Chapter (29)_ Mammoth- ရေခဲခေတ် အမွှေးရှည်ဆင်ကြီး 🐘

9.1K 1.6K 97
                                    

ဇော်ဂျီသမားများ အောက်ကို ဆွဲချပေးပါ။


Stone Age Husband Raising Journal _ Chapter (29)_  Mammoth- ရေခဲခေတ် အမွှေးရှည်ဆင်ကြီး 🐘


(Mammoth ဆိုသည်မှာ မျိုးသုဉ်းပျောက်ကွယ် သွားသည့် ဆင်မျိုးစိတ်တမျိုဖြစ်သည့် Mammuthus ဆင်အဆက်နွယ် ဖြစ်သည်။ ထိုမျိုးစိတ်ဝင်ဆင်များသည် အများအားဖြင့် မြောက်ပိုင်း ရေခဲပြင်ဒေသတွင် နေထိုင်ကြကာ ရှည်လျား  ကွေးကောက်နေသောအစွယ်ရှည်ကြီးများ နှင့် ထူထဲရှည်လျားသည့် အမွေးရှည်များရှိကြသည်။)

 
ကျိုးကျီသည် သူ၏ လက်ရှိခန္ဓာကို  စစ်ဆေးကြည့် လိုက်သည်။ အစကတော့ သူက  ဆင်တစ်ကောင် ဖြစ်နေတာပဲလို့ ထင်ခဲ့ပေမယ့် တကယ်ကြီးကို အမွှေးရှည်ဆင်အဖြစ် ပြောင်းနေသွားတာကို သိရှိလိုက်ရသည်။

 
 ကမ္ဘာပျက်ကပ် မတိုင်ခင်က ဆင်မျိုးစိတ် အမျိုးမျိုးထဲမှာ  အာဖရိကဆင်တွေက အကြီးဆုံး ဖြစ်ကာ အရွယ်ရောက်  ဆင်ထီးများ၏အလေးချိန်က ဆယ်တန်အထက်ရှိသည်။ ဒါပေမယ့် သူ့ကိုယ်က ထိုအာဖရိက ဆင်တွေထက် ပိုကြီးနေသလို ခံစားလိုက်ရသည်။ ပြီးတော့ အာဖရိကဆင်များသည် သူ့လောက် အစွယ်ရှည်ပုံ မရပေ။


ကျိုးကျီသည်  အရှေ့ကို ငေါထွက်နေသည့် သူ့အစွယ်ရှည်များကို သေချာ လေ့လာပြီး ဘေးမှာရှိတဲ့ သစ်ပင်ပင်စည်များနှင့် ယှဉ်ကြည့်လိုက် သည်။ သူ့ အစွယ်များက သုံးမီတာ၊ လေးမီတာခန့် ရှည်လောက်သည်ကို သိလိုက်ရသည်။
 အစွယ်များက မြင်ရုံနဲ့အထင်ကြီးစရာပဲ။  ရှည်လျားသော အစွယ်များသာမက ကြီးမားသော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ လက်ရှိပုံစံအရ သူ့အရပ်က လေးမီတာခန့် မြင့်မည့်ပုံပေါ်ကာ အလေးချိန်က အတိအကျ မသိပေမယ့်   အာဖရိကဆင်ထက် လေးမှာ သေချာသည်။ ပြီးတော့  အာဖရိကဆင်များမှာ  အမွှေးမရှိပဲ သူ့ဆီမှာ  ရှည်လျားပြီး  ဖွာနေတဲ့  အမွှေးတွေ ရှိနေသည်။


ကျိုးကျီမှာ ကမ္ဘာမြေပြင်ပေါ်တွင် မျိုးတုံးပျောက်ကွယ်သွားခဲ့တာ ကြာလှခဲ့ပြီဖြစ်တဲ့ ရေခဲခေတ်က  အမွှေးရှည်ဆင်များကို သတိရလိုက်သည်။


အမွှေးရှည်ဆင်များသည် ကမ္ဘာပေါ်တွင် အရွယ်အစား အကြီးမားဆုံး  နို့တိုက်သတ္တဝါဖြစ်သည်။
အစက ရှုန်းယယ်၏ ဝက်ဝံပုံစံကို  ကြီးလှပြီ ထင်ခဲ့ပေမယ့် ယခုတော့ သူ့ကိုယ်တိုင်က ရှုန်းယယ်ထက် အစပေါင်းများစွာ ပိုကြီးနေခဲ့လေပြီ။

 
မျိုးနွယ်စုဝင်တွေက ရှုန်းယယ်ရဲ့အလေးချိန်ကို နောင်မှာ   တစ်တန်ခန့် လေးမည်ဟု ခန့်မှန်းထားကြပေမယ့် အခု သူ့ရဲ့ လက်ရှိသားရဲပုံစံက ဆယ်တန်ခန့်လေးနေပြီ။


ကျိုးကျီ : "....."

သူ့သားရဲပုံစံက ကြီးမယ်ဆိုတာ သိပေမယ့် ဒီလို အမွှေးရှည်ဆင်ပုံပြောင်းနိုင်မယ်လို့ ကျိုးကျီ လုံးဝ မခန်းမှန်းထားမိပေ။ ဒီပုံစံက မူလခန္ဓာကိုယ် ပိုင်ရှင် နိုးထလာမည့် ပုံစံဖြစ်ကာ သူနှင့် မဆိုင်ပေ။ ကျိုးကျီသည် မူလခန္ဓာကိုယ်ပိုင်ရှင်က ဉာဏ်ရည်နည်းသဖြင့် နိုးထလာသည့်  တိရိစ္ဆာန်မှာ  အားနည်းသော အရွက်စား သတ္တဝါသာ ဖြစ်မည်ဟု ခန့်မှန်းထားပေမယ့် လက်တွေ့တွင် အရွက်စားပေမယ့် လုံးဝ အားမနည်းသည့် ပုံဖြစ်နေသည်။
 
ခြင်္သေ့ထီးဖြစ်သော ရှီလီကို သူ့ခြေထောက် တစ်ချောင်းတည်းနှင့် နင်းခြေ သတ်ပစ်နိုင်အောင် ခွန်အားကြီးလို့နေသည်။

 
ကျိုးကျီသည် ခြေလှမ်းအနည်းငယ် လျှောက်ကြည့် ကာ နှာမောင်းကိုလည်း အသုံးချကြည့်သည်။ ပြီးတော့ သူ့သားရဲပုံစံက မနိုးထသလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ တကယ်လို့ သူက ခွန်အားကြီးတဲ့သားရဲပုံနဲ့ နိုးထတယ်ဆိုတာ အားလုံးသိသွားရင် သူ့ကို အမြဲတမ်း အမဲလိုက်ဖို့ ခေါ်သွားကြလိမ့်မည်။ သူက သားကောင်ကို လိုက်လံသတ်ဖြတ်ဖို့ စိတ်ကူးမရှိပေ။

ကမ္ဘာပျက်ကပ်တွင်   အရမ်းသတ်ဖြတ်ခဲ့ရလို့  စိတ်ဒဏ်ရာဖြစ်နေပြီလား မသိတော့ပေ။ ဒီမှာ လာမှကို သတ်ချင်စိတ်မရှိပေ။ ဒါကြောင့် သူ့သားရဲပုံကို လျှို့ဝှက်ဖို့ ဆုံးဖြတ်လိုက်သည်။

  ဆင်ပုံစံနှင့် လှုပ်ရှားသွားလာခြင်းကို ကျင့်သားရ အောင် လုပ်ပြီးနောက်  ကျိုးကျီ လူပုံစံ ပြန်ပြောင်း လိုက်သည်။ သူ အချိန်ယူ ချုပ်ခဲ့သည့်
 အင်္ကျီနှင့် ဘောင်းဘီတို့က ကွဲထွက်သွားလို့ ပြန်ပြင်ရန် လုပ်ရသည်။ ကျိုးကျီသည် အိတ်ထဲမှ မျိုးစေ့တစ်စေ့ကို ထုတ်ကာ အညှောင့်ထွက်စေပြီး  နွယ်ပင်အဖြစ် ပြောင်းလဲကာ အဝတ်များကို ပြန်ချုပ်ရန်စေခိုင်းပြီး ထိုင်ကြည့်နေသည်။

 အဝတ်အားလုံးချုပ်ပြီးတော့ ပြန်ဝတ်လိုက်ကာ
 မြေပြင်တွင် ကျန်ရစ်နေခဲ့သော သူ့ရဲ့ ဆင်ခြေရာကြီး ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
သူ့ရဲ့သားရဲပုံစံက  ချစ်ဖို့ကောင်းရင် ရှုန်းယယ်နှင့် အတူ တောထဲလိုက် အမြဲလိုက်သွားမည် ဟု တွေးထားခဲ့ပေမယ့် အခု သူ့သားရဲပုံစံက ချစ်စရာဆိုတဲ့ စကားနဲ့ နည်းနည်းလေးမှ မနီးစပ်ပေ။

သူနဲ့စာရင် ရှုန်းယယ်ရဲ့ဝက်ဝံညိုပုံလေးက ပိုချစ်စရာကောင်းနေသေးသည်။ ဒါကြောင့် ကျိုးကျီလည်း သူ့သားရဲပုံ လုံးဝ မနိုးထသလို ဟန်ဆောင်ရတော့မည်။

 
အပြန်လမ်းတွင် စွမ်းအင်ကြွယ်ဝသည့် အပင်များကို တွေ့လို့ ခူးယူခဲ့ပေမယ့် သူ ရှာနေသည့် သတို့သမီးဘက်က ပေးအပ်မည့် တန်ဖိုးရှိသည့် လက်ထပ်လက်ဆောင်ကို  မတွေ့သေးပေ။ နောက်ကျနေလို့ သူပြန်မှဖြစ်တော့မည်။.

 
ကျိုးကျီသည် ခပ်သုတ်သုတ်ပြန်ခဲ့စဉ်  စုဆောင်းရေး အဖွဲ့ပင် တောင်ချိုင့်ဝှမ်းဆီကို  ပြန်မရောက်သေးလို့ စိတ်သက်ရာ ရသွားသည်။ ရှုန်းယယ်က သူ့ကို အဝေးကြီးလျှောက်မသွားဖို့ မှာခဲ့သည်။ အခုလို အရမ်းဝေးသည့်နေရာကို သွားတာ သိရင်  ရှုန်းယယ် ကို  ရှင်းပြရခက်နေဦးမည်ကို တွေးမိကာ ကျိုးကျီ ရယ်လိုက်မိသည်။

 
အခြားလူတစ်ယောက်က သူ့အပေါ် ထင်မြင်ချက်ကို အလေးထားရမည့် နေ့ရောက်လာမည်ဟု သူ မထင်ထားခဲ့မိပေ။ သူ့အပေါ် မည်သို့တွေးမည်ကို ဂရုစိုက်ရသည့်နေ့ ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။


ကျိုးကျီသည် အပင်အချို့နှင့် တောင်ချိုင့်ဝှမ်းထဲ ပြန်လာချိန်တွင် ရှုန်းချီနှင့် ကလေးများ၊ အသက်ကြီး သည့်  အဘိုးအဘွားများက မြက်ခင်းပြင် မှာ လှဲကာ နေပူဆာလှုံရင်း စကား ပြောနေကြသည်။


အသက်ကြီးသူများက ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံကို လူငယ်များ၊ ကလေးများကို ပြန်လည်မျှဝေပေးနေကြသည်။

  "ရှုန်းယယ် မင်းတို့ကို ဂရုစိုက်တယ်ဆိုတာ မင်းတို့အပေါ်ကို ကြင်နာပေးနေတာပဲ။ ဒီကြင်နာမှုကို စိတ်ထဲ အမြဲမှတ်ထားပြီး တချိန်မှာ ပြန်လည် ပေးဆပ်ရမယ်နော်..ဒါကို မမေ့ကြနဲ့.....  "

ရှုန်းယယ်က  သဘောကောင်းပေမယ့် ကျေးဇူးကန်း သူများကို  ဆက်လက် ကြည့်ရှုစောင့်ရှောက်ပေးမည် မဟုတ်ပေ။ပြီးတော့ ကလေးတွေက ရှုန်းယယ်၏ ကြင်နာမှုအပေါ် အမြတ် မထုတ်သင့်ပေ။


ကလေးများက အဖိုးအဖွားတွေပြေသည်ကို လေးနက်စွာ နားထောင်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့မိဘတွေက သူတို့ကို ဂရုမစိုက်ပေမယ့်  ရှုန်းယယ်က သူတို့ကို ဂရုစိုက်ကာ ကူညီပေးခဲ့သည်။ ဒါကို သူတို့ ဦးနှောက်လေးက သိရှိကာ အရမ်းကို ကျေးဇူးတင်နေမိကြသည်။

  "မင်းတို့တွေ သူ့ဆီက လေ့လာသင်ယူပြီး နောက်မှာ ရှုန်းယယ်လိုဖြစ်အောင် ကြိုးစားကြရမယ်......"


 ကလေးတွေက စိတ်ပါလက်ပါ ခေါင်းငြိမ့်လိုက် ကြသည်။ အခုလို ကြုံသည့် လူကြီးတွေက ကလေးတွေကို သင်ကြားပေးတယ်ဆိုတာ မရှားလှပေ။ ဒါကြောင့် တခြားလူတွေက ဘာမှ ဝင်မပြောကြပေ။ ဒီနေ့တော့ ရှုန်းချီက မထင်မှတ်ပဲ ဝင်ပြောခဲ့သည်။

"ရှုန်းယယ်က တကယ့်ကို ကောင်းတဲ့လူ တစ်ယောက် ပဲ။ သူက အရမ်းကို သန်မာတယ်။ သူက ကလေးဘဝကတည်းက သူများကလေးတွေလို ကစားနေတာ၊ နေပူထဲ လှဲလျောင်းနေတာ မလုပ်ပဲ အမြဲ သူ့စွမ်းရည်ကို ထက်မြက်အောင် လေ့ကျင့် နေတတ်တယ်။ ရှုန်းယယ်က ခွန်အားလည်းကြီးသလို မကြာခင် မျိုးနွယ်စုထဲမှာ ခွန်အားအကြီးဆုံးလူ ဖြစ်လာ တော့မယ်။ သူက ဘုန်းတော်ကြီးဆီမှာ သင်ထားလို့ ဆေးပညာလည်း တော်တယ်။   "



ရှုန်းချီမှာ ရှုန်းယယ်ကို ချီးကျူးလို့ မဆုံးတော့ပေ။   ရှုန်းယယ်က သူ့ကိုကယ်တင်ပေးထားတဲ့ ကျေးဇူးရှင်ဖြစ်လို့ အခုပြောတာက မြှောက်ပင့်ပြော တာ မဟုတ်ပဲ တကယ့်အရည်ချင်းကို ပြောပြနေ တာဖြစ်သည်။ တကယ်ဆိုရင် ရှုန်းယယ်ရဲ့ ဆေးကုသမှု အစွမ်းက ဘုန်းတော်ကြီးထက်ပင် ကောင်းသေးသည်။ ဘုန်းတော်ကြီး စိတ်ဆိုးမှာ ကြောက်လို့ ဒါကို ဖွင့်မပြောတာ ဖြစ်သည်။

 
ရှုန်းချီသည် ရှုန်းယယ်အကြောင်း အတော်များများ  သိထားသည်။  ရှုန်းယယ် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်သား ကလေးအရွယ်တုန်းက အမဲလိုက်အဖွဲ့နှင့် ခိုးလိုက်လာခဲ့ဖူးတာကို သူ သိထားသည်။ ထိုစဉ်က ရှုန်းယယ်မှာ လျှောက်ဆော့ချင်လို့ဟု ထင်ခဲ့ပေမယ့် တကယ်တော့ ရှုန်းယယ်က အရွယ်မရောက်ခင်ကတည်းက အမဲလိုက် လေ့ကျင့်နေခြင်းဖြစ်သည်။

 ရှုန်းယယ်က တကယ်ကို လေးစားစရာကောင်း လွန်းလှသည်။ ရှုန်းချီ၏ အားပါးတရ ဝင်ရောက် ပြောဆို ပေးမှုကြောင့် ကလေးတွေကို ဆုံးမစကား ပြောရင်း ရှုန်းယယ်ကို နမူနာယူရန်ပြောနေသည့် အဖိုးက အံ့အားတကြီးနှင့် ရှုန်းချီကို ငေးကြည့်နေမိသည်။

  "......"


ကျိုးကျီသည် ထိုလူတွေက ရှုန်းယယ်ကို ချီးမွမ်း စကားပြောနေတာကို နားထောင်ပြီး ကျေနပ်နေ မိသည်။ သူ၏ ဝက်ဝံလေးက တကယ့်ကို   အကောင်းဆုံး ဖြစ်တယ်။


ရှုန်းယယ်က မျိုးနွယ်စုထဲမှာ သူ့ကိုချီးကျူးနေသူ ရှိတယ်ဆိုတာ မသိပေ။ အခု အမဲလိုက်သည့်ပွဲမှာ သူက (ankylosaurus) အန်ကလိုဆောရပ်စ် ဒိုင်နိုဆောတစ်ကောင်ကို မိခဲ့လို့ သူ့ဖာသာ ဂုဏ်ယူနေမိသည်။ ankylosaurus ဒိုင်နိုဆောက ကိုယ်ထည်ပုတိုကာ ကျောပေါ်တွင် သံချပ်ကာကဲ့သို့ အကာကွယ်တွေရှိတဲ့အပြင် ကျောရိုးတလျှောက်   ဆူးလို ချွန်ထွက်နေသော အရိုးများ ရှိသည်။ ဒီ ဒိုင်နိုဆောက ဖမ်းရခက်ပေမယ့် သူ တစ်ကောင် ဖမ်းမိခဲ့သည်။

ဒီ ankylosaurus ဒိုင်နိုဆောက အိုနေပြီဆိုပေမယ့်
 ဒါက အောင်ပွဲခံရမည့် အဖြစ်ပျက်ဖြစ်သည်။ ankylosaurus ဒိုင်နိုဆောက  လေးမီတာကျော် ရှည်ကာ အရိုးများပေါ်တွင် အသား တန်ချီရှိနေသည်။ အသားချည်း ကီလို 1000 လောက်ရှိနိုင်သည်။ ဒီကောင်ကြီးရဲ့ အရိုးများကိုလည်း လက်နက်များ လုပ်ရာတွင်သုံးနိုင်သလို၊  ဆားနှင့်လဲလှယ်လို့ လည်းရသည်။

 
ရှုန်းယယ်၏ အမဲလိုက်အဖွဲ့က ဒီလောက်ကြီးမားသည့် ဒိုင်နိုဆောကြီးကို  အပိုင်းများအဖြစ် ဖျက်တောက်ပြီး တယောက်တပိုင်းစီသယ်လာကြသည်။

 ရှုန်းယယ်က ဒိုင်နိုဆော၏ ကျောဘက် သံချပ်ကာလို့ အလွှာကို သယ်ရန် ဝက်ဝံပုံစံပြောင်းခဲ့သည်။ သူ့အမွှေးတွေကို အကျိအချွဲများ ကပ်ကာ မသက်မသာဖြစ်ပေမယ့် သူက ပြုံးပျော်လို့နေသည်။

 
ရှုန်းယယ်နှင့်အတူ တွဲပြီးတဖွဲ့တည်း အမဲလိုက် ခဲ့ကြသူများလည်း ဂုဏ်ယူဝင့်ကြွားနေ ကြသည်။ လန်ယင်လည်း ရှုန်းယယ်၏ အစွမ်းစကို လေးစားလာမိသည်။
 
လန်ယင်က ရှုန်းယယ်ကို ကြည့်ပြီး အဖွဲ့ထဲက သူမရဲ့ကလေးတွေအဖေ ဖြစ်နိုင်မည့်သူကို တိတ်တဆိတ်ရှာကြည့်နေသည်။ တကယ်တော်သည့် အဖေ တစ်ယောက်ရဖို့ မလွယ်ပါလား။

 
ရှုန်းယယ်သည် သားကောင်ကြီးကို ရရှိလာပြီးနောက် မျိုးနွယ်စုဆီ တန်းပြန်လာခဲ့သည်။
တောင်ချိုင့်ဝှမ်းထဲ ရောက်တာနဲ့ ကျိုးကျီက သူ့ကိုစောင့်ကြိုနေသလို မတ်တပ်ရပ်နေသည်ကို တန်းမြင်လိုက်သည်။

 
ရှုန်းယယ်သည် ကျိုးကျီဆီကို  ပျော်ရွှင်စွာ ပြေးလာပြီး ကျောပေါ်တွင် ထမ်းလာခဲ့သည့် ankylosaurus အရေခွံကို ပြလိုက်သည်။

 
ကျိုးကျီ : "......"

 သွေးညှီနံ့ ကအရမ်းဆိုးဝါးပေမယ့်   ရှုန်းယယ်က ကျောပေါ်တောင် ထမ်းပြီး ပြန်လာခဲ့သေးသည်။ အခု ရှုန်းယယ်၏ဝက်ဝံအမွှေးများပေါ်တွင် သွေးများ စွန်းပေလို့နေသည်။


ဒါပေမယ့် ရှုန်းယယ်က သူ့ကိုယ်က သွေးတွေ ကျိုးကျီကို ပေကုန်မည်စိုးလို့ အနားသိပ်မကပ်ပေ။


ကျိုးကျီ  သက်ပြင်းချကာ ပြောလိုက်သည်။

 "မင်း အရင်ဆုံး ရေသွားချိုးလိုက်ပါဦး"


ရှုန်းယယ်သည်  အသံတိုးတိုးဖြင့် ပြန်ထူးကာ သူသယ်လာသည့် ဒိုင်နိုဆောအရေခွံကို ချကာ ရေချိုးရန် ချက်ချင်းထွက်သွားခဲ့သည်။ ကျိုးကျီက ရှုန်းယယ်ကို ရေကူချိုးပေးရန် နောက်က လိုက်လာ ခဲ့သည်။  ရှုန်းယယ် တစ်ကိုယ်လုံးရှိ အမွှေးများတွင် ကပ်နေသည့် သွေးစတွေကို သေချာဆေးကြောဖို့ လိုသည် ဟု တွေးလိုက်သည်။

 
ဒါပေမယ့် အခုထိတော့ ဆပ်ပြာအဖြစ်  သုံးလို့ ရနိုင်မည့် အပင်များကို ရှာမတွေ့သေးပေ။ ရှုန်းယယ်ကို သွေးစတွေ ပြောင်အောင် ဘယ်လို ဆေးကြောပေးရမလဲ... ပြာကိုသုံးပြီး သန့်စင်ပေးရမလားဟု တွေးကာ ခေါင်းခြောက်နေမိသည်။

 
 ထိုအချိန် ဝက်ဝံညိုကြီးသည် မျိုးနွယ်စု ပိုင်နက်နားကပ်လျက် စမ်းချောင်းလေးထဲကို ခုန်ချလိုက်လို့ ရေတွေစင်ကုန်တော့သည်။ ရေထဲ ရောက်သွားတာနဲ့ ကြည်လင်နေသည့်ရေပြင်က သွေးရောင်ရဲသွားတော့သည်။
 
တိတ်ဆိတ်နေသည့် နေရာက ရေသံတွေ ဆူညံနေပြီး ရေထဲက ငါးတွေ ထွက်ပြေးကုန်လောက်သည်ဟု ကျိုးကျီက တွေးနေပေမယ့် မထင်မှတ်ပဲ သွားချွန်ချွန်နှင့် ငါးတွေက ရှုန်းယယ်ဆီ အုပ်လိုက်လာသည်ကို တွေ့လိုက်ရသည်။


 
 ရှုန်းယယ်သည် ထိုငါးများကို ဖြတ်လက်စွာဖြင့် ပါးစပ်ဖြင့် ကိုက်ဖမ်းကာ ကမ်းပေါ် ပစ်တင်လိုက် သည်။  ရှုန်းယယ်၏ကိုယ်က ကပ်ညှိနေသည့် သွေးစတွေက ငါးတွေကို ဆွဲဆောင်နေသလိုပင်။

 ရှုန်းယယ်ကို ကိုက်စားရန်လာသမျှ ငါးတိုင်း ရှုန်းယယ်လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။

 
 သူ့ ဝက်ဝံလေးက တကယ်အံ့သြဖို့ကောင်းလှသည်။

 
ကျိုးကျီသည် ကမ်းပါးဘေးတွင် ထိုင်ကာ ရှုန်းယယ်  ငါးဖမ်းနေသည်ကို ကြည့်နေရင်းမေးလိုက်သည်။

 "ရှုန်းယယ် မင်းအမွှေးတွေမှာ သွေးတွေနဲ့ အသားစတွေချည်းပဲ။ အဲ့ဒါကို ပြန်ဆေးကြောရတာ မခက်ဘူးလား  "

ဝက်ဝံညိုလေးက လူပုံပြန်ပြောင်းကာ ကျိုးကျီကို ဖြေလိုက်သည်။

 "ဟင့်အင်း....  လူပုံစံပြောင်းလိုက်တာနဲ့ အမွှေးတွေမှာ ကပ်နေသမျှ သွေးအားလုံး ရေထဲ မျှောကုန်တယ်လေ   "

ကျိုးကျီ : "......"

သူ ထိုနည်းကို လုံးဝမေ့နေခဲ့တာပဲ...

အခု ရှုန်းယယ်က သူ့ရေ့မှာ သဘာဝ ဝတ်စုံနဲ့ ကိုယ်တုံးလုံးလေး ဖြစ်နေပြန်ပြီ။

 
လူပုံစံပြောင်းလိုက်ပြီး  ခန္ဓာကိုယ်မှာ ကပ်နေတဲ့ သွေးတွေကို ဆေးရတာ လွယ်ပေမယ့် ဆံပင်မှာ ကပ်နေတဲ့ သွေးတွေကို လျှော်ရတာ လက်ဝင်လှသည်။
ရှုန်းယယ်သည် စမ်းချောင်းဘေးတွင် ထိုင်ချကာ သူ့ ဆံပင်တွေကို စိတ်မရှည် လက်မရှည်နှင့် ကုတ်နေမိသည်။ သူ မြန်မြန်ပြီးလို့မြန်မြန်ပြန်ချင် လှပြီ။ ဒါပေမယ့် ခေါင်းက ပြောင်အောင် လျှော်ဖို့က ခက်နေသည်။ ထိုစဉ် ကျိုးကျီက သူ့ကိုပြောခဲ့သည်။

 
"ငါ မင်းကို ခေါင်းလျှော်ပေးမယ်"

"ရေထဲမှာ မြွေနဲ့ အခြား အကောင်တွေရှိတယ်။ မင်း ရေထဲ မဆင်းတာ ပိုကောင်းမယ်  "

ရှုန်းယယ်က စိတ်ပူစွာပြောလိုက်တော့ ကျိုးကျီက ရယ်မောလိုက်သည်။

  "မင်း အဲ့ကောင်တွေကို စောင့်ကြည့်ပေးရင် ရပါတယ်   "

ဒါကြောင့် ကျိုးကျီသည် စမ်းချောင်းအစပ်နားက  ရေတိမ်တိမ်မှာ မတ်တပ်ရပ်ကာ ရှုန်းယယ်၏ ဆံပင်တွေကို လက်နှင့် ကုတ်ကာ သေချာလျှော်ပေးနေသည်။

 ရှုန်းယယ်ကတော့  ရေထဲကနေ အသားစား ငါးများ၊မြွေများ ရောက်လာပြီး ကျိုးကျီကို ကိုက်လိုက်မည်စိုးလို့ သူက မျက်တောင်မခတ်ပဲ ရေပြင်ကို စိုက်ကြည့်နေသည်။ ဒါပေမယ့် ဘာကောင်မှ အနားကို ကပ်မလာခဲ့ပေ။ သူ့ခြေထောက်ကို လာတွတ်သည့် ငါးသေးသေးလေးတွေသာရှိသည်။


 ကျိုးကျီက သူ့ခေါင်းကို ဖြည်းဖြည်းနှင့်သေချာစွာ ပွတ်သပ်ကာ လျှော်ပေးနေသဖြင့် နေရတာ အရမ်းသက်တောင့်သက်သာရှိသည်ဟု ခံစားလိုက်ရသည်။ ဒါကြောင့် ရှုန်းယယ်က မြန်မြန် မပြန်ချင်တော့ပေ။  ကျိုးကျီက သူ့ ဆံပင်ကို အချိန်ကြာကြာလေး လျှော်ပေးဖို့ တိတ်တခိုးလေး မျှော်လင့်နေမိသည်။

  "ငါ့ ဆံပင်ကို အခြားလူက ကူလျှော်ပေးတာ ဒါ ပထမဆုံးပဲ"

" နောက်ဆို ငါ မင်းကို အမြဲတမ်း ကူ လျှော်ပေးမယ်လေ"

ကျိုးကျီက  ပြုံးရင်းပြောလိုက်သည်။ ဒီကမ္ဘာတွင် သူ့မှာ လုပ်စရာဆိုလို့ စားဖို့အိပ်ဖို့အပြင် ဒီဝက်ဝံလေးကို ပြုစုပျိုးထောင်ပေးဖို့ပဲ ရှိသည်။

 
"ကောင်းပြီ"

 ရှုန်းယယ်က ဝမ်းသာအားရ လက်ခံလိုက်သည်။ သူ ပျော်လွန်းလို့ အခုချက်ချင်း ရေငုပ်ပြီး ကျိုးကျီစားဖို့ ငါးအများကြီးဖမ်းပေးချင်စိတ်ပေါက်လာမိတော့သည်။

(အချစ်၏စွမ်းအား... ဝက်ဝံလေး အရမ်းတက်ကြွသွားပြီ... )

🐘 🐘 🐘 🐘 🐘 🐘 🐘 🐘

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now