Chapter (44-2)_ ရှီလီကို ခေါ်သွားသည့် သားရဲဘုရင်

7.6K 1.4K 20
                                    

Chapter (44-2)_  ရှီလီကို ခေါ်သွားသည့် သားရဲဘုရင်




 ရှန်းထျန်းက လက်ကို  လွှတ်လိုက်တာနဲ့ ရှုန်းယယ်နဲ့ ကျိုးကျီက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွား ခဲ့သည်။ သူ့မိတ်ဖက်ကို ဒီလူက ထိခိုက်အောင် လုပ်မည်ကို ရှုန်းယယ် စိတ်ပူနေသည်။ ဘယ်က ရောက်လာမှန်းမသိသည့် ဒီလူရဲ့စွမ်းအားက သူတို့ မျိုးနွယ်စုက လူအားလုံးပေါင်းတာထက်  ပိုအစွမ်းထက်နေတယ် မဟုတ်လား။


ရှန်းထျန်းက သူတို့ကို ဂရုမစိုက်ပဲ တောင်ကုန်းလေးပေါ် ပြန်တက်သွားခဲ့ကာ အော်ပြောလိုက်သည်။ သူ့ရဲ့သားရဲနတ်ဘုရား အသီးကို ယူသွားသည့်လူကို သူ တွေ့အောင်ရှာမှဖြစ်မယ်။ ဒီအသီးက သူ့ကိုယ်ထဲက စွမ်းအင် ဖရိုဖရဲဖြစ်တာကို ပြန်ကောင်းစေမယ့် အသီးဖြစ်နေလို့ သူ အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့သည်။ သူ မရှိသည့် အချိန်တိုအတွင်း သူ့အသီးကို ဖြတ်ခုတ်သွားသည့်လူကို ရှန်းထျန်း ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပေ။

 

"ဂူထဲက လူတွေ အကုန်ထွက်ခဲ့ကြစမ်း"



ရှန်းထျန်းပြောလိုက်သဖြင့် ရှုန်းဟော်က မတတ်သာပဲ သူ့မျိုးနွယ်စုက လူတွေကို ပြောလိုက်သည်။ စွမ်းအားကြီးတဲ့လူရှေ့မှာ သူ့မျက်နှာပျက်တာ မပျက်တာထက် နာခံလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ဒီလူ ဒေါသထွက်သွားရင် သူတို့ မျိုးနွယ်စု အကုန် အသက်သေသွားနိုင်သည်။


   "အားလုံး ထွက်လာကြ!"  


   မျိုးနွယ်စုရှိ လူအားလုံးသည် တောင်ကုန်းလေးပေါ်သို့ စုရုံးရောက်ရှိလာကြပြီး ရှုန်းယယ်နှင့် ကျိုးကျီ တို့လည်း လိုက်လာခဲ့ရသည်။ လူတွေအားလုံးက ထိုလူကို ကြောက်ကြောက်နှင့် ကြည့်နေကြသည်။


ရှန်းထျန်းက ဒီလူတွေကို ကြည့်ကာ ထပ်မေးလိုက်သည်။


  "မင်းတို့ ဒီနားမှာ မကြာသေးခင်က လူစိမ်းလာတေတွေ တွေ့ဖူးလား။ "


    မျိုးနွယ်စုထဲကလူတွေ ခေါင်းကိုခါယမ်းကြတယ်။ သူတို့ပိုင်နက်ထဲ ဘယ်လူစိမ်းမှ မလာပဲ ဒီလူသာ လူစိမ်းဖြစ်နေတယ် မဟုတ်လား။



   "မင်းတို့ တကယ်ပဲ ထူးဆန်းတဲ့လူကို မမြင်ဖူးဘူးလား"

 
သူက ထပ်မေးလိုက်တော့ လူမျိုးစုထဲက လူအားလုံး ခေါင်းကိုခါယမ်းနေဆဲ ဖြစ်သည်။

ရှန်းထျန်း၏နှလုံးသားထဲမှာ ဒေါသသည်တစ်ဖန်ပြန်ထွက်လာသည်၊ သူ့ ခန္ဓာကိုယ်ထဲက မငြိမ်မသက် ဖြစ်နေသည့် စွမ်းအင်ကို မထိန်းနိုင်တော့ပေ၊ သူ့မျက်လုံးများထဲတွင် လူများကို သတ်ချင်စိတ်တွေ ပေါ်လာတော့သည်။ ထိုစဉ်   မဝေးလှသော တောင်နံရံပေါ်၌ တွဲလောင်းကျနေသော မာလု (ကင်းခြေများကောင်)  ၏ အခွံကို တွေ့လိုက်ရသည်။ ဒီမာလုက သူ့ အသီးကို စောင့်ရှောက်နေသည့် အကောင်တွေထဲက တစ်ကောင်ဖြစ်သည်ကို သူ သိသည်။


  သူ့မျက်လုံးတွေ အေးစက်မာကျောသွားပြီး သူ့ရှေ့က လူတွေကိုကြည့်ပြီး မေးလိုက်သည်။


"မင်းတို့ အဲဒါကို ဘယ်ကနေ ဖမ်းလာတာလဲ"


"ဒီနေရာရဲ့မြောက်ဘက် သုံးနာရီလောက်အကွာက တောထဲမှာ ဖမ်းမိတာပါ"


ရှုန်းဟော်က သူတို့ မာလုကို ဖမ်းခဲ့ရသည့် နေရာကို အမြန်ဝင်ပြောလိုက်သည်။


 "မင်းတို့ မာလုကို ဘယ်လိုဖမ်းလာကြတာလဲ"


   ရှန်းထျန်းက ဘာကြောင့် ဒီမေးခွန်းကိုမေးတာလဲ ဆိုတာ မသိပေမယ့် တချို့ကဖြေလိုက်သည်။
 

 "ကျွန်တော်တို့ မာလုကို တွေ့တော့ အားလုံးဝိုင်းဖမ်းခဲ့ကြတာပါ.... "


ထိုအချိန်တွင် မာလုက ရှီလီဆီကို ဦးတည်လာပြီး အဓိက တိုက်ခိုက်သည်ကို ရှုန်းဟော်က ထည့်မပြော လိုက်တော့ပေ။


   ဒီမျိုးနွယ်စု ကလူတွေက အရမ်းအားနည်းပြီး သူတို့ ဝိုင်းဖမ်းခဲ့သည့် မာလုက အတော်လေး ငယ်သေးသည်။  သူတို့ထဲက အများစုဟာ တောထဲက ထွက်ပြေးသွား ကြတာလား။



သူက ဘယ်လိုမေးမေး ဘာမှ အသုံးမဝင်တဲ့အတွက် ဒေါသထွက်ပြီး ဘေးက ကျောက်တုန်းကြီးကို လက်ဝါးနှင့် ရိုက်ခွဲလိုက်သည်။
 

    " အရှင်... ကျွန်တော်တို့က တကယ် သူစိမ်းတွေကို မတွေ့ခဲ့ကြပါဘူး"



ရှုန်းယယ်က ကျိုးကျီကို  ထိခိုက်မည်စိုးသဖြင့် သူ့နောက်မှာ ထားကာ ဒေါသကြီးနေသည့်လူကို ကြည့်ကာ ရဲဝံ့စွာ  ပြောလိုက်သည်။   ဒီမျိုးနွယ်စုထဲက လူတွေ အားလုံးတုန်လှုပ်နေကြတယ်၊

ရှန်းထျန်းက သားရဲနတ်ဘုရားအသီးကို ဒီလူစုက တွေ့လျှင်လည်း ခူးယူနိုင်စွမ်း မရှိမည်ကို သေချာသိနေသည်။   သူက ဒီလူတွေကို အာရုံစိုက်ဖို့အရမ်းပျင်းရိလို့ ဒီလူတွေကို ထားရစ်ကာ လှည့်ထွက်သွားလိုက်သည်။



   ဒါပေမယ့်သူက တောင်နံရံပေါ်ကို သူ့စွမ်းအင်ကို သုံးပြီး ခုန်တက်လိုက်စဉ် ရှီလီက ရုတ်တရက် ဝင်ပြော လိုက်သည်။


  "ရှန်းလူကြီးမင်း... ခင်ဗျားရဲ့ ကလေးကို မခေါ်သွားချင်ဘူးလား "



   ရှန်းထျန်းက  ထွက်သွားရန်လုပ်နေသည်ကို ရပ်တန့်သွားပြီး ဝက်ဝံကြီးမျိုးနွယ်စုက လူများသည်လည်း ထိုစကားကြောင့် အနည်းငယ်အံ့သြသွားကြသည်။ ဘာ ကလေးလဲ?


ရှီလီက အရင်ဘဝက သားရဲဘုရင်ဖြစ်ခဲ့တာ နှစ်ပေါင်းလေးဆယ်ရှိပြီ။ သူအသက်ကြီးလာတဲ့အခါ လူတိုင်းက သူ့အစီအစဉ်အတိုင်း လိုက်လုပ်ရတာကို သူ သဘောကျသည်။ မကြာသေးမီ သူက ဒီမျိုးနွယ်စုအပေါ် မကျေနပ်မှုများ ရှိခဲ့သည်။ သူ့ကို လန်ယင်းက အထင်သေးကာ နှိမ့်ချ ဆက်ဆံခဲ့သည်။ ရှုန်းယယ်က သူ့ကို စွန့်ပစ်ပြီး ကျိုးကျီကို လက်တွဲခဲ့သည်။ ဒါ့အပြင် သူက ရှုန်းယယ်ကို ရှုံးနိမ့်ခဲ့သည်။ မျိုးနွယ်စု ခေါင်းဆောင် ရှုန်းဟော်ကလည်း သူ့ကို မမြင်မကြည်ပေ။  ဒီအချက်တွေက သူ့မာနကို ထိခိုက်စေပြီး  သူ့ကို အရမ်းခက်ခဲစေခဲ့တယ်။ ရှုန်းယယ်နဲ့ကျိုးကျီတို့က မိတ်ဖက်များဖြစ်လာကြသည်။ သူတို့နှစ်ယောက်က  နေ့တိုင်း သူ့ရှေ့မှာ ချစ်ခြင်းမေတ္တာပြသနေကြလို့ ဒီမြင်ကွင်းက သူ့ကို အလွန် ဒေါသထွက်စေသည်။ တမင်သက်သက် သူ့ကို ရန်စနေသလို ခံစားရသည်။



   သူက ရှုန်းယယ်နှင့် ကျိုးကျီကို လမ်းခွဲသွားအောင် မျှော်လင့်နေမိသည်။ အရင်ဘဝတုန်းကလို ရှန်းထျန်းက ကျိုးကျီကို သူနဲ့ အတူ ခေါ်သွားခဲ့ရင် သူက ရှုန်းယယ်ကို ရအောင် ပြန်ကြိုးစားနိုင်မည်ဟု ထင်ခဲ့သည်။


ဒါပေမယ့် ရှန်းထျန်းက သူ့ သားအကြောင်း မမေးပဲ သူ နားမလည်သည့် အကြောင်းရာကိုပဲ မေးမြန်းကာ လှည့်ထွက်သွားမယ်လို့ မမျှော်လင့်ထားလို့ သူက ကပျာကယာ ဝင်ပြောခဲ့သည်။  


   ယခုအချိန်ထိ ရှန်းထျန်းက ကျိုးကျီကို သူ့သားဖြစ်တယ်ဆိုတာ မသိဘူးလား။
 

ရှန်းထျန်းက တောင်ကုန်းပေါ် ပြန်တက်လာပြီး ရှီလီကို ကြည့်လိုက်သည်။ သူ့ရဲ့ မူလဇစ်မြစ်ကို သူနှင့် အတူ နေထိုင်ခဲ့ဖူးသည့် ထိုအမျိုးသမီးကို မပြောပြခဲ့သလို သူ့ရဲ့သားရဲပုံစံကိုလည်း မပြခဲ့ပေ။
 

  သူတို့နှစ်ယောက်က  ဒီအတိုင်းတွေ့ဆုံ ပေါင်းဖက်ခဲ့ တာဖြစ်ပြီး သူ့ သင်းကွဲ သားရဲလူသား တစ်ယောက်ဟု သာ ပြောခဲ့သည်။      သူ့ကို "ရှန့်" လို့ခေါ်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးက အခု မျိုးနွယ်စုထဲမှ မရှိတော့ဘူးဆိုတော့ သူ သေဆုံးသွားတာပဲဖြစ်ရမယ်။ သားရဲလူသားတွေက မထင်မှတ်ပဲ သေဆုံးကြရတာက ပုံမှန်ပဲဖြစ်တယ်။
 


   ဒါပေမယ့်အခု ဒီလူငယ်လေးက သူ့သားရဲပုံစံ အကြောင်းပြောပြီး သူ့သား အကြောင်းပြောနေတယ် ...



ရှန်းထျန်းက သူ့ကို စိုးရိမ်ခြင်းမရှိ စိုက်ကြည့်နေရသည့်  ရှီလီကို အရင်ကတည်းက သတိထားခဲ့မိတာဖြစ်သည်။ ဒါပေမယ့် သူက အဆင့်နိမ့် စစ်သည်တော်ပဲ မဟုတ်လား။ ဘာများ စိုးရိမ်စရာရှိလို့လဲ။


   ဒါပေမယ့်အခု ရှီလီက ဒီလိုပြောနေတော့ သူက ရှီလီကို ဦးတည်မေးလိုက်သည်။


  "မင်း ဘာတွေပြောနေတာလဲ"


  "ကျိုးကျီက ခင်ဗျားရဲ့သားပဲ၊ ဒါကို ခင်ဗျား မသိဘူးလား"


ရှီလီက ပြတ်ပြတ်သားသားပြောပြီး ကျိုးကျီအကြောင်း သူ ဘယ်လို သိပါတယ်ဆိုတာ လိမ်လည်ပြောလိုက်သည်။


 "ကျိုးကျီ ရဲ့အမေက ဒိအကြောင်းပြောနေတာကို ကျွန်တော် ကြားခဲ့တယ်"


  မျိုးနွယ်စုမှလူများအားလုံးသည်  ထိုစကားကိုကြားသော ပို၍ ပင်ထိတ်လန့်နေကြသည်။



  ကျိုးကျီရဲ့ အဖေကဘယ်သူလဲဆိုတာ မျိုးနွယ်စုထဲက လူတွေ မသိကြဘူး၊ သူတို့မျိုးနွယ်ထဲမှာ  အဖေမသိသော ကလေးအနည်းငယ်ရှိလို့ မထူးဆန်းပေ။


 အခုတော့ ရှီလီက ကျိုးကျီက ဒီလူကြီးရဲ့ ကလေးဖြစ်တယ်ဆိုတာ ပြောနေတယ်။ ရှီလီ ရူးသွားတာလား... ပေါက်ကရ လျှောက်ပြောလို့ စွမ်းအားကြီးသည့် ဒီလူ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။


  ရှီလီ မသေဆုံးမီ သူ၏ ယခင် ဘ ၀ တစ်လျှောက်လုံး ဖြစ်ပျက်ခဲ့သည်ကို သူက အကုန်သိထားသည်။ သူ ပြန်လည်မွေးဖွားလာပြီးနောက် ဒီအချက်က ထူးခြားသည်ဟု ခံစားခဲ့ရသည်။ သူက ပြန်လည်မွေးဖွားလာပေမယ့် တချို့အချက်က သူ့ကို ထိခိုက်စေတယ်လို့ ခံစားရပေမယ့် အဓိက ဇာတ်ကြောင်းက မပြောင်းလဲဘူးဟု ယုံကြည်သည်။
 

သူက ကျိုးကျီကို ညွှန်ပြကာ ပြောလိုက်သည်။


  "သူက ခင်ဗျား နဲ့ ရုပ်ချင်း တူတယ်"


ရှီလီ ပြောသောစကားသည်အမှန်တရားဖြစ်ပြီး ကျိုးကျီ သည် ရှန်းထျန်းနှင့် ရုပ်ချင်း တကယ်တူသည်။ ဤအရာကြောင့် သူက ဒီအချက်ကို ဘယ်တော့မှ သံသယမ ၀ င် ခဲ့ပေ။


ရှန်းထျန်းလည်း ဒါကို သတိထားမိကာ သူ့မျက်နှာက ရုပ်ဆိုးလာခဲ့သည်။ သူ့သားက တကယ့်ကို တုံးတုံးအအ နဲ့ ကြီးပြင်းလာခဲ့တာလား။ သူက အခုထိ သားရဲပုံစံတောင် မနိုးထခဲ့သေးဘူးလေ။
 

ရှန်းထျန်းက သူ့သားဆိုသူနှင့် ဘေးက မိတ်ဖက် ကောင်လေးကို တချက်ကြည့်ကာ မျက်နှာလွဲလိုက်သည်။ သူ့မှာ ဒီလို ငတုံး သားတစ်ယောက်မွေးလာတာ သူ့ကို မျက်နှာပျက်အောင် လုပ်တာနဲ့ အတူတူပဲဖြစ်သည်။


ဒီက လူတွေက ရှီလီလို မရက်စက်ကြောင်း ရှန်းထျန်းက သတိထားလိုက်မိသည်။ အခြားလူအားလုံးက သူတို့တောင် မသိသည့် လျှို့ဝှက်ချက်ကို ဒီခြင်္သေ့က ဘာကြောင့် သိနေသလဲဆိုတာ အံ့သြနေသည်။
 


    အခြား သားရဲဘုရင်များက သားရဲနတ်ဘုရားအသီးနေရာကိုများ သိလို့ လာယူသွားခဲ့တာများလား။
     

ရှန်းထျန်းက ကျိုးကျီကို အာရုံစိုက်ရန် အလွန်ပျင်းရိသဖြင့် သူက ရှီလီကို ဖမ်းပြီး ထွက်သွားခဲ့သည်။


   မျိုးနွယ်စုထဲက လူတွေ: "... "

ဘာဖြစ်နေတာလဲ။ ကျိုးကျီက ဒီပုဂ္ဂိုလ်၏သား မဟုတ်လို့လား။ ဒါပေမယ့် သူတို့ နှစ်ယောက်က ရုပ်ချင်း တော်တော်တူပုံရတယ် ...


  သူက ရှီလီကို ဘာလို့ခေါ်သွားတာလဲ။


************-***********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now