Chapter (41) - ငါ့ရဲ့သားရဲပုံစံက ဘာကြောင့် အရမ်းကြီး ကြီးလာရတာလဲ.

9.1K 1.5K 80
                                    

Chapter (41) - ငါ့ရဲ့သားရဲပုံစံက ဘာကြောင့် ရုတ်တရက် အရမ်းကြီး ကြီးလာရတာလဲ.



"ကျွန်တော် မလုပ်ချင်ဘူး.."

ကျိုးကျီက ဘုန်းတော်ကြီး၏စကားကို တုံ့ဆိုင်းခြင်းမရှိ ငြင်းလိုက်သည်။

ဘုန်းတော်ကြီး : "..........."

ဘုန်းတော်ကြီးက လက်မလျှော့သေးဘဲ ဆက်မေးလိုက်သည်။

"ဘာကြောင့်လဲ.."

ဘာကြောင့်လဲ ဟုတ်လား.. ကျွန်တော် ဘုန်းကြီးမလုပ်ချင်လို့ပဲပေါ့..

ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးနွယ်စုသေးသေးရဲ့ ဘုန်းတော်ကြီးလုပ်ရတာက တကယ်တော့ မလွယ်ကူဘူး။ ဘုန်းတော်ကြီးက အမဲလိုက်စရာမလိုဘဲ မျိုးနွယ်စုက အမဲလိုက်လို့ရတဲ့ အကောင်းဆုံးအသားကို လာပေးတယ်ဆိုပေမယ့် တကယ်တော့ ဘုန်းတော်ကြီးအလုပ်က တကယ်ကိုများပြားလှတယ်။

မျိုးနွယ်စုသေးသေးကလူတွေက သူတို့ဘာပဲကြုံလာကြုံလာ ဖြေရှင်းလို့မရရင် ဘုန်းတော်ကြီးကိုပဲ လာရှာကြတယ်။ စားလို့ရတဲ့အပင်တွေ၊ စိုက်ပျိုးရေးတွေကအစ အကုန်ပါဝင်ပြီး ဆောင်ရွက်ပေးရတယ်။ မျိုးနွယ်စုကြီးတွေထဲမှာ စိုက်ပျိုးရေးစနစ်က သေချာရှိပြီးသားဖြစ်လို့ ဘုန်းတော်ကြီးက သာမန်ကိစ္စတွေမှာ ဝင်ပါစရာမလိုဘူး။

ဒါ့အပြင် လူတွေဖျားရင်၊ သေရင်၊ ကလေးနေမကောင်းရင် အကုန်လုံး ဘုန်းတော်ကြီးပဲ ဆောင်ရွက်ပေးရတယ်။ အလုပ်များလွန်းလို့ ဘုန်းတော်ကြီးက မျိုးနွယ်စုထဲကနေ ဘယ်ကိုမှ ထွက်သွားလို့မရဘူး။

ငါက ဒီလိုအလုပ်အများကြီးကို မလုပ်ချင်ဘူးလေ။ အရင်ဘဝက ဖုတ်ကောင်တွေရန်ကြောင့် အိပ်ရေးဝဝတောင် မအိပ်ခဲ့ရတာ၊ အခုဘဝမှာ ဘာကြောင့် ဒါတွေဝင်ပါရမှာလဲ..။

"ကျွန်တော် ပျင်းလို့.."

ကျိုးကျီက ဖြေလိုက်သည်။

ဘုန်းတော်ကြီး : "............"

အကြောင်းပြချက်အများကြီးကို တွေးခဲ့ပေမယ့် ကျိုးကျီပြောလာတဲ့အရာကို သူမထင်ထားမိဘူး။

ကျိုးကျီက ပျင်းလို့ ဘုန်းတော်ကြီးမလုပ်ချင်တာပေါ့..

ဘုန်းတော်ကြီးက ရင်ကွဲပက်လက် ပြောလိုက်သည်။

"သားရဲနတ်ဘုရားက မင်းကို စောင်မပေးလို့ မင်းခုလို ဉာဏ်ကောင်းလာတာလေ.. မင်းက ပျင်းပြီး ဘာမှမလုပ်ချင်ရင် နောင်အနာဂတ်မှာ ဘယ်လိုနေထိုင်သွားမှာလဲ.."

ကျိုးကျီ : "ရှုန်းယယ်က ကျွန်တော့်ကို ရှာကျွေးလိမ့်မယ်.."

ဘုန်းတော်ကြီးက ဒီစကားကြားတော့ ကျိုးကျီကို ဂူထဲကမောင်းထုတ်ပစ်ချင်စိတ် ပေါက်လာသည်။

ကျိုးကျီ : "အဘဘုန်းတော်ကြီး.. ကျွန်တော်က ရှုန်းယယ်နဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းလေးပဲ နေချင်တာပါ.. ကိစ္စအများကြီးကို မစီမံချင်ဘူး.."

ဘုန်းတော်ကြီးက စိုက်ကြည့်နေဆဲဖြစ်လို့ ထပ်ပြောလိုက်သည်။

"ကျွန်တော့်အမေ သေသွားပြီးနောက် သားရဲနတ်ဘုရားဆီက လက်ဆောင်ရခဲ့တယ်.. ဒါကြောင့် ကျွန်တော်က အရာတော်တော်များများကို သိခဲ့တယ်.. ဒါတွေကို မျိုးနွယ်စုဆီကို ဖြန့်ဝေပေးချင်ပေမယ့် ကျွန်တော် ဘုန်းတော်ကြီးတော့ မလုပ်ချင်ဘူး.."

"မင်း ဘာတွေသိထားလဲ.."

ဘုန်းတော်ကြီးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ကျိုးကျီ : "ဥပမာ - သင်္ဘောမယ်ဇလီပင်၊ စိတ်ငြိမ်ဆေးပင်လိုမျိုး.. ဒီအပင်ကိုမြင်လိုက်တာနဲ့ ဘာအတွက်သုံးရတယ်၊ ဘယ်လိုအာနိသင်ရှိတယ်ဆိုတာ သူ့အလိုလိုသိလာတယ်.."

ဘုန်းတော်ကြီးက ကျိုးကျီက ထုံထုံအအ ဘဝကနေ ရုတ်တရက်ကြီး ဉာဏ်ကောင်းလာသည်အထိ ပြောင်းလဲလာတာ ထူးဆန်းသည်ဟုထင်နေသည်။

မျိုးနွယ်စုထဲကလူတွေက အရင်ကကျိုးကျီနဲ့ ဆက်သွယ်တာ သိပ်မရှိခဲ့ပေ။ အခုကျိုးကျီပုံစံကိုလည်း သူတို့မသိပေ။ ဘုန်းတော်ကြီးက ကျိုးကျီနေမကောင်းခင်ကပုံစံနှင့် နောက်ပိုင်းပုံစံက ကွာခြားမှုအများကြီးရှိသည်ဟု ခံစားလိုက်ရသည်။ ဒါပေမယ့် ကျိုးကျီက မျိုးနွယ်စုကလူတွေအပေါ် မနာလိုစိတ်မရှိဘဲ ရှုန်းယယ်အပေါ် အရမ်းကောင်းသည်ကို သိသည်။


မနေ့က ကျိုးကျီနဲ့ရှုန်းယယ်တို့ မီးတောက်ပန်းရှေ့မှာ ကတိကဝတ်ပြုပြီးနောက် သားရဲနတ်ဘုရားပူဇော်ပွဲရဲ့ အခြေအနေက ရုတ်တရက်တိုးမြင့်ကာ စွမ်းအားတွေထွက်ပေါ်လာခဲ့သည်။

"ကောင်းပြီ.."

ဘုန်းတော်ကြီးက တွန့်ဆုတ်စွာပြောလိုက်သည်။ သူ့နေရာကို ဆက်ခံမည့်သူကို ရှာမရတာမဖြစ်နိုင်ဘူးဟု တွေးနေသည်။

"ကျေးဇူးတင်ပါတယ်.."

ဘုန်းတော်ကြီး : "မင်း.. သားရဲနတ်ဘုရားဆီက လက်ဆောင်ရထားတာတွေကို ငါ့ကိုပြောပြလို့ရမလား.."

ဘုန်းတော်ကြီး၏မျက်ဝန်းထဲက စပ်စုလိုမှုကို ကျိုးကျီတွေ့လိုက်ရသည်။ သူ့ကိုယ်သူ ပြဿနာရှာမိပြီလို့ ကျိုးကျီခံစားလိုက်ရသည်။

ရှုန်းယယ်က ကျိုးကျီစားဖို့ ငါးဖမ်းရန် မြစ်ကမ်းဘေးကို ထပ်သွားခဲ့သည်။ မြစ်နားမှာ ငါးသာမက တခြားသားကောင်လည်း တွေ့ရတတ်သည်။ မျိုးနွယ်စုနဲ့ဝေးသည့်ဘက် မြစ်ကမ်းဘေးတလျောက် ငါးလိုက်ဖမ်းရင်း ငါး ၈ ကောင်နဲ့ မြွေတစ်ကောင်ကို ရခဲ့သည်။ ဖားတချို့တွေ့ပေမယ့် သိပ်မကြီးလို့ ဖမ်းမလာခဲ့ပေ။ သူစားဖို့မလောက်ပေမယ့် ကျိုးကျီစားဖို့ လောက်ပြီဖြစ်လို့ စိတ်လှုပ်ရှားစွာ ပြန်လှည့်လာခဲ့သည်။

ဒီနေ့က သူတို့ လက်တွဲဖော်ဖြစ်တဲ့ ပထမဆုံးနေ့ဖြစ်လို့ ဒီညနေမှာ သူတို့ တရင်းတနှီးနေဖို့လိုတယ်။ ရှုန်းယယ်က သားကောင်တွေကိုသတ်ကာ သန့်ရှင်းပြီး လျှော်ကြိုးနှင့်တွဲကာ ပြန်လာခဲ့သည့်တိုင် ကျိုးကျီက ဘုန်းတော်ကြီးဆီမှာ ရှိနေဆဲဖြစ်သည်။ ရှုန်းယယ်က သွားခေါ်ပေမယ့် ဘုန်းတော်ကြီးက ပြန်မလွှတ်ပေ။

ရှုန်းယယ် : "အဘဘုန်းတော်ကြီး.. ကျိုးကျီက ဗိုက်ဆာနေပြီ.."

ကျိုးကျီ : "ဟုတ်တယ်.. ကျွန်တော် ဗိုက်ဆာနေပြီ.."

ဘုန်းတော်ကြီးက ရှုန်းယယ်ကို ပြစ်တင်ဟန်ဖြင့်ကြည့်လိုက်သည်။ အရင်က ရှုန်းယယ်က သူ့ကိုအမြဲလေးစားကာ စကားနားထောင်ပေမယ့် အခုတော့ လုံးဝကွဲပြားနေလေပြီ။

"ကျိုးကျီ.. မင်း စားပြီးရင် ပြန်လာခဲ့ဦး.."

ရှုန်းယယ် : "စားပြီးရင် မှောင်လောက်ပြီ.."

ဘုန်းတော်ကြီး : "ဒါဆို မနက်ဖြန်ထပ်လာခဲ့.."

ကျိုးကျီက သဘောတူလိုက်ရုံသာရှိတော့သည်။

လွန်ခဲ့တဲ့ရက်က သူ့အပင်စွမ်းရည်ကြောင့် အပင်ပေါင်းစုံစာအုပ်ကို သူ့စိတ်အာရုံထဲမှာ ပြန်လည်မြင်ယောင်ခဲ့သည်။ ဒါပေမယ့် ဒီကမ္ဘာမှာ ဒီထဲကအပင်တချို့က ပေါက်ဖွားမလာသေးပေ။ မီးတောက်ပန်းနဲ့ သူစားခဲ့တဲ့ အမည်မသိအသီးနာမည်ကို သူမသိသေးပေ။

ဒီနေ့ သူက ဘုန်းတော်ကြီးကို တချို့အပင်အကြောင်း ရှင်းပြပေးခဲ့သလို ဘုန်းတော်ကြီးကလည်း သူမသိတာကို ပြန်ရှင်းပြပေးခဲ့သည်။ ဒီကမ္ဘာကအပင်တွေက အတော်ကို စိတ်ဝင်စားဖို့ကောင်းလှသည်။ ဒါကို ကျိုးကျီက သိချင်နေခဲ့သည်။ အရင်ကတော့ သူက သိချင်စိတ်မရှိခဲ့ပေ။

ဒီနေ့ ရှုန်းယယ်က အတော်ကြီးတဲ့ငါးတွေကို မိခဲ့သည်။ ကျိုးကျီက လက်ဖဝါးအရွယ် ဖြတ်တောက်ကာ ကြော်ပြီး ရေထည့်ကာ ဆူအောင်တည်ပြီးနောက် ဆားခတ်ကာ ငါးစွပ်ပြုတ်လုပ်လိုက်သည်။ ပြီးတော့ သူအချဉ်သိပ်ထားတဲ့ လက်လုပ်ချဉ်တချို့က ချဉ်စပြုနေပြီဖြစ်လို့ ငါးစွပ်ပြုတ်ထဲ နည်းနည်းထည့်လိုက်ချိန်မှာ စွပ်ပြုတ်က အရမ်းကို အရသာရှိလာခဲ့သည်။
သူက ဒီလိုဟင်းကိုမစားရတာ အတော်ကြာပြီလို့ ခံစားခဲ့ရသည်။

ကျိုးကျီက ငါးဟင်းရည်ကို ၂ခွက်ခွဲလိုက်သည်။ ငါးစားရာတွင် ကျိုးကျီက အရိုးအသေးကအစ ထွေးထုတ်ကာ ရှုန်းယယ်က အလယ်ရိုးကြီးကလွဲရင် ကျန်တာအကုန် ဝါးစားလိုက်သည်။

ဟင်းတွေခွဲပြီးနောက် ကျိုးကျီက ဖြည်းညင်းစွာ စစားခဲ့သည်။ ရှုန်းယယ်က ကျိုးကျီမဝမှာစိုးလို့ သိပ်မစားဘဲ တကြည့်ကြည့်လုပ်ကာ ငါးဗိုက်က အရိုးမပါသည့်အသားကိုရွေးကာ ကျိုးကျီထဲကို ထည့်ပေးခဲ့သည်။ မြွေသားကိုလည်း အရိုးဖယ်ကာ ထည့်ပေးခဲ့သည်။

"မင်း များများပိုစား.."

ကျိုးကျီက ရှုန်းယယ်ကိုပြုံးပြကာ သူ့ကိုထည့်ပေးသမျှအသား အကုန်စားလိုက်သည်။

ရှုန်းယယ်က အရသာရှိတဲ့ဟင်းရည်ကို သောက်ပြီး ဒိုင်နိုဆောအသားကို ကင်စားဖို့လုပ်လိုက်သည်။ အသားကသာအကောင်းဆုံးလို့ ရှုန်းယယ်က တစ်သက်လုံးထင်ခဲ့ပေမယ့် ငါးစွပ်ပြုတ်သောက်ပြီး အသားစားချိန်မှာ အသားက သိပ်အရသာမရှိတော့ပေ။ ဒါပေမယ့် နေ့တိုင်း ငါးစွပ်ပြုတ်ချက်နိုင်ဖို့ သူ ပိုကြိုးစားရမယ်။ ကျိုးကျီက သူ့မိတ်ဖက်ဖြစ်လို့ ကျိုးကျီကောင်းကောင်းစားရရင် သူကျေနပ်ပြီ၊ သူ့ကိုကောင်းကောင်းကျွေးရမယ်ဟု တွေးလိုက်သည်။ ရှုန်းယယ်ရဲ့မျက်လုံးထဲမှာ သူ့ကိုဘယ်လိုတွေးနေသလဲ ကျိုးကျီမသိပေ။ စားပြီးတော့ ပြောလိုက်သည်။

"အိပ်ကြစို့.."

ရှုန်းယယ်နေတဲ့ဂူဘက်အခြမ်းမှာ သူနေမကောင်းတုန်းက ရက်တချို့အိပ်ခဲ့ပေမယ့် ဂူက သန့်ရှင်းလို့နေသည်။ မနေ့ညက သူတို့မင်္ဂလာဦးညဖြစ်ပေမယ့် ရှုန်းယယ်က ဝက်ဝံပုံစံနဲ့ အိပ်ယာအပြင်ကကြမ်းပြင်မှာ တစ်ညလုံး အိပ်ပျော်နေခဲ့သည်။ ကျိုးကျီက သူ့ဘက်ခြမ်းက လိုက်ကာကိုဖယ်ကာ ဒိုင်နိုဆောသားရေအိပ်ယာပေါ် တက်ထိုင်ပြီး ရှုန်းယယ်ကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာ.."

ရှုန်းယယ်က ချက်ချင်းပဲ ကျိုးကျီကိုပြေးဖက်ကာ ပြောလိုက်သည်။

"ကျိုးကျီ.. ငါလိုချင်တယ်.."

သူက ကျိုးကျီရဲ့လက်ကိုကိုင်ကာ သူ့ဝမ်းဗိုက်အောက်ပိုင်းပေါ် တင်ပေးလိုက်သည်။

ကျိုးကျီ : ".........."

မနက်ကမှပြီးထားတာ ညကိုလည်း ထပ်လုပ်ချင်သေးတာလား..။ ဒီကောင်လေးရဲ့ခန္ဓာကိုယ်က အရမ်းကြံ့ခိုင်ပြီး တက်ကြွနေတာပဲ..။

ရှုန်းယယ်ရဲ့ကိုယ်ခံအားက တကယ်ကိုကောင်းလှသည်။ ကျိုးကျီက ဝက်ဝံလေးကို ထပ်မံကူညီပေးလိုက်ရသည်။ ရှုန်းယယ်က ထုတ်လွှတ်ပြီးချိန် ကျိုးကျီကိုနမ်းကာ မေးခဲ့သည်။

"ကျိုးကျီ.. မင်းကို ကူညီပေးစေချင်လား.."

ပထမတော့ ငြင်းလိုက်ချင်ပေမယ့် နောက်တော့ လက်ခံလိုက်သည်။

"အင်း.. ကူညီပေးစေချင်တယ်.."

ရှုန်းယယ်က ဘာဘာညာညာမလုပ်ဘဲ ကျိုးကျီ၏ညီငယ်လေးကို ဆုပ်ကိုင်ကာ လှုပ်ရှားရှင်း ထုတ်လွှတ်နိုင်အောင်ပဲ ကူညီပေးခဲ့သည်။

ရှုန်းယယ်ရဲ့လက်တွေက အားပြင်းကာ လှုပ်ရှားမှုက ညင်သာမှုမရှိပေ။ သူ့ကိုသင်ပေးရဦးမည်ဟု ကျိုးကျီတွေးလိုက်သည်။

သူတို့ပြီးသွားတော့ ရှုန်းယယ်က အိပ်ပျော်သွားချိန် ကျိုးကျီက စွမ်းအင်တွေကို နည်းနည်းချင်း ရှုန်းယယ်ကိုယ်ထဲ လွှဲပြောင်းပေးခဲ့သည်။ မနက်နိုးလာတော့ ကျိုးကျီက ထပြီး မနက်စာပြင်ပေးခဲ့သည်။

အနီရောင်သစ်သီးကို စားပြီးကတည်းက သူက အိပ်ဖို့မလိုတော့ပေ။ ဒီအသီးက တကယ်အံ့သြစရာပဲ။

ရှုန်းယယ် အမဲလိုက်ထွက်တော့ ကျိုးကျီက ဘုန်းတော်ကြီးဆီလာခဲ့သည်။ ဘုန်းတော်ကြီးက သူက ကျိုးကျီကို အကောင်းဆုံးသင်ပေးမှာဖြစ်သလို ကျိုးကျီဆီကနေလည်း အကောင်းဆုံးလေ့လာသင်ယူမယ်လို့ ပြောခဲ့သည်။

ဘုန်းတော်ကြီးက မျိုးနွယ်စုနားတစ်ဝိုက် ကျိုးကျီနဲ့အတူ လှည့်ပတ်သွားရင်း စားလို့ရတဲ့အပင်များစွာကို ထပ်သိခဲ့ရလို့ အချိန်ကို နည်းနည်းမှ အလဟဿမဖြစ်စေချင်ပေ။ ဒါကြောင့် ကျိုးကျီခမျာ ဘုန်းတော်ကြီးနဲ့အတူတူရှိကာ တစ်ယောက်တည်းသွားလာဖို့ အချိန်မရှိတော့ပေ။ သူအသီးစားပြီးလို့ ရေထွက်ပေါက်မှာ ရေသွားသောက်ရင်တောင် ဘုန်းတော်ကြီးက ထပ်ချပ်မခွာလိုက်လာလို့ လစ်ထွက်လို့မရနိုင်တော့ပေ။ ဒါကြောင့် ရှုန်းယယ်အိပ်သွားမှ သူ့မှာ အပြင်ကိုထွက်နိုင်တော့သည်။ ဒါပေမယ့် ညဘက်ကြီး အပြင်ထွက်ဖို့ကို သူက ပျင်းနေသည်။ ဒါကြောင့် ကနေ့တော့ ကျိုးကျီက ဘုန်းတော်ကြီးကိုငြင်းလိုက်သည်။

"ဒီနေ့ ကျွန်တော် အိပ်ဦးမယ်.."

"ရာသီဥတုက ဒီလောက်ကောင်းတာ မင်းအိပ်ရင် အလကားဖြစ်ကုန်မယ်.. ငါ့နောက်လိုက်ပြီး ဗဟုသုတတွေကို သင်ယူသင့်တယ်.."

ကျိုးကျီ : "ဒီဗဟုသုတတွေက ကျွန်တော်အကုန်သင်ပြီးပြီလေ.."

ဘုန်းတော်ကြီး : ".........."

ဒါပေမယ့် မင်းဆီကနေ ငါ အကုန်မသင်ရသေးဘူးလေ..။ အား..! သားရဲနတ်ဘုရားက ဘာကြောင့် တနေကုန်အိပ်ဖို့စားဖို့ပဲသိတဲ့လူဆီ ဒီလက်ဆောင်ကို ပေးခဲ့ရတာလဲ..?

"အဘဘုန်းတော်ကြီးသာ ကျွန်တော့်ကို နားခွင့်ပေးရင် တခြားအသိပညာတွေကို ပိုစဉ်းစားနိုင်မယ်ထင်တယ်.."

"ဒါဆို မင်း သွားအိပ်တော့.. ဖြည်းဖြည်းစဉ်းစား.."

ဘုန်းတော်ကြီးက ကျိုးကျီ၏စကားကိုကြားတော့ ချက်ချင်းပြောကာ သူလည်းအိပ်ဖို့ သူ့ဂူထဲပြန်သွားခဲ့သည်။

ဒီရက်ပိုင်းတလျှောက်လုံး ကျိုးကျီနဲ့ တောထဲလှည့်လည်သွားခဲ့လို့ လူအိုကြီးဖြစ်တဲ့သူက ပင်ပန်းလို့နေပြီ။ သူလည်းပြန်အိပ်ပြီး နောက်တစ်နေ့မနက် ကျိုးကျီပြောပြတာကို သေချာမှတ်သားဖို့ ပြင်လိုက်သည်။

ဘုန်းတော်ကြီးထွက်သွားတာနဲ့ ကျိုးကျီက မာလုတွေရှိသည့်တောအုပ်ထဲကို လျင်မြန်စွာ ထွက်လာခဲ့သည်။

သူက လမ်းမှာ သူ့စွမ်းအင်ကို ပိုင်နိုင်စွာအသုံးပြုနိုင်မယ့်နည်းကို လေ့လာနေခဲ့သောကြောင့် ဖြည်းဖြည်းပဲလာခဲ့သည်။ နောက်ဆုံး အရင်တစ်ခါက သူ ကင်းခြေများအုပ်စုနှင့် တိုက်ပွဲဖြစ်ကာ သစ်ပင်တွေ မြေလှန်ဂျွမ်းပြန်ခဲ့သည့် ရေအိုင်လေးနားကို ပြန်ရောက်လာခဲ့သည်။ ထိုကျောက်ထရံချိုင့်ထဲတွင် ဧရာမကင်းခြေများနှင့် ကျန်သည့်အုပ်စုလိုက် ရှိနေသေးပေမယ့် ဒီတစ်ဝိုက်ကစွမ်းအင်တွေက အရင်လိုပေါများခြင်းမရှိသည့်အပြင် အရင်ကထက် စွမ်းအင်တွေ လျော့နည်းလို့နေသည်။

ကျိုးကျီက အပင်ပေါက်ရောက်သည့်နေရာကို ပြန်လာကြည့်တာဖြစ်သည်။ ဒါပေမယ့် ထိုထဲက ဧရာမကင်းခြေများကြီးက ကျိုးကျီကိုတွေ့သွားလို့ တရကြမ်းပြေးလာကာ ရန်ပြုတော့သည်။

ကျိုးကျီက သူ၏သားရဲပုံစံ အမွှေးထူဆင်အဖြစ်ကို ပြောင်းလဲပြီး ထိုမာလုကြီးကို ခြေထောက်နဲ့ တစ်ချက်တည်းလွင့်ထွက်အောင် ကန်ပစ်လိုက်ဖို့ပြင်လိုက်သည်။

နေဦး.. ငါ့ရဲ့သားရဲပုံစံက ဘာကြောင့် ရုတ်တရက် အရမ်းကြီး ကြီးလာရတာလဲ..။


*****-**

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now