Stone-age Husband Raising Journal _ Chapter (23) - မိတ်ဖက်ခွင့်တောင်းခံခြင်း💍👬
ဖားပြုတ်ကြီးသည် အရမ်း ကြီးမားပြီး ဖား၏နောက်ခြေထောက် နှစ်ချောင်းပင်လျှင် ကလေးလက်မောင်း အရွယ်အစားလောက်ရှိကြသည်။ ကျိုးကျီသည် ခွေးလောက်ကြီသည့် ဖားကြီးကို အံ့သြတကြီးဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဒါကို ဖားနတ်ဆိုးလို့ ခေါ်တာလား"
"ဟုတ်တယ်။ စားရတာ အရမ်းအရသာရှိတယ် "
ဖားနတ်ဆိုးရဲ့အသားက တကယ် အရသာရှိလွန်း လှသဖြင့် ရှီလီက အရမ်းကြိုက်လို့ ယခင်ကဆိုရင် ရှုန်းယယ် ဖမ်းမိလာသည့် ဖားနတ်ဆိုးတိုင်းကို ရှီလီကိုပဲ ရှုန်းယယ်ပေးခဲ့တာချည်းဖြစ်သည်။
အခုတော့ သူ ရသမျှသားကောင်တိုင်းကို ကျိုးကျီကိုပဲ ပေးတော့မည်ဖြစ်သည်။ ကျိုးကျီက အမဲ မလိုက်နိုင်ပေမယ့် နေ့တိုင်း အပြင်ထွက်ကာ အပင်တွေသာ ခူးယူခဲ့သည်။ ဒါပေမယ့် ကျိုးကျီသည် သူ့ကို မေ့မထားပဲ အကောင်းဆုံး အစားအစာတွေသာ ပေးခဲ့အပ်ခဲ့လို့ သူရှာလို့ရသမျှ အကောင်းဆုံးဆို တာတွေက ကျိုးကျီပဲ ရထိုက်သည်။
"ဟုတ်လား"
ကျိုးကျီသည် ဖားနတ်ဆိုးကို ထပ်ကြည့်လိုက်သည်။ ဖားအသားက အရမ်းနူးညံ့တော့ ဒီဖားနတ်ဆိုး အသားလည်း နူးညံ့တာဖြစ်နိုင်သည်။
"ငါ ဖားကို ရေသွားဆေးလိုက်မယ်။ ပြီးရင် ငါတို့ ချက်စားကြတာပေါ့"
ရှုန်းယယ်က အရမ်းတက်ကြွ စွာပြောနေလို့ ကျိုးကျီ ခေါင်းညိတ်ပြလိုက်သည်။ ရှုန်းယယ်က အဆိပ်ကြောင့် မူးဝေနေသည့် ဖားကြီးကို သတ်ကာ အရေခွံဆုတ်ပြီး သေချာဆေးကြော လိုက်သည်။ သူက ကျိုးကျီစားဖို့အတွက် ပေးပေမယ့် ကျိုးကျီက သေချာပေါက် သူ့အတွက် ချန်ထားပေးဦးမှာ ဖြစ်သည်။
ကျိုးကျီလည်း ဒီနေ့ခူးဆွတ်လာသော အသီးအရွက်များကို လက်ကဆွဲကာ ဂူဆီ တက်ခဲ့သည်။ ထိုစဉ် ရှုန်းယယ်က သူ့ကို စိုးရိမ်ကာ လှမ်းအော်ပြောလိုက်သည်။
"ကျိုးကျီ အဲ့ဒီပစ္စည်းတွေ အောက်မှာပဲ ထားခဲ့လိုက်။ ပြီးရင် ငါ သယ်လာပေးခဲ့မယ်"
ကျိုးကျီ ရယ်ကာ ပစ္စည်းတွေကို ချထားခဲ့ပြီး အပေါ်ကို တက်လာခဲ့သည်။
ရှီလီသည် ရှုန်းယယ်နှင့် ကျိုးကျီတို့ကြားက အပေးအယူမျှကာ ရင်းနှီးသည့်ဆက်ဆံရေးကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်လာရသည်။
ရှုန်းယယ်က အမြဲတမ်း အားနည်းသူကို ကူညီဖေးမတတ်သူဖြစ်သည်။ ဒါပေမယ့် အရင်က ဒီလို ဆက်ဆံခံရတာ သူတစ်ယောက်တည်းဖြစ်သည်။ အခုတော့ ဘာမဟုတ်သည့် ခွန်အားနည်းသည့် ကျိုးကျီဆိုသည့်အကောင်က သူရခဲ့သည့် အရာအားလုံးကို လုယူသွားသလို ခံစားလိုက်ရပြီး ဒေါသထွက်လာသည်။
ကျိုးကျီက အစွမ်းအစ လုံးလုံးမရှိပါလျက် ရှုန်းယယ်က ဘာကြောင့် သူ့အပေါ်ကို ခုလိုကောင်းပေးနေရတာလဲ။
"ကျိုးကျီက ကံကောင်းလိုက်တာ"
"ရှုန်းယယ်နဲ့ အတူနေကတည်းက ပိုတောင် ဝလာပြီ "
"ကျိုးကျီက ချောတော့....ရှုန်းယယ်နဲ့ သူ နောက်ပိုင်း ညားသွားမလား မသိဘူး"
မျိုးနွယ်စုထဲမှ တချို့လူတွေက ရှုန်းယယ်နှင့် ကျိုးကျီကို စိတ်ဝင်တစားဖြင့် ကြည့်လာသည်။ ရှုှုန်းယယ်က ယောကျာ်းတွေကို သဘောကျသလို ကျိုးကျီက ခွန်အားနည်းပေမယ့် ရုပ်ချောသည်။ ပြီးတော့ ရှုန်းယယ်နှင့် အတူနေပြီးမှ ကျိုးကျီ ရုပ်အရမ်းချောကာ ဆွဲဆောင်မှုရှိသည်ကို သူတို့ သတိပြုမိလာတာ ဖြစ်သည်။
အားနည်းသော ယောက်ျားများသည် တွဲဖက် မိန်းကလေး ရှာမရတာများပေမယ့် ရုပ်ချောရင်တော့ အချို့မိန်းမတွေက ခွန်အားနည်းလည်း အတူနေဖို့ ရွေးတတ်ကြသည်။
"ကျိုးကျီ ကိုယ်ပေါ်မှာ ရှုန်းယယ်ရဲ့ အနံ့မရှိဘူး။ မင်းတို့ ထင်မြင်ရာ လျှောက်ပြောမနေကြနဲ့"
ရှီလီက နားထောင်နိုင်စွမ်းမရှိတော့သဖြင့် ဝင် ပြောလိုက်သည်။
"နျိုအာလည်း သူတို့နဲ့ အတူရှိနေခဲ့တာပဲ။ သူတို့က နောက်မှ အတူပေါင်းသင်းမှာ ဖြစ်နို်င်တယ်လေ... "
လူငယ်လေးတစ်ယောက်က ရယ်ရင်းပြောလိုက် သည်။ ထိုစကားကိုကြားတော့ ရှီလီ၏ ရင်ထဲတွင် ဒေါသများ ဆူဝေလာပြီး ဘာမှ မစဉ်းစားနိုင်တော့ပဲ ရှုန်းယယ်ဆီ အပြေးသွားလိုက်မိသည်။
ရှုန်းယယ်သည် ဖားနတ်ဆိုးကို အရေခွံချွတ်ကာ ခေါင်းနှင့် ခြေသည်းလက်သည်းချွန်များ ဖြတ်တောက်ကာ အထဲမှ ကလီစာများကို ဆွဲထုတ်ပြီး အနားတွင် စောင့်နေကြသော ကလေးများကို ပေးလိုက်ပြီး သေချာမှာလိုက်သေးသည်။
"ငါ အဆိပ်ပင်တွေ သုံးထားပြီး ဒီဖားနတ်ဆိုးကို သတ်ထားတာနော်။ မစားခင် သေချာကျက်အောင် ချက်ကြဦး"
"ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ကိုကြီးရှုန်းယယ်"
ကလေးများက ပျော်ရွှင်စွာဖြင့် ဖားကလီစာကို ချက်ပြုတ်ရန် ယူသွားကြသည်။ ရှုန်းယယ်လည်း ့လက်ထဲက ဖားနတ်ဆိုးကို သေချာပြောင်အောင် ဆေးကြောနေစဉ် အနားရောက်လာသည့် ရှီလီက စကားပြောခဲ့သည်။
"ရှုန်းယယ်.... မင်း ကျိုးကျီကို ဆက်ခေါ်ထားပြီး မင်းဂူထဲမှာ အတူနေခိုင်းဦးမှာလား"
"ဘာလဲ"
ရှုန်းယယ်က ရုတ်တရက် နားမလည်သဖြင့် အူကြောင်ကြောင်ဖြစ်သွားသည်။
"ကျိုးကျီက ဘာစွမ်းရည်မှ မရှိဘူး။ မင်းရှာသမျှ အသားတွေကိုချည်း ထိုင်စားနေတာလေ။ အဲ့ဒါ ဘာမှမဖြစ်ဘူးလား။ ဒါမှမဟုတ်..မင်းက ငါ့ကို ဒေါသထွက်အောင် တမင်လုပ်နေတာလား "
ရှုန်းယယ်က ကျိုးကျီရဲ့ မျက်နှာချောတာ တစ်ခုတည်း ကိုကြည့်ပြီး သဘောကျမည်ဟု ရှီလီမထင်ပေ။ သူ တမင်သက်သက် သဝန်တို လာအောင် လုပ်ပြနေသည်ဟု ရှီလီက ယူဆသည်။
ရှုန်းယယ် သူ့ကို ဘယ်လောက်ကြိုက်မှန်း သူ အသိဆုံးဖြစ်လို့ ယုံကြည်မှုပြင်းပြစွာဖြင့် မေးလိုက်တာဖြစ်သည်။
"ကျိုးကျီက မင်းကို ဘာလုပ်နေလို့လဲ"
ရှုန်းယယ်သည် ရှီလီ၏ မေးခွန်းကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ ကြည့်ရင်း ပြန်မေးလိုကသ်ည်။ ဘာကြောင့် သူက ရှီလီ သဝန်တိုအောင် လုပ်ရမှာလဲ။ အခု သူတို့ နှစ်ယောက်ကြား ဘာပတ်သတ်မှုမှ မရှိတော့ဘူး မဟုတ်လား။
ပြီးတော့ ကျိုးကျီက ဘာမှ မလုပ်တတ်တာ မဟုတ်ပေ။ သူက ခွန်အားနည်းပေမယ့် ရှီလီထက် ဗဟုသုတများကာ အစားလည်းနည်းသည်။
ရှုန်းယယ်သည် နေရင်းထိုင်ရင်း ဘဝင်မြင့်နေသည့် ရှီလီကို ဆက်ပြီး စကားမပြောချင်တော့လို့ ဆေးပြီးသားဖားကို ယူကာ ဂူဆီကို ထွက်လာခဲ့သည်။
နျိုအာက ဒီမနက် သူ့ ဂူဆီ ပြောင်းသွားပြီ ဖြစ်သည်။ ရှုန်းယယ်က သူ့ကိုကူကာ တွဲပို့ပေးရင်း အသား တစ်တုံး လည်း ပေးခဲ့သည်။ နျိုအာလည်း နောက်မှ ပြန်ဆပ်မည်ဟု ပြောကာ လက်ခံခဲ့သည်။
အခု သူတို့ဂူထဲတွင် သူနှင့်ကျိုးကျီပဲ ကျန်ခဲ့လို့ နေရတာပိုကောင်းသည်ဟု ရှုန်းယယ်ယူဆသည်။
ဂူသို့ အရင်ပြန်ရောက်နေသော ကျိုးကျီက မီးမွှေးပြီး ရေနွေးပင် ကျိုပြီးနေပြီ။ ရှုန်းယယ် ဂူထဲရောက် လာတော့ သူခူးလာသော အသီး အချို့ ကမ်းပေးလိုက်သည်။
"ချိုလိုက်တာ"
ဒီအသီးမျိုးက ရှုန်းယယ်ငယ်စဉ်က ဗိုက်ဆာတိုင်း ခူးစားခဲ့သည့် ခပ်ချဉ်ချဉ်အသီးဖြစ်သည်။ ချဉ်တာကို မကြိုက်ပေမယ့် ဗိုက်ပြည့်အောင် စားခဲ့ရဖူးသည်။ ဒါပေမယ့် အခု ကျိုးကျီခူးလာပေးသည့်အသီးတွေက အရမ်းချိုလွန်းလှသည်။ ကျိုးကျီက တမင် သူ့အတွက် ချိုသည့် အသီးတွေကို ရှာခူးပေးခဲ့ တာဖြစ်မည်ဟု တွေးကာ ရှုန်းယယ်၏ရင်ထဲ နွေးသွားခဲ့သည်။
ဒါကြောင့် ကျိုးကျီ ပေးလာသော အသီး အားလုံးကို ပါးစပ်ထဲအကုန် ပစ်ထည့်လိုက်သည်။ သူ ကြိုက်သော ချိုသည့်အရသာဖြစ်လို့ စားရင်း သဘောတွေကျနေသည်။ ရှုန်းယယ် အသီး စားနေစဉ် ကျိုးကျီက အရွက်အချို့ ထုတ်ကာ အိုးထဲ ထည့်ချက် လိုက်သည်။ ရှုန်းယယ်ရဲ့ ကျန်းမာရေး ပိုကောင်းစေဖို့ နေ့တိုင်း အသီးအရွက်များနဲ့အသားများကို တွဲစား ပေးသင့်သည်ဟု ကျိုးကျီ ယူဆသည်။
သူကိုယ်တိုင်လည်း ဒီဒေသထွက် အစားအစာများ စားပေးရမည်။ အခု စုဆောင်းရေးအဖွဲ့နှင့် အတူလိုက်ကာ ခူးဆွတ်ပေးနေရသည့် အပင်များ ရှိပေမယ့် စိုက်ပျိုးထားသော အပင် အများစုက ရိတ်သိမ်းရမည့် အချိန် မရောက် သေးပေ။ သူက ဒီမျိုးနွယ်စုကို တခုခုလုပ်ပေးချင်ပေမယ့် ဘာမှ လုပ်ပေးလို့မရ ဖြစ်နေသည်။
ရေနွေးဆူလာတော့ ကျိုးကျီသည် ဆေးကြော ထားသော ဖားနတ်ဆိုးအသားများကို ရေဆူနေသည့် အိုးထဲထည့်ကာ သန့်စင်ထားသည့် ဆားများကို ထုတ်ကာ ခပ်လိုက်သည်။
ဆားအသင်းက ယူလာသော ဆားကြမ်းများက မသန့်သည့်အပြင် အရသာကလည်း ခါးသက်နေသေးသည်။ ထိုဆားကြမ်းများကို ရေဖျော်ကာ အမှိုက်များကို ဖယ်ရှားပြီး မီးဖိုပေါ် ပြန်ချက်မှ အခု သူစားနေသည့် သန့်စင်သည့် ဆားကို ရခဲ့တာဖြစ်သည်။
"ငါတို့ ဆား လျှော့သုံးသင့်တယ်လို့ ထင်တယ်..."
ရှုန်းယယ်က ထိုစကားကိုပြောရင်း တန်းလန်း ရပ်လိုက်သည်။ တကယ်တော့ ကျိုးကျီသုံးနေသည့် ဆားတွေက သူ့အမေ ထားရစ်ခဲ့သည့် ဆားများသာဖြစ်သည်။
သူက ဘာကြောင့် 'ငါတို့' လို့ သုံးနှုန်း ပြောလိုက်မိတာပါလိမ့်...
"နောက်တော့ ဆားတွေ အများကြီး ထပ်ရလာမှာပါ"
ကျိုးကျီက အေးဆေးစွာ ပြောခဲ့သည်။ အခု မျိုးနွယ်စုထဲက ဆား လဲလှယ်ဖို့ သွားခဲ့လို့ နောင် သူတို့သွားလည်း အဆင်ပြေနိုင်သည်ဟု တွေးလိုက်သည်။
ဖားနတ်ဆိုးကို ချက်နေစဉ်တွင် ကျိုးကျီသည် ဆားကလွဲပြီး အခြားဟင်းခပ်အမွှေးအကြိုင်များကို လုံးဝ မထည့်ခဲ့ပေမယ့် ကျက်သွားချိန်တွင် ဖားနတ်ဆိုးအသားမှာ လတ်ဆတ်လွန်းလို့ အနံ့က မွှေးပျံ့လို့နေသည်။
ကျိုးကျီသည် သူ့အတွက် ဖားနတ်ဆိုး ခြေထောက်တစ်ချောင်း ယူကာ ကျန်အပိုင်းများကို အိုးထဲမှာ ရှုန်းယယ်အတွက် ချန်ထားပေးလိုက်သည်။ သူက ဖားအသားကို ကိုက်လိုက်သည်နှင့် တူကိုင် ကျွမ်းနေသော ရှုန်းယယ်က သူ့ ပန်းကန်လုံးထဲ ဖားခြေထောက် နောက်ထပ်တစ်ချောင်း ထည့်ပေးလာခဲ့သည်။
"မင်းက ပိန်တယ်။ အားရှိအောင် များများစားပေး"
ဖားနတ်ဆိုးတွင် နောက်ခြေထောက်က အသားအများဆုံးနှင့် အရသာ အရှိဆုံးဖြစ်သည်။ ထိုခြေနှစ်ချောင်းလုံးကို သူ့ပန်းကန်ထဲ ထည့်ပေးလိုက်တော့ ရှုန်းယယ်အတွက် ဘာမှ သိပ်မကျန်တော့ပေ။
ကျိုးကျီက ရှုန်းယယ်၏စေတနာကို အသိမှတ်ပြု စွာဖြင့် ခေါင်းငြိမ့်ကာ ငုံ့ကာ စားလိုက်သည်။
မူလက ရှုန်းယယ်က သူ ငတ်သေခါနီးတွင် ဒိုင်နိုဆော အသားပေးခဲ့ဖူးသည့် ကျေးဇူးကို ဆပ်ချင်လို့ ရှုန်းယယ် အသည်းကွဲနေချိန်မှာ ဒိုင်နိုဆော အသားကိုကင်ကာ ပို့ပေးခဲ့ခြင်းမှစပြီး ပြောဆိုဆက်ဆံခဲ့တာဖြစ်သည်။ အခုနောက်ပိုင်း ရှုန်းယယ်က သူ ဂူထဲကနေ နှင်ထုတ်ခံရစဉ် အတူခေါ်နေပေးသည့်အပြင် သူက ဒိုင်နိုဆော အသားမစားဘူးဆိုတော့ သူ စားတတ်သည့် ဖား၊ငါး၊ မြွေအသားများကို တကူးတက ရှာပေးခဲ့သည်။
ရှုန်းယယ်ရဲ့ ကျေးဇူးက သူ့အပေါ် ပိုများလာပြီ ထင်သည်။ ဒီကျးဇူးတရားတွေက ဆပ်လို့မကုန်နိုင် လောက်တော့ဟု ကျိုးကျီ အတွေးဝင်မိသည်။
ဒါလည်းမ ဆိုးလှပေ။ အရင်က ဤကမ္ဘာမြေသည် သူနှင့် မဆိုင်ဟု ကျိုးကျီ ခံစားခဲ့ရသည်။ ယခုတော့ အချို့သောအရာများကို သူ ခံစားတတ်လာပြီ။
ဖားနတ်ဆိုး၏ အရိုးများက သိပ်မမာပေ။ ရှုန်းယယ်က အသားရော အရိုးပါမချန် အကုန်ဝါးစား ပစ်လိုက် သည်။ သူ ဖားနတ်ဆိုး၏နောက်ခြေထောက်နှစ်ချောင်း ကလွဲပြီး ကျန်သည့် ဖားအသားများကို အကုန်စား ပစ်ခဲ့သော်ငြား ဗိုက်ပြည့် ရုံလေးသာ ရှိသေးသည်။ အသားတစ်တုံး ထပ်ကင်ဖို့ ပြင်လိုက်ချိန်တွင် ကျိုးကျီမှာ ဖားနတ်ဆိုးစွပ်ပြုတ်အရည်အိုးထဲ အရွက်တွေ အများကြီး ပစ်ထည့်လိုက်သည်ကို တွေ့လိုက်ရလို့ ရှုန်းယယ် သက်ပြင်းချလိုက်မိသည်။
သူတော့ ကံဆိုးတော့မည် ထင်သည်။ ထင်သည့်အတိုင်း အရွက်များ ကျက်သွားသောအခါ သူ့အရှေ့ အရွက်ပြုတ် ပန်းကန်လုံးတစ်လုံး ရောက်လာကာ ကျိုးကျီက ပြောခဲ့သည်။
"အရွက်တွေ စားပေးတာက ကျန်းမာရေးအတွက် ကောင်းတယ်"
ရှုန်းယယ်သည် အသားစားရုံနှင့် သူ့ကျန်းမာရေး ကောင်းနေပြီဟု တွေးသော်ငြား ကျိုးကျီ သူ့အတွက် တကူးတက ချက်ပေးသော အရွက်များကို မငြင်းရက်သဖြင့် ကြိတ်မှိတ်ကာ စားလိုက်သည်။
ရှုန်းယယ် အရွက်များ စားပြီးသွားနောက် ကျိုးကျီ အသားထပ်ချက်နေမှန်း တွေ့လိုက်ရသည်။
ဒီအသားက သေချာပေါက် သူ့အတွက် ဖြစ်မည် ကိုသိလို့ ရှုန်းယယ် ပျော်သွားခဲ့သည်။
ကျိုးကျီကတော့ ချက်နေရင်း ပေါ့ပါးကာ သုံးရ လွယ်သည့် ဒန်အိုးများကို လွမ်းလာမိသည်။ ကျောက်အိုးနှင့် ဟင်းချက်ရတာ အချိန်ကြာလွန်း လှသည်။ ကံကောင်းတာက သူ့မှာ ဘာမှ လုပ်စရာ မရှိတာပဲဖြစ်သည်။
ကျိုးကျီသည် ဂူနံရံကို မှီကာ သူ့ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို စုပ်ယူရင်းမှ ရှုန်းယယ်အတွက်ပါ ခွဲပို့ပေးလိုက်သည်။
"ကျိုးကျီ ဒီရက်ပိုင်း ငါ့ဝက်ဝံပုံစံက ပိုကြီးလာတယ် ။ နောက်နှစ်နည်းနည်းကြာရင် မျိုးနွယ်စုထဲမှာ ငါ့အရွယ်အစားက အကြီးဆုံး ဖြစ်လောက်ပြီကွ"
ရှုန်းယယ်က ဝမ်းသာအားရ ပြောခဲ့သည်။ သူ၏ ဝက်ဝံပုံစံသည် သူ့ဦးလေး ရှုန်းဟော်နှင့် ရှုန်းချီတို့နှင့် မယှဉ်နိုင်သေးပေမယ့် နောင်မှာ ပိုကြီးလာနိုင်သည်။
ကျိုးကျီက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ဒီဝက်ဝံညိုလေးကို သူ သေချာကျွေးမွေးနေတာ သေချာပေါက်က ကြီးထွားလာမည်ကို သူ သိနေသည်။ အသားကျက်သွားတော့ သူက ရှုန်းယယ်ကို မေးလိုက်သည်။
" နျိုအာကို အသားချက်တွေ ပို့ပေးချင်သေးလား"
"ပို့မယ်"
***-***
နောက်နေ့ က စုပေါင်းအမဲလိုက်သောနေ့ဖြစ်သည်။
ရှုန်းချီသည် ရှီလီနှင့် တိုက်ခိုက်ပြီးသည့်နောက် သူ့ ဒဏ်ရာအဟောင်းအပြင် ဒဏ်ရာအသစ်တွေကြောင့် သူ့အခြေနေ ပိုဆိုးဝါးလားခဲ့သည်။ သူက တညလုံး ဂူထဲအောင်းကာ နားနေပေမယ့် ဒဏ်ရာက ပိုဆိုး လာသဖြင့် မျက်နှာ ရှုံ့မဲ့ကာ ဂူထဲက ထွက်လာ ခဲ့သည်။ သူ့ ဒဏ်ရာ အခြေအနေပိုဆိုးသွား ခဲ့လို့ အမဲလိုက်ရာတွင် မပါနိုင်တော့ပေ။
ဒါက အမဲသမား၊ စစ်သည်တော်တစ်ယောက်အတွက် သတင်းဆိုးဖြစ်သော်ငြား ရှုန်းချီမှာ လက်မခံလို့ မရတော့ပေ။ သူ အမဲလိုက် မထွက်နိုင်သဖြင့် ရှုန်းဟော်က သူဦးစီးနေသည့် အသင်းကို ရှီလီ၏ ဦးဆောင်မှုအောက်ကို ပြန်လွှဲပေးလိုက်ရသည်။
ထိုအဖွဲ့မှ လူများသည် မငြင်းပယ်သည့်အပြင် ရှီလီက ခွန်အားကြီးသဖြင့် သူတို့ကို ဦးဆောင်ရန် အရည်အချင်း ပြည့်ဝသည်ဟု ယူဆကြသည်။
ရှုန်းယယ်က ရှီလီ၏ကိစ္စများထဲ ဝင်မပါပေ။ သို့သော် ဒီနေ့ အမဲလိုက်သည့်အခါ ခါတို်င်းထက် ပိုပြီးအာရုံစိုက်ကာ အကောင်းဆုံး ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ ရှီလီကို သူ အရှုံးမပေးချင်ပေ။
"ရှုန်းယယ် မင်းကတော့ ပိုပိုပြီး သန်မာလာတော့တာပါ"
ရှုန်းဟော်က သူ့တူကို ကြည့်ကာ သဘောကျစွာ ချီးကျူးလိုက်သည်။
"ကျွန်တော် သိပ်မသန်မာသေးပါဘူး။ အများကြီးကြိုးစားရဦးမှာပါ"
ရှုန်းယယ်က ဖြေလိုက်သည်။ ခွန်အားကြီးမားခြင်းကို သူ သဘောကျပြီး ဒီလိုဖြစ်ချင်သည်။
ရှုန်းယယ်၏အဖွဲ့က ဒီနေ့ အမဲလိုက်ရာတွင် ဦးချိုပါသော ဒိုင်နိုဆောကို လွတ်သွားကာ လူတချို့ဒဏ်ရာရခဲ့ပေမယ့် အမဲ အတော်အသင့်ရလို့ မဆိုးဘူး ပြောရမည်။ ရှီလီတို့အဖွဲ့က ရှုန်းယယ်တို့ထက် သားကောင်ပိုများများ ဖမ်းနိုင်ခဲ့ကာ ဒိုင်နိုဆောဥတွေပါ ရလာခဲ့သည်။
ရှီလီမှာ ဘေးပတ်ပတ်လည်မှ လူများ၏ ချီးကျူးသံကို ခံယူနေစဉ် ဒါကိုမြင်တော့ ရှုန်းယယ်၏ ယှဉ်ပြိုင်လိုစိတ်က ပိုတိုးလာခဲ့သည်။
ရှီလီသည် ဒီမျိုးနွယ်က လူအားလုံးထက် တစ်ဘဝစာ အတွေ့အကြုံများနေခဲ့လို့ ထိုအတွေ့အကြုံများကို အခြေခံပြီး ဒီနေ့ ဒိုင်နိုဆောအသိုက်တစ်ခုကို ရှာတွေ့ခဲ့ကာ ဥများ ယူနိုင်ရုံတင်မက အသိုက်ဆီ ပြန်လာသော ဒိုင်နိုဆောမကိုပါ သတ်ဖို့ သူ့ လူများအား ခိုင်းခဲ့သည်။
ထိုညတွင် ရှုန်းယယ်သည် အသား ဆယ့်ငါးကီလို ခန့်နှင့် အသည်းအချို့ ဝေစုရခဲ့သည်။ ကျိုးကျီတောင် အသားသုံးကီလို ဝေစု ရခဲ့သည်။ ဒါပေမယ့် ရသမျှ အသားတိုင်းကို ချက်ကာ ရှုန်းယယ်ကိုသာ ကျွေးခဲ့သည်။
ကျိုးကျီသည် ဒိုင်နိုဆောအသားကို စိတ်မဝင်စား သော်လည်း သူလည်း အောက်ဆင်းလာခဲ့စဉ် ဒိုင်နိုဆောဥများကို တွေ့လိုက်ရလို့ သူ စိတ်စွမ်းအင်ကို သုံးပြီး ဥအထဲတွင် ဘာပါသလဲဆိုတာကို စူးစမ်းကြည့် လိုက်သည်။ ဒိုင်နိုဆောဥထဲတွင် ဒိုင်နိုဆောလေးများ အကောင်မဖြစ်သေးပေ။ ကြည့်ရတာ ကြက်ဥ နှင့်အတူတူဖြစ်ရမည်။
"ဒိုင်နိုဆောဥ စားချင်လို့လား"
ရှုန်းယယ်က ကျိုးကျီ ဒိုင်နိုဆောဥများအပေါ် အာရုံစိုက်ကြည့်နေတာမြင်လို့ မေးလိုက်သည်။
"မင်း ဥ မရခဲ့ဘူးမလား"
ကျိုးကျီက ရိုးရှင်းစွာပဲ ဖြေလိုက်သည်။ ဒိုင်နိုဆောဥ ငါးလုံးရလာခဲ့ရာ ရှုန်းဟော်က တစ်လုံး၊ ရှီလီက တစ်လုံးနှင့် ရှီလီ့အဖွဲ့သားများက တစ်လုံး ဝေပြိး ယူခဲ့ကြသည်။ ရှုန်းဟော်သည် ကျန် ဥ နှစ်လုံးကို ဘုန်းတော်ကြီးအား ပေးအပ်ခဲ့သည်။
ဘုန်းတော်ကြီးက အသက်ကြီးပြီး သွားမရှိတော့လို့ မာကျောသော ဒိုင်နိုဆောအသားကို မဝါးနိုင်သဖြင့် ခုလို နူးညံ့ကာကြေလွယ်သော အစာကို ရတိုင်း ဦးစားပေးကာ ပေးအပ်ကြသည်။
"ငါ ဒီနေ့ ဆေးပင်တွေ နှုတ်လာတယ်။ အဘ ဘုန်းတော်ကြီး ဆီမှာ ဒိုင်နိုဆောဥနဲ့ သွားလဲပေးခဲ့မယ်"
ရှုန်းယယ်က ပြောလိုက်သည်။ သူ အမဲလိုက် ထွက်တိုင်း လမ်းမှာ တွေ့သည့် ဆေးပင်များကို အမြဲ နှုတ်လာပြီး ဘုန်းတော်ကြီထံ ပေးအပ်လေ့ရှိသည်။ အခု သူ ပေးခဲ့သော ဆေးပင်တွေ မနည်းတော့ပေ။
ထို့ကြောင့် ဘုန်းတော်ကြီးထံမှ ဒိုင်ဆောဥ တစ်လုံးနှင့် လဲဖို့ တောင်းဆိုရင် ရလောက်သည်။
"ဘုန်းတော်ကြီးကို ဒါကိုလည်း ထည့်ပေးလိုက်"
ကျိုးကျီသည် ပျားရည်အပြည့်ဖြည့်ထားသော လက်နှစ်လုံးခန့် ရှည်သည့် ဝါးဆစ်ဗူး တစ်ဘူးပေးကာ ပြောလိုက်သည်။ ဘုန်းတော်ကြီးက ပျားရည်ကို ကြိုက်လိမ့်မည်ဟု သူ ထင်မိသည်။
" ဒါက ပျားရည်တွေပဲ။ မင်း ဒါတွေ ဘယ်က ရလာတာလဲ"
ရှုန်းယယ်က အနံ့ခံရင်းမေးလိုက်သည်။ ကျိုးကျီ ဂူပြောင်းတုန်းက သူ့မိခင် ချန်ထားပေးခဲ့သည့် ပျားရည်များကို သူ့အတွက် ဟင်းချက်ပေးရာတွင် သုံးလို့ ကုန်သွားပြီမဟုတ်လား။
"ငါ တချို့ကို ဖယ်ထားတာ"
ကျိုးကျီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရှုန်းယယ်က တစ်ခုခု လွဲနေမှန်း ခံစားမိသော်လည်း သံသယမဝင်ပဲ ပျားရည်ဘူးနှင့် လတ်လတ် ဆတ်ဆတ် ခူးလာခဲ့သော ဆေးပင်များကို ယူ၍ ဘုန်းတော်ကြီးကို သွားရှာပြီး မကြာခင် ဒိုင်နိုဆောဥတစ်လုံးဖြင့် ပြန်ရောက်လာသည်။
ရှုန်းယယ် ဒိုင်နိုဆောဥကို သယ်လာခဲ့စဉ် ကျိုးကျီအနား မရောက်သေးခင် ရှီလီ၏ ခေါ်သံကို ကြားလိုက်ရသည်။
"ရှုန်းယယ်...မင်း ဒိုင်နိုဆောဥ စားချင်တကို ဘာလို့ ငါ့ကို မပြောတာလဲ။ ငါ့ဝေစု ဒိုင်နိုဆောဥကို မင်းကို ပေးမှာပေါ့"
"မလိုဘူး"
ရှုန်းယယ်က အပြတ် ပြောလိုက်သည်။
"ရှုန်းယယ် .. မင်း ငါ့ကို မကြိုက်တော့တာ မဟုတ်ဘူး မလား။ ငါတို့ မိတ်ဖက် မပြုရင်တောင် အတူတူ နေလို့ရပါသေးတယ် "
ငယ်ရွယ်နုပျိုသော ရှုန်းယယ်ကို သူ့ရှေ့ မှာ မြင်ရတော့ ရှီလီက ရှုန်းယယ်ကို စားချင်စိတ်ပေါ်လာမိသည်။
(စား- လိင်ဆက်ဆံခြင်း)
"ငါ...မင်းကိုလည်း ဒေါသမထွက်တော့သလို မင်းနဲ့လည်း အတူတူနေမှာမဟုတ်ဘူး "
ရှုန်းယယ်သည် လန်ယင်နှင့် အတူတူနေလျက် သူ့ကို ခုလို လာပြောသည့် ရှီလီကို စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ဒီကောင်ရှီလီက ဒီလောက်စိတ်ပျက်စရာကောင်း မည်ဟု သူ မထင်ခဲ့မိဖူးပေ။
"ငါနဲ့ မနေရင် မင်း ဘယ်သူနဲ့ နေမလို့လဲ။ ရှုန်းယယ် မင်း ငါ့ကို ကြိုက်သေးတယ်ဆိုတာ ငါ သိပါတယ်"
ရှီလီက ရှုန်းယယ်ကို စူးရှစွာကြည့်ကာ ပြောခဲ့သည်။ ထိုစကားကိုကြားသော ရှုန်းယယ်၏ မျက်နှာက ရုပ်ဆိုးစွာ တွန့်သွားခဲ့သည်။
သူင ရှီလီကို တကယ်ချစ်ခဲ့ပါသည်။ အခုထိလည်း ရှီလီကို မချစ်တော့ပါဘူးလို့ မပြောနိုင်သေးပေ။ ၈ နှစ်တာ ဖြစ်ခဲ့သည့် သံယောဇဉ်ကို အချိန်တိုအတွင်း ဖြတ်မပြစ်နိုင်ပေမယ့် ရှီလီက အခြား တစ်ယောက် ရဲ့လူဖြစ်နေပြီ။
သူတို့က အတူနေပြီး သားသမီးလည်း ရလာတော့ မည်။ သူတို့နှစ်ယောက်ကြား ဘယ်တော့မှ ထပ်မဖြစ်နိုင်တော့ပေ။ ဒါကြောင့် သူက ရှီလီကို ထပ်မဆွဲတော့ပဲ မေ့ပစ်နိုင်အောင် ကြိုးစားခဲ့သည်။
ဒါပေမယ့် ရှီလီက ဘယ်လိုဖြစ်ပြီး သူ့ရှေ့ကိုလာပြီး အခုလိုပြောထွက်သည်ကို နားမလည်တော့ပေ။ အခု ရှီလီက သူ သိခဲ့သည့် ရှီလီမဟုတ်တော့သလို ခံစားခဲ့သည်။ ငယ်စဉ်ကတည်းက အတူသွား၊ အတူစား၊ အတူအမဲလိုက်ခဲ့သည့် ကောင်းမွန်သည့် ခြင်္သေ့လေးရှီလီ၏ လှပသောပုံရိပ်၊ အမှတ်တရတွေက တဖြည်းဖြည်း ပျောက်ကွယ်လို့နေလေပြီ။
"ငါက မင်း မဟုတ်တဲ့ အခြားသူကို ရွေးချယ်နိုင်တယ်"
ရှုန်းယယ်သည် ထိုသို အပြတ်ပြောလိုက်ပြီး ကျိုးကျီဆီ လျှောက်လာခဲ့သည်။ ကျိုးကျီသည် မီးပုံနားတွင် အသားကင်ရင်း အလွန်ငြိမ်းချမ်း သည့်ပုံနှင့် ထိုင်နေသည်။
ရှုန်းယယ်သည် ကျိုးကျီဆီ လျှောက်လာရင်း နျိုအာ သူ့ကို မေးခဲ့သည့် မေးခွန်းတစ်ခုကို ရုတ်တရက် သတိရမိလိုက်သည်။
မင်းနဲ့ ကျိုးကျီက ဘာတွေလဲ....
ကျိုးကျီနှင့် အတူရှိချိန်များသည် သူ့အတွက် အရမ်း သက်တောင့်သက်သာရှိလွန်းလှသည်ကို ရှုန်းယယ် သတိရလိုက်သည်။
ဒါကြောင့် ရှုန်းယယ်သည် ကျိုးကျီဘေးသို့ ရောက်သောအခါ ကျိုးကျီထံ ဒိုင်နိုဆောဥကို ကမ်းပေးလိုက်ပြီး အများရှေ့တွင် ရုတ်တရက် ဖွင့်ပြောလိုက်သည်။
"ကျိုးကျီ ...မင်း....ငါ့ရဲ့ မိတ်ဖက်ဖြစ်ပေးနိုင်မလား"
(ဒိုင်နိုဆောဥပေးပြီး လက်ထပ်ခွင့်တောင်းသော ဝက်ဝံလေးရဲ့ ချစ်စရာအကွက်လေးတွေ.... စာဖတ်သူတွေ မှတ်ထားနော...ဥပေးပြီး propose လုပ်ရမယ်တဲ့.....>O<)
________________________________
YOU ARE READING
ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)
Adventureကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed) Genre _ Adventure , Comedy , Fantasy, Historical ,Romance ,Slice of Life ,Yaoi မေး- မင်း နှစ်သက် သဘောကျတဲ့သူက သစ္စာမရှိတော့တဲ့အခါ မင်း ဘာလုပ်သင့်လဲ။ ဖြေ - နောက်တစ်ယောက်ရှာပါ။ ဒီတစ်ခါတ...