Stone-age Husband Raising Journal _ Chapter ( 10 ) - Spreading News (U+Z)

7.5K 1.3K 18
                                    

Stone-age Husband Raising Journal _ Chapter ( 10 ) -   Spreading News  (U+Z)


ဝက်ဝံကြီးမျိုးနွယ်စုတွင်  ကျားမ မရွေး တန်းတူ အခွင့်အရေးရှိကြပြီး  တစ်ယောက်နှင့် တစ်ယောက် သဘောကျသည်ဆိုရင် အတူနေဖို့ ဆုံးဖြတ် နိုင်ကြသည်။ ရှီလီက ဒါကိုကောင်းကောင်းသိထားသည့် အပြင်  ရှုန်းယယ်နှင့် မိတ်ဖက်ပြုဖို့ သဘောမတူခင်က သူ့ကို စိတ်ဝင်စားသည့် မိန်းမများစွာရှိသည်ကိုလည်း သိထားသည်။


အရင်ဘဝတုန်းက သူနှင့်ရှုန်းယယ်တို့က တယောက်နဲ့ တယောက် အနေနီးကြပြီး ခံစားချက်တွေ ရှိနေကြလို့ သူက မိန်းမတွေကိုစိတ်ဝင်စားပေမယ့် လက်မခံဖြစ် ခဲ့ပေ။  သူနဲ့ ရှုန်းယယ် မိတ်ဖက်တွေဖြစ် လာပြီး နောက်ပိုင်း   ဘယ်မိန်းကလေးကမှ  သူ့ကို စိတ်မဝင်စားကြတော့ပေ။

 
ရှုန်းယယ် သေသွားခဲ့သည့်အချိန်နောက်ပိုင်းမှာ  ရှီလီက မိန်းမတွေ၊ ယောက်ျားတွေကို သူ့စိတ်တိုင်းကျ ရွေးကောက်ပြီး သူ့ကို  အသုံးတော်ခံစေခဲ့သည်။ အရင်ဘဝက သားရဲဘုရင်ဖြစ်ချိန်မှာ သူက အင်အားကြီးလာလို့ ဘယ်မိန်းမမှ သူ့ကို အခု လန်ယင်လို   ပွင့်လင်းစွာ မကမ်းလှမ်းရဲကြပေ။


ရှီလီသည် မျှော်လင့်ချက်များနှင့် ပြည့်နေသော လန်ယင်၏ မျက်လုံးများကို ကြည့်ကာ ရင်ခုန်လာခဲ့ပြီး ချက်ချင်း သဘောတူလိုက်တော့သည်။ သူ အခြား တစ်ယောက်နှင့် အတူ မနေရသည်မှာ ကြာခဲ့လေပြီ။ နောက်ဆုံးတော့ ရင်ခုန်စရာ ရမ္မက်ထန်မယ့် နွေဦးညက သူ့ဆီကို ရောက်လာလေပြီ။ စိတ်တက်ကြွနေလို့ မြင်မြင်ရာပန်းတွေပွင့်နေသလို ခံစားလိုက်ရသည်။ ရှီလီသည်   ယောက်ျားတစ်ယောက်၏ အထိအတွေ့ကို သဘောကျပေမယ့် အိစက်ညက်ညောမယ့် မိန်းမခန္ဓာကိုယ်မှ အထိအတွေ့ကိုလည်း ခံစားကြည့်ချင်သေးသည်။


ရှုန်းယယ်အတွက်ကတော့.....

ဒီနေ့ ရှုန်းယယ်ရဲ့ အမူအယာကို ကြည့်ရတာ သူ့ကို   လက်မလျှော့နိုင်သေးတာ သေချာသည်။ ရှီလီက ရှုန်းယယ်နှင့်ကိစ္စကို အပြီးဖြတ်မှ ဖြစ်တော့မည်ဟု တွေးမိသည်။

ရှုန်းယယ်၏  စရိုက်က ပွင့်လင်းပြီး   ပြတ်သားသည်။ ရှီလီက အခြားတစ်ယောက်နှင့် တွဲလိုက်ပါက သေချာပေါက်  ခွင့်လွှတ်မှာ မဟုတ်ပေ။ ဒါကြောင့် နောင်အနာဂတ်မှာ ဒီမျိုးနွယ်စု ဘေးဒုက္ခနှင့် ကြုံရပြီးနောက်ပိုင်း သူက သားရဲဘုရင်ဖြစ်ပြီး အင်အားကြီးလာချိပြီးကာ သူနှင့်အတူ နေစေမည်ဟု ရှီလီက  ဆုံးဖြတ်လိုက်သည်။


လန်ယင်သည် ရှီလီက သူမကို လက်ခံလိုက်သောအခါ အရမ်းဝမ်းသာသွားပြီးပြောလိုက်သည်။

 " ဒီည ငါ့ဂူကနေ  စောင့်နေမယ်နော်"

လန်ယင်သည် အရွယ်ရောက်ပြီးမိန်းမပျို တစ်ဦး ဖြစ်သည့် အပြင်  ခွန်အားက သာမာန် အဆင့်သာ ရှိပေမယ့် အမဲလိုက်အဖွဲ့ဝင် တစ်ယောက်ဖြစ်လို့ ကိုယ်ပိုင်ဂူတစ်လုံး ပေးအပ်ခံထားရသူ  ဖြစ်သည်။ ပြီးတော့ သူတို့ မျိုးနွယ်စုဝင်တွေက  ကလေး ပျိုးထောင်ကြမည့် မိန်းမများသည် ဘယ်နေရာနေနေ အဆင်ပြေသည့်  ယောက်ျားသားများထက် နေရေးထိုင်ရေး   အဆင်ပြေဖို့  ပိုလိုအပ်လေသည်။

"ကောင်းပြီ"

ရှီလီက ပျော်ရွှင်စွာ သဘောတူလိုက်သည်။

လန်ယင်သည် ပြင်ဆင်မှုလုပ်ရန် အမြန်ထွက်သွားသည်။
သူမ အပျိုဖော်ဝင်တာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အခု   နွေဦးရာသီက ကလေးယူဖို့ အကောင်းဆုံး ရာသီဖြစ် သည်။ သူမ  ဒီနှစ်ထဲမှာ  ပထမဆုံးကလေး မွေးဖွားနိုင်ဖို့ ကြံရွယ်ထားလို့ ရှီလီ့ကို ကလေးအဖေတော်ရတာ ကောင်းသော ကိစ္စ  ဖြစ်သည်။ သူမတို့၏  ကလေးက ရုပ်ရည် ချောမောပြီး သန်မာမှာ သေချာသည်။


ဒီလိုတွေးပြီး လန်ယင်သည် သူမရဲ့ သူငယ်ချင်းကို သွားရှာပြီး သတင်းပေးလိုက်သည်။

  "ရှုန်းယယ် နဲ့ ရှီလီတို့က မိတ်ဖက် မပြုကြတော့ဘူးတဲ့။   ငါက ရှီလီရဲ့ ကလေးကို မွေးပေးတော့မယ်။  နင်ရော ရှုန်းယယ်ကို သွားပြောကြည့်ပါလား"

 ဖခင်ဖြစ်သူ၏ အရေးပေးခြင်းကို ခံရသော ရှုန်းယယ်ကို သူမ  သဘောမကျပေမယ့် ရှုန်းယယ်က ကလေးယူရန် အကောင်းဆုံးတွဲဖက်ဖြစ်သည်ကိုတော့ မငြင်းနိုင်ပေ။


လန်ယင်ရဲ့ သူငယ်ချင်းက  အံ့အားသင့်သွားကာ  သေချာမေးလိုက်သည်။

"တကယ်လား....သူတို့က ဘယ်လိုဖြစ်ပြီး ပြတ်သွားတာ တဲ့လဲ...."

"တကယ်ပေါ့.... မနေ့က ရှုန်းယယ်နဲ့ ရှီလီ တို့က မိတ်ဖက်မပြုတဲ့အကြောင်းပြောရင်း ရန်ဖြစ်သေးတယ်။ ဒါကြောင့် ရှုန်းယယ်က ရှီလီကို ဒဏ်ရာရအောင် ရိုက်ပစ်လိုက်တာလေ။    ရှီလီ သူ့ကိုယ်ကို သားရေတွေနဲ့ ဖုံးထားပေမယ့် ဒဏ်ရာတွေကို ငါမြင်လိုက်တယ်။   ရှီလီက ဒဏ်ရာက နာလို့  ဒီနေ့   အမဲလိုက်ပွဲမှာ  သိပ်မပါဘူးလေ "

 လန်ယင်က ပြောသည်။  

"ဒါဆို ငါလည်း ရှုန်းယယ်ကို သွားမေးကြည့်ဦးမယ်"

 လန်ယင်၏ သူငယ်ချင်းက ချက်ချင်း ပြောလိုက်သည်။  
ဝက်ဝံကြီးမျိုးစုတွင် ဘာကိုမှ လျို့ဝှက်ထားလို့ မရပေ။ ရှုန်းယယ်နှင့် ရှီလီတို့နှစ်ဦး မိတ်ဖက်မလုပ်တော့မည့် သတင်းမှာ သိပ်မကြာခင်မှာပင် မျိုးနွယ်စုတစ်ခုလုံးဆီ သတင်း ပျံ့သွားတော့သည်။

ကျိုးကျီသည် သူ့ဂူထဲမှာ နေပေမယ့် စိတ်စွမ်းအား ကြောင့် အပြင်က ပြောသမျှ စကားတွေ အကုန် ကြားနေရသည်။ မကြာခင်ကာလများမှ အစားအစာနဲ့ နေရေးထိုင်ရေးကို ဖြေရှင်းနိုင်ရုံမျှသာ တိုးတက်သေးသည့် မျိုးနွယ်စုက လိင်ကိစ္စတွင် စည်းမထားကြပေ။

 ညဘက် အတူနေမည့် အိပ်ဖော် ပြောင်းတာက မထူးဆန်းသလို ထိုအသည်းကွဲနေသည့် ဝက်ဝံညိုလေးက ခြင်္သေ့နှင့်  မိတ်ဖက်မဖြစ်ခြင်းအပေါ် ဘယ်သူမှ ကိုယ်ချင်းစာကာ တွေးပေး နေကြမည် မဟုတ်ပေ။ ဒါ့အပြင် အခြားလူတွေက   ရှုန်းယယ်နှင့် ရှီလီတို့ နှစ်ဦးကြားက အဖြစ်ကို သေချာမသိကြပေ။
 ရှီလီက ရှုန်းယယ်လို လူကို အရင် စွန့်ပစ်လိမ့်မည်ဟု မထင်ထားကြသဖြင့်  ရှုန်းယယ်ကသာ ရှီလီကို ဖြတ်ပစ်လိုက်သည်ဟု ထင်ထားကြသည်။

 
"ရှုန်းယယ်နဲ့ ရှီလီက မိတ်ဖက် မပြုတော့ဘူးဆိုတော့  ဘယ်လောက် ကောင်းလိုက်လဲ။ သူက အင်အားကြီးတဲ့သူပဲ။ ရှုန်းယယ်က အင်အားကြီးမယ့် ကလေးတွေများများ မွေးနိုင်ဖို့ပဲ စဉ်းစားသင့်တာ"

"ရှီလီလည်း ခွန်အားကြီးတာပဲ။ သူ့ကလေးတွေက သူ့လို ခြင်္သေ့ပုံစံနဲ့ပဲ နိုးထမယ်လို့ ထင်တယ်"

"အဲ့နှစ်ကောင်ကလည်း ဘာလို မိတ်မဖက်ကြတော့ တာလဲ မသိဘူးကွာ။ အခု သူတို့ ပြတ်သွားပြီဆိုတော့  ရှုန်းပိုင်နဲ့ လန်ယင်တို့က  ငါတို့ဘက် လှည့်လာမှာ မဟုတ်တော့ဘူး...တောက်"


ယောကျာ်းလေးတွေရဲ့ မခံချိ မခံသာ ပြောဆိုနေတာက တော်သေးသည်။ အခု ရှီလီနဲ့ရှုန်းယယ်လို့ မိတ်မဖက် တော့သည်ကို သိလိုက်တော့ မျိုးနွယ်စုထဲမှ အချို့ မိန်းကလေးတွေက အုပ်စုတစ်စုဖွဲ့ကာ ရှုန်းယယ်နှင့်   အလှည့်ကျ အိပ်ဖို့ပင် စီစဉ်နေကြသည်။


ကျိုးကျီက သားတင်ခံရမည့် မြင်းသိုး သဘောထားကာ ရှုန်းယယ်ကို လုပ်ကြမယ့် အစီစဉ်ကို    ကြားပြီးနောက် ဝက်ဝံလေးကို ရုတ်တရက် သနားစိတ်ဝင်သွားမိသည်။

တိုးတက်မှုနှေးကွေးသော မျိုးနွယ်စုဝင်တွေက   တစ်နေကုန် ဗိုက်ဖြည့်ဖို့ အရင်ဦးစားပေးနေရပြီး နှလုံးသားရေးရာ၊ ချစ်ခြင်းကိစ္စကို မစဉ်းစားနိုင်ကြပေ။
 ပင်ကိုဗီဇအရ   မျိုးဆက်ချန်ထားရန် မျိုးပွားဖို့ကိုပဲ တွေးနေကြသည်။ အခြားလူများအတွက် ခံစားချက်ဆိုတာ  မရေးမပါပေမယ့် ရှုန်းယယ် အတွက်တော့ အရေးကြီးလှသည်။
သူ့အနေဖြင့် မြင်းသိုးတစ်ကောင်လို သားတင်ပြီး ပြီးသွားတာမျိုး မလိုချင်ပေ။ ရှီလီက သူမဟုတ်သည့်  အခြားတစ်ယောက်နှင့် တွဲနေတာမျိုးလည်း မတွေ့ချင်ပေ။


ထိုဝက်ဝံညိုလေးက ဒီညနေမှာလည်း ထပ်ပြီး အသည်းထပ်ကွဲရတော့မှာ သေချာသည်။ ကျိုးကျီသည် ရှုန်းယယ်တစ်ယောက် တီကောင်တွေကို စိတ်ပြေ လက်ပျောက် ထပ်ပြီး သွားတူးနေဦးမလားလို့  တွေးရင်းမှ အသီးတစ်လုံးကို ယူကာ  ကိုက်စား နေလိုက်သည်။


ရှီလီဘက်မှ ရုတ်တရက် စိတ်ပြောင်းသွားတာက ထူးဆန်းနေသည်ဟု ကျိုးကျီ ခံစားနေမိသည်။
မကြာခင်အထိ ဒီနှစ်ယောက်ကြားမှာ အကုန် အဆင်ပြေ နေသေးတာပဲ။  ကိုယ်စားဖို့ အသားကင်နေရင်း ရှီလီအတွက် အမြဲစဉ်းစားပေးတတ်သည့် ရှုန်းယယ်၏ စိတ်ထားလေးကို ကျိုးကျီပင် အားကျမိသည်။ ဒါပေမယ့် တစ်ရက်အတွင်းမှာပဲ  ရှီလီက  ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်။
 
ဒါပေမယ့်လည်း ခြင်္သေ့ဆိုတဲ့ တိရိစ္ဆာန်တွေက အပြောင်းအလဲမြန်တဲ့ သတ္တဝါတွေဖြစ်သည်။ အသက်ငယ်ချိန် အချစ်ရေးမှာ သစ္စာမရှိတဲ့  
  လူရှုပ် တစ်ကောင်နှင့် ကြုံရတတ်တာ မထူးပေ။ ဒီဝက်ဝံလေးက အသည်းကွဲရင်တောင်မှ ပြန်လည်ကုစားနိုင်မည်ဟု ကျိုးကျီယုံကြည်သည်။

 ထိုအချိန်တွင် ရှုန်းယယ်က မြစ်ကမ်းဘေးမှာ တကိုယ်လုံးပေရေနေသည့် သွေးနှင့် ရွှံ့များကို ဆေးကြောသန့်စင်ပြီးနောက်  ကံကောင်းစွာနှင့် ငါးတစ်ကောင် ကို  ဖမ်းမိလိုက်သဖြင့် စိတ်လက် ကြည်လာကာ  အပြန်လမ်းတွင် အခြားလူများနှင့် ရယ်ရယ်မောမော စကားစမြည်ပြောသည်။


 ရှီလီက သူ့ဆန္ဒအရ အရင် လမ်းခွဲစကား ပြောလာသည်ကို ရှုန်ယယ် ခုထိ မယုံသေးပေ။
သူနှင့်ရှီလီတို့ သိကျွမ်းလာခဲ့တာ ရှစ်နှစ်ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ လတချို့ကမှ  တစ်ယောက်နဲ့တစ်ယောက် ဖွင့်ပြောခဲ့ပေမယ့် လွန်ခဲ့တဲ့ 2 နှစ်ကတည်းက သူတို့ တွဲနေပြီလို့ ပြောလို့ရသည်။

 ရှီလီ ဘာကြောင့် စိတ်ပြောင်းသွားတာကို မသိပေမယ့်  
နှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်လာတဲ့ သူ့ခံစားချက်ကို ဒီလို အလွယ်တကူ မစွန့်လွှတ်နိုင်ပေ။


"ရှုန်းယယ်...ဒီမှာ....  မီးတောက်ပန်းပင်က အဖူးတွေတောင် ထွက်နေပြီ"

တစ်ယောက်က လမ်းဘေး  ချုံပုတ်တစ်နေရာကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
ရှုန်းယယ်လည်း  လှည့်ကြည့်လိုက်လေရာ  အနီရောင်ပန်းဖူးငုံလေးများ တွေက လေပြေအေးထဲ ယိမ်းနွဲ့နေတာကို တွေ့လိုက်ရသည်။

 
မီးတောက်ပန်းတွေကို  သားရဲနတ်ဘုရားရဲ့ သွေးနှင့် ဖန်ဆင်းထားတယ်လို့ အဘဘုန်းတော်ကြီးက ပြောခဲ့ဖူးသည်။ ဒဏ္ဍာရီတွေအဆိုအရ ဟိုးရှေးရှေးတုန်းက လူသားတွေက သားရဲပုံစံ မပြောင်းလဲနိုင်သေးသလို  ကလေးတစ်ယောက် အရွယ်ရောက်ဖို့လည်း အရမ်းကြာသည်။

 ထိုအချိန်က လူသားတွေရဲ့ကိုယ်က ချိနဲ့ သေးငယ်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်သည့် အမွှေးများ၊ လက်သည်းချွန်များ လည်း မရှိကြသဖြင့် အသားစားဒိုင်နိုဆောများ၏ အစားဖြစ်ခဲ့ရသည်။ အတွက် စားချင်စရာလေးတွေ ဖြစ်နေခဲ့ကြသည်။ ထိုအချိန်က လူသားတို့သည် အသားမစားနိုင်ပဲ မြက်များ၊ အသီးများနှင့်  အင်းဆက် များ စားကာ အသက်ရှင်သန်ခဲ့ ရသည်။


ထို့နောက် သားရဲနတ်ဘုရား ရောက်ရှိလာပြီး
 လူသားတွေ ကို သားရဲပုံစံဖြင့် နိုးထစေရန် အစွမ်းပေးသနားခဲ့သလို   အခြားပညာရပ်များစွာ ကိုလည်း မျှဝေပေးခဲ့သည်။ လူသားတို့ ပျော်ရွှင်စွာ နေထိုင်နိုင်ရန် တောင်ခန့် ကြီးမားသော  လူသားစား ဒိုင်နိုဆောများကို သုတ်သင်ရှင်းလင်းပေးခဲ့ သည်။


ယခုလည်း သားရဲနတ်ဘုရားက လူသားတွေကို ကောင်းကင်ထက်မှနေ ကြည့်ရှုစောင်မ ပေးနေသေး သည်။ ထိုဒိုင်နိုဆောကြီးများနှင့် တိုက်ခိုက်ခဲ့စဉ်က မြေပေါ်ကျခဲ့သော သားရဲနတ်ဘုရား ၏ သွေးစက်တွေကနေ မီးတောက်ပန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်ဟု ဆိုကြသည်။


သားရဲနတ်ဘုရားသည် တစ်နှစ်ပတ်လုံး အိပ်မောကျနေတတ်ပြီး တစ်နှစ်မှာ တစ်ကြိမ် နိုးထလာချိန်တွင် မီးတောက်ပန်းတွေက သားရဲနတ်ဘုရားကို ကြိုဆိုရန် ပွင့်ဖူးလေ့ရှိသည်ဟု ဆိုသည်။

ရှုန်းယယ်သည် ယခင်က မီးတောက်ပန်းများကို သဘောကျပေမယ့် အခုတော့ ဒီပန်းကိုမြင်ရင် ပျက်ပြားသွားသည့် မိတ်ဖက်ပွဲကို ပြန်သတိရကာ ရင်နာနေမိသည်။

 ရှုန်းယယ်နှင့်အတူ ရေချိုးလိုက်ခဲ့သူတစ်ဦးက မေးလိုက်သည်။

 "ရှုန်းယယ်... မင်း နဲ့ရှီလီ တကယ် မိတ်ဖက်တော့ မလို့လား ။ မင်းတို့ မျိုးဆက်  ကလေးမလိုချင်တော့ ဘူးလား"


ရှုန်းယယ်က  ခေါင်းကုတ်ကာ ပြန်ရောက်လျှင် ရှီလ်ီကို   သေသေချာချာ ထပ်မေးရန်  ဆုံးဖြတ်လိုက်သည်။


 ရှီလီ  ရုတ်တရက် ဘာကြောင့် စိတ်ပြောင်းသွားရတာလဲ..။


ရှုန်းယယ်တို့ အဖွဲ့ မျိုးနွယ်စုဂူကို ပြန်ရောက်ရောက်ချင်း
အသက် 20 အရွယ် ကလေးတစ်ယောက် ရထားပြီးဖြစ်သည့်   မိန်းမပျိလေးက  ရှုန်းယယ်ကို လှမ်းမေးလိုက်သည်။

 "ရှုန်းယယ် ...ငါ...နင့်ကို ကြိုက်တယ်။  ငါနဲ့ ကလေး ယူမလား"

"မယူချင်ဘူး"

 ရှုန်းယယ်က မစဉ်းစားပဲ ချက်ချင်းငြင်းလိုက်သည်။

 
  "ရှုန်းယယ် ...နင်က ဘယ်လို မိန်းမမျိုး ကြိုက်တာလဲ"

ထိုမိန်းကလေးက ဆက်မေးလိုက်တော့ ရှုန်းယယ်က မျက်မှောင်ကြုတ်ကာ ခါတိုင်းလို ဖြေလိုက်သည်။

  "ငါက  ရှီလီနဲ့ မိတ်ဖက်တော့မှာ"

"ဒါပေမဲ့ ရှီလီက နင်နဲ့ မိတ်မဖက်တော့ဘူးလို့ ပြောနေတယ်။ သူက လန်ယင်နဲ့ နေဖို့တောင် လုပ်နေပြီ "

 ထိုမိန်းမပျိုက ရှင်းပြလိုက်တော့ ရှုန်းယယ် ချက်ချင်း မျက်နှာပျက်သွားတော့သည်။ မနေ့က ရှီလီက သူနှင့်မိတ်မဖက်ချင်တော့ပဲ ကလေးလိုချင်သည်ဟု ပြောခဲ့တုန်းက သူ မယုံခဲ့ပေ။ ရှီလီက  သူနှင့်ပြတ်ပြီး တစ်ရက်အတွင်း လန်ယင်ကို ရွေးသွားမည်ဟု သူ လုံဝ မထင်ထားမိပေ။

ရှုန်းယယ်၏ရင်ဘတ်ထဲ အပေါက်ကြီးတစ်ခု ဖြစ်သွားသလို ခံစားလိုက်ရပြီး သူ့တကိုယ်လုံး အေးစက်လာခဲ့သည်။

 သူ ရှီလီကို သွားရှာပြီး ထပ်မံထိုးကြိတ်လိုက်ချင် ပေမယ့် သူတို့ ဘာမှ မသက်ဆိုင်တော့ဘူး၊ ဒီလိုလုပ်ခွင့်မရှိတော့ဘူးဆိုတာ သတိရလိုက်သည်။


 ရှီလီက သူနှင့်  ဆက်မတွဲချင်တော့ပါဘူးလို့  မနေ့က အပြတ်ပြောခဲ့ပြီးဖြစ်လို့ သူက  ရှီလီရဲ့ ကိစ္စများမှာ ဝင်စွက်ဖက်ခွင့်မရှိတော့ပေ။

 
ရှုန်းယယ်သည် ခြောက်ကပ်ကပ် ရယ်လိုက်ပြီး ပြောလိုက်သည်။

  "နင်တို့ သိမယ်လို့ ငါ မထင်ထားမိဘူး။  "

 
ရှုန်းယယ်နှင့်ရှီလီပြတ်သွားပြီဆိုတာ အခုမှ သိလိုက်ရသည့် လူအုပ်ကြီးက ရှုန်းယယ်၏ပုံစံကို ကြည့်ကာ တခုခုမှားနေပြီဆိုတာ သိလိုက်သည်။ ရှုန်းယယ်က ရှီလီကို ဆက်မတွဲချင်လို့ ဖြတ်ထားတယ် ထင်ထားပေမယ့် တကယ့်အဖြစ်မှန်က ဒီလို မဟုတ်လောက်ပေ။

 
ရှုန်းယယ်က ထိုမိန်းကလေးကို  ထပ်ပြောလိုက်သည့် စကားကို ကြားလိုက်တော့ အားလုံး ကြောင်တောင်တောင် ဖြစ်သွားသည်။
 
 "ရှီလီနဲ့ မိတ်မဖက်တော့ပေမယ့် ငါ မိတ်ဖက်ပြီး အတူတူနေဖို့ တခြား ယောက်ျားတစ်ယောက်ကို ထပ်ရှာဦးမှာပဲ"

ရှုန်းယယ်က သူ  ယောက်ျားတွေကိုသာ သဘောကျမှန်း သူ့ဖာသာ သေချာသိပြီးသား ဖြစ်သည်။ ဒါကြောင့် သူ့မိတ်ဖက်အတွပ် အခြား ယောက်ျား တစ်ယောက် ကိုသာ ရှာချင်ခဲ့သည်။

အခု ရှီလီလည်း မရှိတော့ဘူးဆိုတော့ ဘယ်သူ့ကို သွားရှာရတော့မလဲ... တခြားလူတွေလို
အားတိုင်း လက်တွဲဖော်ပြောင်းနေတာမျိုးကိုလည်း  သူ မလုပ်ချင်ပေ။ သူ့ကတော့ အသက်ငယ်ရွယ်စဉ်မှာ ကတည်းက တည်ငြိမ်တဲ့ ဘဝနဲ့ ချစ်ရမယ့် မိတ်ဖက်တစ်ယောက်ကိုပဲ လိုချင်ခဲ့သည်။

 
ရှုန်းယယ်ဆီက ဒီစကားကိုကြားတော့  မျိုးနွယ်စုထဲက အားနည်းပြီး သားရဲပုံစံကောင်းကောင်း မရခဲ့သည့်  ကောင်လေးတွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ် လာကြသည်။

 
မျိုးနွယ်စုထဲမှ မိန်းမတွေက အားနည်းသည့်  ယောက်ျားများကို အထင်အမြင်သေးကြသည်။ ဒါကြောင့် သူတို့နဲ့အတူနေပြိး ကလေးမွေးပေးမည့် မိန်းမများကို ရှာမရခဲ့ဘူးဆိုရင်တော့ ရှုန်းယယ်ကို မိတ်ဖက်တာက သူတို့ဘဝအတွက် အာမခံချက်ရစေဖို့ အကောင်းဆုံးရွေးချယ်မှု တစ်ခု ဖြစ်သည်။
ကောင်လေးတစ်ယောက်က ရှေ့ထွက်လာပြီး ရှုန်းယယ်ကို ပြောမယ်အပြု ခေါင်းဆောင် ရှုန်းဟော်က လှမ်းအော်ပြောလိုက်သည်။

 "အသားဝေမယ်ဟေ့"

ထို့နောက် အားလုံး ရှုန်းဟော်ဆီကို အလုအယက်  သုတ်ချေတင်ပြေးကြတော့သည်။ လက်တွဲဖော် ရှာဖို့က အရေးကြီးပေမယ့် အစာစားရဖို့က ပိုအရေးကြီးသည် မဟုတ်လား။


****-*****

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now