့ကို ပါးစပ်ထဲထည့်ကာ ဆိုးဝါးလှသည့် အရွက်အရသာကို ပျောက်အောင် လုပ်လိုက်သည်။


 
စားပြီးလို့ အိပ်ခါနီးချိန်တွင် ရှုန်းယယ်က တွေးရင်း စိတ်ဖိစီးလာသည်။ ကျိုးကျီကို သူနှင့် အတူနေဖို့ ခေါ်စဉ်က ကူညီချင်တာကလွဲပြီး တခြားအတွေး မရှိပေမယ့် အခုတော့ သူတို့နှစ်ယောက် မိတ်ဖက်ပြုဖို့ ကတိလည်းပြုပြီးပြီဆိုတော့ မအိပ်ခင် တစ်ခုခု လုပ်သင့်သလား.....

(စာဖတ်သူတွေ တွေးနေသလို ဝက်ဝံလေး တွေးနေတာပါ.... ဟဲ..ဟဲ..)


ဘုန်းတော်ကြီးက မရွယ်မရောက်ခင် ကလေးယူတာက ကလေးနဲ့မိခင်ကိုပါ ထိခိုက်စေနိုင်လို့ အရွယ်ရောက်မှ ကလေးယူဖို့ ပြောခဲ့သည်။ ဒါကြောင့် မျိုးနွယ်စုထဲမှာ လူအားလုံးက အရွယ်ရောက်ပြီးမှ မိတ်ဖက်ရှာကြ သည်။

 
ရှုန်းယယ်က မနှစ်က နှစ်ဝက်ကျိုးမှ လူပျိုဖြစ်ခဲ့ပြီး ရှီလီကိုဖွင့်ပြောကာ တွဲခဲ့ကြသည်။ ဒါပေမယ့် ဆောင်းခိုချိန်နီးနေလို့ တခြားအရာကို လုပ်ဖို့ အာရုံမရှိခဲ့ကြပေ။  ဆောင်းခိုဖို့ အစားစာ စုဆောင်းပြီး အလုပ်ရှုပ်နေကြသလို နွေဦးပေါက်ချိန် မီးတောက်ပန်းပွင့်ချိန်မှာ အတူနေကြပြီး မိတ်ဖက်ပွဲ ကျင်းပမည်ဟု စီစဉ်ထားကြသည်။


နွေဦးဆိုတာ မိတ်လိုက်ပြီး  ကလေးယူချိန်ဆိုတာ တလောကလုံးသိကြသည်။ ဒါကြောင့် ရှုန်းယယ်မှာ လိင်ဆက်ဆံတာနဲ့ပတ်သတ်ပြီး အတွေ့ကြုံလုံးဝ မရှိပေ။

ကလေးဘဝက စုပေါင်းဂူထဲမှာနေစဉ်က ကြားဖူးနားဝ ရှိလို့ ဘယ်လိုနေရသည်ကိုတော့ သိသည်။ ယောကျာ်းနှင့် မိန်းမဆိုရင် မိတ်လိုက်ကြပြီး ယောကျာ်းချင်းဆိုရင်တော့... လက်နဲ့ပဲ အချင်းချင်းဖြေရှင်းပေးကြတာများလား....

(ဝက်ဝံညိုလေးကို သင်ပေးလိုက်ကြပါဦး ပရိတ်သတ်တို့.... ယောကျာ်းချင်း လက်နဲ့ လုပ်ပေးတယ် ထင်နေတယ်ကွ...>o<)

 
ရှုန်းယယ်တစ်ယောက် အသည်းအသန် စဉ်းစားနေစဉ် ကျိုးကျီက သူ့ခေါင်းကို အသာပုတ်ကာ ပြောလိုက်သည်။

  "သွားအိပ်တော့"


ရှုန်းယယ်၏ မျက်နှာထားနှင့် သူ့အောက်ပိုင်းက တုန့်ပြန်ချက်အရ ကလေးတွေနဲ့ မသက်ဆိုင်သည့် အကြောင်းရာကို လျှောက်တွေးနေ မှန်းသိလိုက်လို့  ကျိုးကျီက အခုလို ပြောလိုက်တာ ဖြစ်သည်။ လ

ဒီလို အတွင်းကျကျကိစ္စကို လုပ်ဖို့က စောသေးသည် ဟု ကျိုးကျီ ထင်သည်။ ရှုန်းယယ်ကို သူ သဘောကျ လို့ မိတ်ဖက်ဖို့ သဘောတူလိုက်ပြီးနောက် ရှုန်းယယ်ရဲ့ကိုယ်က အခုလို ပြန်တုံ့ပြန်လာတဲ့အပေါ် သူ  ကျေနပ်မိသည်။ ဒါပေမယ့် ချို့ကိစ္စရပ်တွေက ဖြည်းဖြည်းချင်းသွားတာ  ပိုကောင်းလိမ့်မည်ဟု ကျိုးကျီ ယူဆသည်။


ရှုန်းယယ်လည်း ဘယ်လိုလုပ်သင့်သလဲဆိုတာ စဉ်းစားနေရင်း ကျိုးကျီပြောလို့ သူ့အခြမ်းဘက်က အိပ်ယာပေါ်လှဲလိုက်မိပြီးမှ သူနဲ့ကျိုးကျီ ဘာမှ မဘာ လိုက်ရတာကို သတိရလိုက်မိသည်။
 
 တစ်ခုခုဆုံးရှုံးလိုက်ရသလို ခံစားရင်း ရှုန်းယယ်က ခပ်မြန်မြန် အိပ်ပျော်သွးတော့သည်။

 
ကျိုးကျီသည် ရှုန်းယယ် အသက်မှန်မှန်ရှုပြီး အိပ်မောကျသွားတော့မှ ခပ်တိုးတိုးရယ်မောလိုက်သည်။ သူ ပြုတ်ကျွေးလိုက်သည့် စိတ်စွမ်းအားပြည့်နေသည့် အရွက်များနှင့် ကိုယ်စိတ်ကို ဖြေလျော့ပေးသည့် အပင်များက အာနိသင်ပြကာ ရှုန်းယယ် ချက်ချင်းအိပ်မောကျသွားတာ ဖြစ်သည်။ သားရဲလူသားတွေအတွက် အိပ်စက်ခြင်းက အမြန် ဒဏ်ရာကို ပျောက်စေသလို ခွန်အားကိုလည်း တိုးစေသည်။ ရှုန်းယယ်က ဒဏ်ရာရခဲ့လို့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့လိုလို့ သူက ထိုအရွက်တွေကို ပြုတ်ကျွေးလိုက်တာဖြစ်သည်။


ရှုန်းယယ်အိပ်ပျော်သွားပြီးနောက် ကျိုးကျီလည်း စိတ်ချစွာ အိပ်သွားခဲ့သည်။ အရင်ရက်က လူစိမ်းနျိုအာရှိနေလို့ သူ စိတ်ချ လက်ချ အိပ်မပျော်ခဲ့ပေ။ နျိုအာရှိနေခဲ့သော ရက်များတွင် သူ တစ်ညလုံး ကျင့်ကြံနေပြီး မအိပ်ခဲ့ပေ။  ရှုန်းယယ်၏ဂူထဲ သူ ပြောင်းလာစတုန်းကလည်း   အိပ်မပျော်ခဲ့ပေ။ အခုတော့ သူ ကောင်းကောင်း အိပ်ပျော်နိုင်လေပြီ။


နောက်နေ့ ရှုန်းယယ် နိုးလာတော့ အရမ်းကို မွှေးပျံ့လွန်းပြီး  သူ တစ်ခါမှ မရဖူးတဲ့ အနံ့တစ်မျိုးကို ရလိုက်သည်။ ရှုန်းယယ်သည် အိပ်ရာထဲမှ ထွက်ကာ ကျိုးကျီ မနက်စာ ချက်နေသော ဂူပေါက်ဝကို လှမ်းကြည့်လိုက်သည်။

ကျိုးကျီ က ဒိုင်နိုဆောဥမွှေကြော်ကို လုပ်နေတာ ဖြစ်သည်။ ကျိုးကျီသည် ရှုန်းယယ် လဲလာပေးသည့် ဒိုင်နိုဆောဥကို သေချာလေ့လာပြီး ကြော်စားဖို့ ဆုံးဖြတ်လိုက်သည်။ ဥတစ်ဖက်ထိပ်မှာ  အပေါက်ဖောက်လိုက်ပြီး အထဲက အနှစ်တွေကို ထုတ်လိုက်ပြီး ကြော်ဖို့ပြင်လိုက်သည်။

 
ဒိုင်နိုဆောဥက ကြက်ဥတွေထက် အနံ့ပိုပြင်းလို့   သူ စုဆောင်းထားတဲ့ ဆီတွေကို ကျောက်အိုးထဲထည့် အပူပေးပြီး ဆားထည့်ကာ ရောမွှေထားသော ဒိုင်နိုဆောဥအနှစ်များကို သွန်ထည့်လိုက်သည်။
ဒိုင်နိုဆောဥမွှေကြော်၏ အနံ့က ချက်ချင်း တစ် ဂူလုံးကို  ပျံ့သွားတော့သည်။ ဒိုင်နိုဆောဥကို သိပ်စိတ်မဝင်စားခဲ့တဲ့ ကျိုးကျီတောင် မြည်းကြည့်ချင်စိတ် ပေါက်လာရသည်။

"မွှေးလိုက်တာ။ အဲ့ဒါ ဘာလဲ"

ရှုန်းယယ်သည် ကျိုးကျီဘေးနား ရောက်လာပြီး မျက်လုံးများ အရောင်တောက်လျက် ကျိုးကျီကို ကြည့်ကာ မေးလိုက်သည်။  

"ဒိုင်နိုဆောဥမွှေကြော်"

ကျိုးကျီက ဖြေကာ ဥမွှေကြော် တစ်ဖတ်ကို တူနဲ့ညှပ်ပြီး  ရှုန်းယယ်ကို ခွံ့ကျွေးလိုက်သည်။

ကျိုးကျီ အရင်က ဟင်းချက်ရင် ရေပွက်ပွက်ဆူထဲ အသား၊အသီးရွက်ကို ထည့်ပြုတ်လိုက်တာဖြစ်ပြီး ဘာမှ ထူးထူးခြားခြားမရှိပေ။ ဒါက ရှုန်းယယ်ချက်နေကျထက် ပိုစားကောင်းသည်ကလွဲရင် မထူးခြားပေ။ ပြီးတော့ ပျားရည်သုတ်ထားသည့်အသားကင်လည်း မျိုးနွယ်စုထဲက လုပ်စားဖူးသည်ဖြစ်လို့ ထူးခြားတဲ့ဟင်းတော့ မဟုတ်ပေ။


ဒါပေမယ့် ဘယ်သူမှ ဒိုင်နိုဆောဥကို ခုလို မွှေကြော်လုပ်မစားဖူးကြပေ။ ဒိုင်ဆိုဆောဥရလျှင် ဒီအတိုင်း ရေထဲ ထည့်ပြုတ်စားတာနဲ့ ဖက်နဲ့ထုပ်ပြီး မီးအုံးစားကြတာပဲဖြစ်သည်။ အခု ကျိုးကျီ လုပ်ပြမှ ဒိုင်နိုဆောဥကို ကြော်စားလို့ရမှန်းသိတော့သည်။

"ရှုန်းယယ်.... မင်း  ဘာစားနေတာလဲ... အနံ့က မွှွေးလိုက်တာကွာ..."

 ဒိုင်နိုဆောဥမွှေကြော်ရဲ့ မွှေးရနံ့က ရှုန်းယယ်ဂူ၏ အောက်တည့်တည့် ဂူမှ လူများကိုပင် ဆွဲဆောင်လို့ အားလုံးအပေါ်ကို တက်လာကြပြီး အပြင်စင်္ကြန်မှာ ငုတ်တုတ်ထိုင်ပြီး ရှုန်းယယ်တို့ စားနေသည်ကို မေးမြန်းရင်း သွားရည်ကျနေကြသည်။

 
"ဒိုင်နိုဆောဥမွှေကြော်"

ရှုန်းယယ်က ဖြေလိုက်သည်။ ခါတိုင်းဆိုရင် သူက မျှကျွေးမည်ဖြစ်ပေမယ့် အခုတော့ ကျိုးကျီကိုပဲ ဝအောင်စားစေချင်လို့သူ ဘယ်သူ့ကိုမှ မကျွေးနိုင်ပေ။ ဥမွှေကြော်က အရသာရှိလွန်းလို့ ကျိုးကျီကိုပဲ များများစားခိုင်းရမည်။


 
  "ကျိုးကျီ ...မင်း ထပ်စားပါဦး"


ဒိုင်နိုဆောဥသည် သုံးကီလိုခန့် ရှိလို့ မွှေကြော် ပြီးချိန်မှာ ကျောက်အိုးတစ်လုံး အပြည့် ရပေမယ့် တကယ့်တကယ် စားရင် ရှုန်းယယ် မဝပေ။ ဒါပေမယ့်   သူ မစားရက်လို့ ကျိုးကျီကို အရင် စားခိုင်းလိုက် သည်။

 
ကျိုးကျီက ရယ်လိုက်ပြီး  ဒိုင်နိုဆောဥကြော်ကို နှစ်ပိုင်းခွဲပြီး ရှုန်းယယ်ကို တစ်ဝက်ခွဲပေးလိုက်သည်

"မင်းလည်းစား...."

"မင်းသာ များများစားသင့်တာ၊ ငါ အများကြီး စားဖို့ မလိုဘူး"

ရှုန်းယယ်က ငြင်းလိုက်ပေမယ့် ကျိုးကျီက လက်မခံပေ။


"ငါက ဗိုက်ဝသွားပြီ"  

ရှုန်းယယ်လည်း ကျိုးကျီပန်းကန်လုံးထဲ သူ့ပန်းကန် ထဲက ဥကြော်တဖဲ့ကို ထပ်ထည့် ပေးလိုက်ပြီး အိမ်နီးနားချင်းတွေ ထိုင်ကြည့်နေသည့်ရှေ့တွင် သူတို့နှစ်ယောက် ဒိုင်နိုဆောဥမွှေကြော်ကို အပြီးသတ်စားလိုက်ကြသည်။

 
ပြီးတော့ ကျိုးကျီသည် မနေ့က ကျန်သေးတဲ့ အသားကင်အား ထုတ်ပြီး အတုံးလေးတွေတုံးကာ အိုးထဲက ဆီလက်ကျန်ထဲ ထည့်ကြော်လိုက်သည်။

 အိုးမျက်နှာပြင်က အဖုအထစ်ဖြစ်နေလို့ ဥကောင်းကောင်းကြော်နိုင်ဖို့ သူက ဆီများများ ထည့်ထားခဲ့ရလို့ ဆီတွေကျန်နေသေးသည်။

 
ရှုန်းယယ်သည် အသားကြော် စားနေရင်း မေးလိုက်သည်။

"ငါတို့ ဘယ်အချိန်ထွက်မလဲ။ ဘယ်ဘက်ကို သွားကြမလဲ"

"ငါ တောထဲမှာ ပျားအုံတစ်ခု တွေ့ထားတယ်။ ထင်းကောက်ရင်း  ပျားသွားဖွပ်ရအောင်"

ကျိုးကျီကပြောလိုက်သည်။ ရှုန်းယယ်က ပျားရည် အရမ်းကြိုက်ပေမယ့် သူဝင်နေသည့် လက်ရှိ ကျိုးကျီက ဘာစွမ်းရည်မှ မရှိတာ လူသိနေလို့ ရှုန်းယယ်ကို ပျားဖွပ်ခိုင်းဖို့တွေးလိုက်သည်။

 
"အင်း.... အဲ့အချိန်ကျရင် မင်း ခပ်လှမ်းလှမ်းမှာ သွားနေရမယ်နော်။ မဟုတ်ရင်  ပျားတုပ်ခံရလိမ့်မယ်"

ရှုန်းယယ်က စိတ်မချစွာမှာလိုက်သည်။ သူ့ ဝက်ဝံ အမွှေးများမှာ ထူလို့ ပျားတုပ်မည်ကို ကြောက်စရာမလိုသော်လည်း ကျိုးကျီက သတိထားဖို့ လိုသည်။


"အင်း "

ကျိုးကျီလည်း သဘောတူလိုက်သည်။
နှစ်ယောက်သား ဗိုက်ဝအောင် စားပြီးတော့   ဂူမှ ထွက်လာခဲ့ကြချိန် အောက်ချိုင့်ဝှမ်းထဲ ရောက်တော့ ဘုန်းတော်ကြီးနှင့် တန်းတိုးတော့သည်။ ဘုန်းတော်ကြီးသည် သူတို့ကို အားပါးတရ ပြုံးပြကာ ရှုန်းယယ်တို့ဆီ လျှောက်လာသည်။

 "ရှုန်းယယ်.... မင်းတို့ ဒိုင်နိုဆောဥချက်နည်း အသစ်တွေ့ထားတယ်လို့ ကြားတယ်။ မနေ့က  ငါရထားတဲ့ ဒိုင်နိုဆောဥကို   မစားရသေးဘူးကွ "

ဘုန်းတော်ကြီးလည်း ရသမျှကို အကုန်မစားပဲ သိမ်းဆည်းထားတတ်သူဖြစ်သည်။ ဒါကြောင့် ဒီမနက်အစောပိုင်း ကျိုးကျီက ဒိုင်နိုဆောဥ ချက်နည်း အသစ်နဲ့  ချက်ခဲ့ပြီး အနံ့အရမ်းမွှေးသည် ဟု သူ ကြားခဲ့လို့ ဟင်းချက်နည်းမေးဖို့ အောက်မှ လာစောင့်နေတာဖြစ်သည်။

ကျိုးကျီက ဒိုင်နိုဆောဥကို ပြုတ်ပြီး ပျားရည်သုတ်လိုက်တာလား....


ဘုန်းတော်ကြီးသည် မနေ့က   ရှုန်းယယ် ပေးသွားခဲ့သည့် ပျားရည်အရသာကို ပြန်သတိရကာ  နူတ်ခမ်း သပ်လိုက်မိသည်။ ရှုန်းယယ်သည် ဘုန်းတော်ကြီး၏ စကားကို ကြားပြီးနောက် ကျိုးကျီဘက် လှည့်ကြည့်လိုက်သည်။


ကျိုးကျီက အလိုက်တသိ ရှင်းပြလိုက်သည်။

 "အဘဘုန်းတော်ကြီး ....ဒိုင်နိုဆောအဆီတုံးတွေကို အိုးထဲထည့် အပူပေးလိုက်ရင် ဆီထွက်လာတယ်။ အဲ့ဆီ ပူလာရင် ဒိုင်နိုဆောဥကို ဖောက်ပြီး ထည့်လိုက်ရင် ရပြီ...   "


သူ မနက်က ဥမွှေကြော်လုပ်သည့် ဆီက ဆီထွက်သည့် အပင်များမှ  ကိုယ်တိုင် ထုတ်ယူထားသည့် အဆီတွေဖြစ်သည်၊ ဒီအကြောင်းကို ပြောပြလို့မရလို့
 ဘုန်းတော်ကြီးကို ဒိုင်နိုဆောအဆီနဲ့ ကြော်ခိုင်းလိုက်တာ ဖြစ်သည်။ ဒိုင်နိုဆောအသား စားနေကျဖြစ်လို့ ဒိုင်နိုဆော အဆီနံ့ကို သူတို့ စားနိုင်မှာသေချာသည်။

 
ဘုန်းတော်ကြီးသည် ကျိုးကျီ၏စကားကို ကြားသော် ချက်ချင်း ပြေးကာ လုပ်စားချင်စိတ်ပေါ်လာမိသည်။

  "အဆီက ဘယ်လောက် လိုတာလဲ"

"များရင်ပိုကောင်းတယ်။ ဒါပေမယ့် သိပ်အများကြီး မလိုဘူး... ဒီလောက်ဆိုရင်ရပြီ"

ကျိုးကျီက သူ့လက်ဖြင့် ဒိုင်နိုဆော အဆီတုံး ထည့်သင့်သည်ကို ပြပေးလိုက်သည်။

 
"ဒါတောင် များနေပြီ။ အဲ့ အဆီတွေကို   အပို ချန်ထားနိုင်တာ  မျိုးနွယ်စုထဲ ငါပဲ ရှိလောက်တယ်  "  

ဘုန်းတော်ကြီးက ပြောပြီး ဒိုင်နိုဆောဥချက်နည်း အသစ်ကို လက်တွေ့ချက်ရန် ထွက်သွားတော့သည်။

ထို့နောက်ကျိုးကျီနှင့် ရှုန်းယယ်လည်း တောင်ချိုင့်ဝှမ်းထဲမှ အတူထွက်လာစဉ်
ကျိုးကျီစိတ်ထဲ တစ်ခုခု ခံစားမိလိုက် နောက်လှည့်ကြည့်လိုက်စဉ် ယန်ဆု၏ ရန်လိုသော အကြည့်ကို တွေ့လိုက်ရသည်။

ယန်ဆု၏ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေပေမယ့်  ကျိုးကျီဘက်လှည့်ပြီး တံတွေး ထွေးလိုက်သေးသည်။


ဒီကောင်လေးက သူများကို  တံတွေးထွေးရတာ အရမ်းသဘောကျပုံပဲ။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။

 
ကျိုးကျီသည် ယန်ဆုကို လျစ်လျုရှုကာ ရှုန်းယယ်နှင့် အတူ ထွက်လာသည်။ ပျားအုံရှိနေသော နေရာမှာ မျိုးနွယ်စုနေထိုင်ရာနှင့် အတော်လှမ်းသည်။ တကယ်လို့ ဒီနားမှာသာ ရှိရင် အဲ့ဒီပျားအုံကို သူများတွေ ဖွပ်လို့ ကုန်လောက်ပြီ။ ဝက်ဝံအဖြစ် နိုးထခဲ့သူများအတွက် ပျားဖွပ်ရတာ မခက်ပေ။  

 ကျိုးကျီနှင့် ရှုန်းယယ်တို့က နာရီဝက်လောက်  လမ်းလျှောက်လာခဲ့ပြီးပေမယ့် ပျားအုံရှိရာကို မရောက်သေးပေ။


"ငါ မင်းကို ကုန်းပိုးပေးသွားရမလား "

  တောရိုင်းမြေထဲ လမ်းလျှောက်ရသည်မှာ အားကုန်ခမ်းစေပြီး  အချို့သစ်ရွက်များက အသားကို  လာရှတတ်သည်။ ကျိုးကျီ၏ ခြေထောက်ကို ဒိုင်နိုဆောသားရေ ပတ်၍ ဂရုတစိုက်လျှောက် နေပေမယ့်   မြက်နှင့် သစ်ရွက်တွေက ခြေသလုံးကို လာခြစ်နိုင်လို့ ရှုန်းယယ်က ပြောလိုက်သည်။

 ကျိုးကျီခြေထောက်တွေကို စိတ်ပူပြီး ကြည့်လိုက်ပေမယ့်  ဘာဒဏ်ရာမှ မရှိပေ။ ကျိုးကျီက ကံကောင်းပြီး    ဆူးပါသော မြက်ပင်များနှင့် မကြုံရသေးပေ။


ကျိုးကျီသည် ကြင်နာတတ်သည့် ရှုန်းယယ်ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီလေ"

ရှုန်းယယ်  သူ့ကိုကျောပိုးဖို့ ဆန္ဒရှိရင် သူတို့ ပိုမြန်မြန်ပိုရောက်မှာဖြစ်လို့ သူ မငြင်းလိုက်တော့ပေ။

 
ကမ္ဘာပျက်ကပ်မှာ နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲမှုတို့ကို တွေ့ကြုံခဲ့ရသော ကျိုးကျီမှာ အပျင်းကြီးနေသဖြင့် အခုလို  သူများကျောပေါ် လိုက်ရမည်ဆိုတော့ တက်ကြွနေသည်။

 
ရှုန်းယယ်လည်း ကျိုးကျီကို ကျောပိုးလိုက်ပြီးနောက် ဘာကြောင့်မှန်းမသိပေမယ့် သူလည်း ပျော်နေမိသည်။
 
ရှုန်းယယ်သည် တောထဲ ခြေထောက်ဗလာဖြင့် သွားနေကျ ဖြစ်လို့ မြန်မြန်  ပြေးနိုင်သည်။ ကျိုးကျီကိုကျောပိုးပြီး လမ်းညွှတ်ချက်အတိုင်း လာခဲ့ရာ နောက်တနာရီကြာမှ  ပျားအုံကြီးဆီ ရောက်လာခဲ့တော့သည်။  


အခုချိန်က  ပန်း ပွင့်ချိန်ဖြစ်လို့   ပျားတွေက  ဝတ်ရည်များကို  ပျားအုံကြီးဆီ သယ်လာရင်း  ပန်းပွင့်များအကြား  အလုပ်များနေကြသည်။
ပျားအုံကြီးထဲတွင ်သေချာပေါက်  ပျားရည်အများကြီး  ရှိနေလောက်သည်။

 ရှုန်းယယ်သည် ပျားအုံကြီးကို  မော့စိုက်ပြီး   တံတွေးမြိုချလိုက်သည်။ ပြီးတော့  ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီး  ကျိုးကျီကို သစ်ပင်တစ်ပင်အောက်တွင်  ချပေးကာ သေချာမှာလိုက်သည်။

 "ငါ့ကို ဒီမှာ ခဏစောင့်ဦးနော်။ ဘယ်မှ မသွားနဲ့.... ငါပြန်လာတဲ့အထိ ဒီမှာပဲနေ..."


ကျိုးကျီကို အောက်သို့ ချပေးပြီး ရှုန်းယယ်သည် ဝက်ဝံပုံ ပြောင်းလိုက်ကာ သစ်ပင်ပေါ်တွယ်တက်ပြီး ပျားအုံကြီးကို ဖြုတ်ယူ၍ ကျိုးကျီနှင့် ဆန့်ကျင်ဘက် အရပ်ဆီ  စမ်းချောင်းလေးတစ်ခု ဆီ တချိုးတည်း ပြေးတော့သည်။  ရှုန်းယယ်မှာ လေထဲ ပျံသန်း တော့မည့် အလျင်ဖြင့် တဟုန်ထိုးပြေးနေသလို ပျားတွေကလည်း တောက်လျှောက်လိုက် လာကြသည်။  သနားစရာ ပျားတွေက ဝက်ဝံကြီး ၏  10 စင်တီမီတာခန့် ထူသည့် အမွှေးတွေကို ထိုးဖောက်ကာ မတုပ်နိုင်ပေ။

 
ကျိုးကျီသည် ရှုန်းယယ် ပြေးသွားသည်ကို ကြည့်ရင်း သူ့စိတ်စွမ်းအားဖြင့် ထိုပျားများကို အစုခွဲလိုက်ပြီးနောက်   ရှုန်းယယ်ချပေးသွားခဲ့သော နေရာသို့ ပြန်လာပြီး ထိုင်စောင့်နေသည်။ ရှုန်းယယ် အနားတွင် မရှိသည့်အချိန် သူ့ရဲ့အပင်စွမ်းအားကို အသုံးချပြီး အသီးပင်တချို့ကို သီးပွင့်စေပြီး အစားစားနေလိုက်သေးသည်။

  အခုနောက်ပိုင်း သူ အရမ်းစားနိုင်လာသလို တနေ့တနေ့  ကန်ဇွန်းဥလို အသီးမျိုးကို 10   ကီလိုလောက် စားနေမိသည်။ ဘာကြောင့် ဒီလောက်စားလာနိုင်မှန်း သူလည်းမသိပေ။

 
ကျိုးကျီသည် ရှုန်းယယ် ပြန်မလာခင် နှစ်နာရီအတွင်း အပင်မျိုးစုံကို 10 ကီလိုလောက် စားလို့ ပြီးသွားခဲ့သည်။ ရှုန်းယယ်  ပြန်ရောက်လာတေယြ တစ်ကိုယ်လုံး ရွှဲစိုနေခဲ့သည်။ သူ့ လက်တစ်ဖက်တွင် ပျားအုံ ကိုင်ထားပြီး ကျန်လက် တစ်ဖက်တွင် လူကြီးပေါင်တစ်ချောင်းခန့် အတုတ်ရှိမည့် မိချောင်းတစ်ကောင်ကို ဆွဲထားခဲ့သည်။

 "ကျိုးကျီ... ငါ ချောင်းထဲကနေ  မိချောင်းတစ်ကောင် ရလာတယ်။ မိချောင်းသားကင် စားလို့ရပြီ"

ရှုန်းယယ်က ဝမ်းသာအားရပြောနေပေမယ့် ကျိုးကျီက မိကျောင်းသားကင်ကို မစားချင်ပေ။

ကျိုးကျီ : "......"  

ရှုန်းယယ်ကတော့ ယနေ့ရခဲ့ပျားအုံနှင့် မိကျောင်းအတွက် အရမ်း သဘောကျနေသည်။

  "ဒီပျားအုံက အရမ်းကြီးတယ်။ အထဲမှာ ပျားရည် အများကြီးနဲ့ အရသာရှိတဲ့ ပျားသလက် ရှိလောက် တယ်။ ကျိုးကျီ ... ငါတို့တွေ အဘ ဘုန်းတော်ကြီးကို နည်းနည်း ခွဲပေးလိုက် ရအောင်။  နောက်နှစ်ရက်ဆိုရင် သားရဲနတ်ဘုရားပူဇော်ပွဲ ရောက်တော့မယ်။  အဲ့အချိန် ငါတို့မိတ်ဖက်ပွဲအတွက် သူ့အကူအညီကို လိုအပ်တယ်"


ရှုန်းယယ်သည် မိတ်ဖက်ပွဲအကြောင်း ပြောရင်းက ကျိုးကျီကို အကဲခတ်နေသည်။  
မနေ့ညက သူတို့ ဂူသို့ ပြန်ရောက်ကတည်းက ဒီကိစ္စကို မဆွေးနွေး ရသေးပေ။ ကျိုးကျီ နောင်တ ရနေမလားလို့ ရှုန်းယယ် စိတ်ပူနေခဲ့သည်။


 "ငါတို့ ဘုန်းတော်ကြီးကို အချို့ခွဲပေးသင့်တာပေါ့....  "

သူ့အတွက်  ပျားရည်ဆိုတာ မရှားပေ။ ရှုန်းယယ်က ပျားရည်အမြဲစားရတာ  သဘောကျရင် သူက ပျားမွေးလို့တောင် ရသည်။  

"ကောင်းပြီ။ အဲ့လိုလုပ်ကြတာပေါ့..."

ရှုန်းယယ်က ကျိုးကျီ၏တုန့်ပြန်မှုကြောင့် အရမ်းပျော် သွားခဲ့သည်။ ကျိုးကျီက  ဆက်ပြောလိုက်သည်။

 "ငါတို့ အိမ်မှာ ပရိဘောဂတွေ မစုံသေးဘူး။ သစ်ပင် တချို့ ခုတ်ပြီး သယ်သွားရအောင်။ ဟိုနားက အပင်ကို သယ်သွားပြီး ပုံးတွေ၊ ပန်းကန်လုံးတွေ၊ တူတွေ လုပ်ရင် ကောင်းလောက်မယ် "


ကျိုးကျီညွှန်ပြသော သစ်ပင်က အတော်တုတ်ပြီး သစ်မာသားဖြစ်ကာ ပန်းကန်လုံးနှင့် အခြားအရာများလုပ်ဖို့ အကောင်းဆုံးဖြစ်ကာ တော်တော်နှင့်မှိုမစွဲနိုင်သလို မဆွေးနိုင်ပေ။
ကျိုးကျီရွေးလိုက်သည့် သစ်ပင်က အတော်လေးကောင်းလို့ ရှုန်းယယ်က သစ်ပင်စခုတ်တော့သည်။

အရင်က သူက တကိုယ်တည်းသမားဖြစ်လို့ လိုအပ်ချက်ကို သိပ်ဂရုမစိုက်ခဲ့ပေမယ့် အခုတော့ မိသားစုထူထောင်တော့မည်ဆိုတော့ လိုအပ်တာ လုပ်ရတော့မည်ကို မြင်လာသည်။

 
 
 ကျောက်ပုဆိန်ဖြင့် သစ်ခုတ်ရတာ   ခက်ခဲပေမယ့် ဒီတစ်ခါ   ခုတ်ရတာ ခဏပဲ ကြာသည်။  သစ်ပင်က လေးပြီး သယ်ရခက်လို့ ရှုန်းယယ်က  ပျားအုံနှင့် မိချောင်းကို  ခုတ်ထားသော သစ်လုံးပေါ်တွင် ချိတ်ကာ ကျိုးကျီကို ပြောလိုက်သည်။

 "အပြန် မင်း လမ်းလျှောက်ရတော့မယ် ထင်တယ်...ကျိုးကျီ"

"ရတယ် ကိစ္စမရှိဘူး"

 ကျိုးကျီသည် ပြန်ဖြေပြီး ရှုန်းယယ် ဝက်ဝံအဖြစ် ပြောင်းပြီး သစ်လုံးကို  ကောက်မသည်ကို ကြည့်လိုက်သည်။ပြီးတော့ သူက အနားမှ စွမ်းအင်များကို ဆွဲယူ၍   ရှုန်းယယ် ခန္ဓာထဲသို့ ပို့လွှတ်ပေးကာ သယ်ယူလို့ လွယ်အောင် အားဖြည့်ပေးလိုက်သည်။


******-***


ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now