(U) Chapter (30)_ ညသန်းခေါင်ယံမှာ စနိုက်ဖို့ ကြိုးစားတဲ့ ခြင်္သေ့

8.8K 1.5K 47
                                    

(ဇော်ဂျီသမားများ နောက် တခန်း သတ်သတ် တင်ပေးထားပါတယ်)


Chapter (30)_ ညသန်းခေါင်ယံမှာ စနိုက်ဖို့ ကြိုးစားတဲ့ ခြင်္သေ့


ရှုန်းယယ်မှာ ဆက်ပြီး ခေါင်းလျှော်ခံချင်ပေမယ့် ကျိုးကျီက အပြီးသတ်ကာ ပြောလိုက်သည်။

"ပြန်ရအောင်"

သူတို့နှစ်ယောက် မျိုးနွယ်စုဆီ ပြန်ရောက်တော့ ရှုန်းဟော်ပင် ပြန်ရောက်နေလေပြီ။ ရှုန်းဟော်တို့လည်း သားကောင်ရခဲ့ပေမယ့် ရှုန်းယယ်ရခဲ့သည့် သားကောင်လောက် မကြီးပေ။ ဒီနေ့က ရှားရှားပါးပါး သားကောင်အများကြီး ရခဲ့လို့ မျိုးနွယ်စုဝင်အားလုံး ဝမ်းသာနေကြသည်။

ဒါကြောင့် ဆားအသင်းက လူတွေ သေဆုံးသည့် ဝမ်းနည်းမှုပင် သက်သာသွားသလို ခံစားလိုက်ရသည်။


အရွက်စားဒိုင်နိုဆောတွေက အသားစားဒိုင်နိုဆောတွေကို တွေ့လျှင် ထွက်ပြေးကြ ပေမယ့် သူတို့အဖော်ထဲက တစ်ကောင်ကို မိသွားပြီး အစားခံလိုက်ရရင် ထွက်မပြေးတော့ပဲ အေးအေးလူလူ ဆက်လက် အရွက်ကို စားနေကြသည်။ ဝက်ဝံကြီးမျိုးနွယ်စုက လူတွေက ဒီလိုမျိုးမဟုတ်ပေ။ သေသွားသည့် သူတို့ ဆွေမျိုးတွေအတွက် ပူဆွေးကြပေမယ့် အသက်ရှင်သန်ဖို့ ခက်ခဲသည့် အချိန်တွင် ကြာရှည်စွာ ဝမ်းမနည်းနိုင်ကြပေ။


"အမဲလိုက်သမားတိုင်းက အသား 10 ကီလိုစီ ရကြမှာကွ "

"စုဆောင်းရေးအဖွဲ့ဝင်တွေတောင် ဝေစုအတော်ရမှာ သေချာတယ်"


"ဒီ ဒိုင်နိုင်ဆောရဲ့ ဒိုင်းကာကြီးကို ဆားနဲ့လဲရင် အတော်ရမှာပဲကွ... . "



မျိုးနွယ်စုဝင်များက ဒိုင်နိုဆောအသားကို လှီးဖြတ်ရင်း စကားပြောနေကြသည်။ တချို့က အမဲလိုက်ရာမှ ရခဲ့သည့် သူတို့ဒဏ်ရာကို ပြကာ ကြွားနေကြသည်။ ရှုန်းပိုင်လည်း သူ့ဘေးမှာ ဝိုင်းနေသည့်လူတွေကို ကြွားနေသည်။


မိန်းကလေးဖြစ်ပေမယ့် အနေထိုင်ကြမ်းတမ်းလှသည့် ရှုန်းပိုင်ကို ကျိုးကျီ နားလည်ပေးလို့ မရဖြစ်နေသည်။ ဒါပမေယ့် အခြားလူတွေက သူ့လို မထင်ကြပဲ ရှုန်းပိုင်ရဲ့ ပုံစံကို သဘောကျနေကြသည်။

ဒီလူအုပ်ထဲတွင် သန့်ရှင်းစင်ကြယ်နေသည့် ကျိုးကျီနှင့် အခုမှ ရေချိုးလာသည့် ရှုန်းယယ်က ထင်းထွက်နေသည်။


အစက ရှုန်းယယ်ကို ပုခုံးပုတ်ကာ ချီးကျူးစကားပြောချင်သူတွေက ရေချိုးပြီး သန့်ပြန့်နေသည့် ရှုန်းယယ်ကို ကြည့်ကာ မပုတ်ရဲတော့ပေ။ ထိုစဉ် ရှုန်းချီရောက်လာပြီး ပြောခဲ့သည်။

"ရှုန်းယယ်... မင်း ဒီနေ့ အမဲလိုက်တဲ့ပုံက အရမ်းလေးစားဖို့ကောင်းတယ်လို့ ကြားတယ်။ မင်းက ထူးဆန်းတဲ့ ဒိုင်နိုဆောကြီးကို ဖမ်းမိလာသေးတယ်ဆို။ အရမ်းမိုက်တာပဲကွာ "

ရှုန်းယယ်မှာ ရှုန်းချီ၏ ချီးမွန်းစကားကြောင့် ရှက်သွားပြီး ကျိုးကျီက ဘာပြောရမှန်းမသိတော့ပေ။

ရှုန်းချီက ဘယ်လိုဖြစ်ပြီး ခုလို ပြောဆိုတတ် လာခဲ့ တာလဲ။ ကံကောင်းပြီး ရှုန်းဟော်က အားလုံးကို ရေသွားချိုးရန် အော်ပြောလိုက်လို့ ရှုန်းချီ၏ချီးမွန်းခန်းက ရပ်သွားခဲ့သည်။


"မင်းတို့အားလုံး မြစ်ထဲသွားပြီး ရေချိုးလိုက်ကြတော့ဟေ့။ သွေးတွေပေပြီး ဘာပုံပေါက်နေပြီလဲ။ တစ်လက်စတည်း ကလီစာတွေကို ယူသွားပြီး တခါတည်း ဆေးလာခဲ့လိုက်၊ ရေချိုးပြီး ပြန်လာရင် အသားခွဲဝေကြမယ် "


"ဟုတ်ကဲ့ပါ "

အမဲလိုက်သမားများက သံပြိုင်ပြောကာ မြစ်ဘက်ကို ပြေးကာ ရေဆင်းချိုးကြစဉ် ရှုန်းယယ်နှင့် ကျိုးကျီက မြစ်ထဲကနေ ရှုန်းယယ်က သူ့ကိုယ်နှင့် မျှားကာ ဖမ်းလို့ရလာသည့် အသားစားငါးတစ်တွဲကို သူတို့ဂူထဲ သွားထားလိုက်ကြသည်။

အသားစားငါးဆိုပေမယ့် သူတို့က လူသားစားနိုင်သည် အထိ မကြီးသေးပေ။ သွေးနံ့ကို အာရုံခံနိုင်ပြီး အုပ်စုလိုက် ဝိုင်းတွတ်ကြရုံသာဖြစ်သည်။

ဒဏ်ရာရထားသော လူတစ်ယောက်သာ ရေထဲ ကျသွားလျှင် သေချာပေါက် ဒီအသားစားငါးတွေ ဝိုင်းတွက်တာ ခံရလိမ့်မည်။ ထိုလူက ဒဏ်ရာပြင်းထန်လို့ မလှုပ်ရှားနိုင်ပါက အရိုးချည်းကျန်အောင် အစားခံရဖို့ သေချာသည်။

"ဒီ အသားစားငါးတွေက အရမ်း အရသာရှိတယ်။ တစ်ခါက ငါ ခြေထောက်ဒဏ်ရာနဲ့ ရေထဲ ဆင်းပြီး ငါး ဖမ်းမိတာ အဲ့ဒီငါးတွေ ငါ့ဆီ ဝိုင်းအုံလာကြတယ်။ ငါလည်း ဗိုက်ဆာဆာနဲ့ အကုန်ဖမ်းပြီး စားပစ်လိုက်တာကွ။ အရမ်းအရသာရှိတယ်... "

ရှုန်းယယ်သည် သူ ကလေးဘဝမှ ဗိုက်အရမ်း ဆာနေသည့်အချိန် ငါးလို့ မမိလို့ စိတ်တိုနေစဉ် မထင်မှတ်ပဲ အသားစားငါးကို မျှားကာ ဖမ်းလို့ရမယ့် နည်းကို တွေ့ခဲ့ကြောင်း ကျိုးကျီကို မျှဝေပြောပြ ပေးနေသည်။


နောက်ပိုင်းတွင် သူက အမဲလိုက်လို့ အခုလို သွေးတွေ ပေနေချိန်မှာ ရေထဲ ခုန်ဆင်းလိုက်ရုံနှင့် အသားစားငါးကို မျှားနိုင်သည့် နည်းကို တွေ့လာခဲ့သည်။ ဒါပေမယ့် နောက်ပိုင်း အသားစားငါးတွေ ပိုပိုရှားလာခဲ့တာ ကံဆိုးတာပဲ။

ရှုန်းယယ်က ဒါကို စိတ်ဝင်စားစရာ ဇာတ်လမ်းလိုပြောပြပေမယ့် ငယ်ငယ်ရွယ်ရွယ်နှင့် ဝက်ဝံပေါက်လေးက အစားတစ်လုပ်အတွက် ဒီလောက် ကြိုးစားခဲ့ရသည်ကို တွေးမိကာ ကျိုးကျီ ဝမ်းနည်းလာမိသည်။


ကမ္ဘာကြီး၏ အဆုံးသတ်မှာ ရုန်းကန်ရှင်သန်ခဲ့ရသည့် ကျိုးကျီက အခု သူနေရသည့် ဘဝကို အေးချမ်းလှပြီဟု ထင်နေ ပေမယ့် ရှုန်းယယ်ရဲ့ငယ်ဘဝက အတော်ရုန်းကန်ခဲ့ရမှာပဲ ဟုတွေးကာ ဂရုဏာသက်စွာ ပြုံးလိုက်မိသည်။

ကျိုးကျီပြုံးလိုက်တာကိုတွေ့တော့ ရှုန်းယယ်က ပျော်သွားခဲ့သည်။

သူတို့ရဲ့အသားဝေစုကို ယူဖို့ ချိုင်ဝှမ်းထဲ ပြန်ဆင်းလာစဉ် သူက ပျော်ရွှင်စွာ ဆက်လက် စကားပြောနေခဲ့သည်။

"ရှုန်းယယ်"

"အဘဘုန်းတော်ကြီး ....ကိစ္စတစ်ခုခု ရှိလို့လား"

ဘုန်းတော်ကြီးဆီက ခေါ်သံကြားရတော့မှ စကားပြောရပ်ကာ ရှုန်းယယ်က မေးသည်။

"မင်း.. ရှုန်းချီကို ဘယ်လို ဆေးပင်တွေ ပေးလိုက်တာလဲ။ အဲ့ဒီဆေးပင်က ဘာကြောင့် အရမ်း စွမ်းနေတာလဲ "


ဒီနေ့ တနေကုန် ရှုန်းချီက ရှုန်းယယ်အကြောင်းကို နည်းပေါင်းစုံချီးကျူးနေသဖြင့် ဘုန်းတော်ကြီးလည်း ကြားလိုက်ရကာ ဆေးပင်အကြောင်းကို သိချင် သွားခဲ့သည်။

"ကြည့်ရတာ... မင်းက ဒဏ္ဍာရီလာ သားရဲနတ်ဘုရားအသီးကို တွေ့ခဲ့တာများလား... "


သူ့ဆရာဖြစ်သူ ယခင်ဘုန်းတော်ကြီးက ပြောပြခဲ့သဖြင့် လက်ရှိဘုန်းတော်ကြီးက အပြင်လောကမှာ သားရဲနတ်ဘုရားအသီးလို့ အစွမ်းထက်သည့် အပင်များစွာရှိသည်ကို သိထားသည်။


သားရဲနတ်ဘုရားအသီးသည် သေးငယ်ပေမယ့် အရောင်က ရဲရဲနီနေသည့် အသီးဟု ကြားဖူးသည်။ ထိုအသီးကို တကိုက်စားမိသည်နှင့် ခွန်အားကြီးသည့် သားရဲဘုရင်ဖြစ်နိုင်သည်ဟု ဆိုထားကြသည်။ ဘုန်းတော်ကြီးက ထိုအသီးကို မမြင်ဖူးပေမယ့် သူ့ဆရာက ပြောခဲ့လို့ ဒီအသီးရှိသည်ကို တကယ်ယုံကြည်သည်။ ပုံပြင်တွေအရ ထိုအသီးကို သားရဲလူသားများအတွက် သားရဲနတ်ဘုရားက ပေးအပ်ခဲ့သည့် လက်ဆောင်ဟု ဆိုကြသည်။

"မဟုတ်ပါဘူး။ ကျွန်တော်က သားရဲနတ်ဘုရား အသီးကို ဘယ်လို ရှာတွေ့နိုင်ပါ့မလဲ။ ရှုန်းချီကို ပေးလိုက်တာ သာမန်ဆေးပင်လေးပါပဲ"

ရှုန်းယယ်သည် ပြောရင်း ကျိုးကျီကို ကြည့်လိုက်လို့
ကျိုးကျီက ဝင်ပြောပေးလိုက်သည်။

" အဲ့ဒီ အပင်က အိပ်ပျော်စေတဲ့ အစွမ်းရှိတဲ့ ဆေးပင် ပါ။ ကွျွန်တော် ငယ်ငယ်က အမေက ကျွန်တော့်ကို ဒီဆေးပင် တိုက်ဖူးတယ် "

"အဲ့ဒီဆေးပင် ရှိတယ်တဲ့လား"

ဘုန်းတော်ကြီးမှာ အံ့အားသင့်ကာ မေးလိုက်သည်။


"ဟုတ်ကဲ့။ ရှိပါတယ်။ ဆေးစားပြီးရင် အရမ်းနေလို့ ကောင်းတယ်။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားပြီး ခန္ဓာကိုယ်က ပြန်ကောင်းလာပါတယ်။ ရှုန်းယယ်နဲ့ ကျွန်တော်လည်း အဲ့ဒီဆေးပင်ကို စားဖူးတယ်။ ရှုန်းချီက သူ့ဒဏ်ရာ နာလွန်းလို့ အိပ်မပျော်နိုင်ဘူးလို့ ကြားလို့ သူ့ကို ခွဲပေးလိုက်တာပါ။ "


ကျိုးကျီ၏ စကားကို ကြားတော့ ဘုန်းတော်ကြီးက သဘောပေါက်သွားခဲ့သည်။ သူက ရှုန်းချီ၏
ဒဏ်ရာများကို ပျောက်အောင် မကုနိုင်ခဲ့ပေ။ ဒါပေမယ့် ရှုန်းချီက ရှုန်းယယ်ပေးလိုက်သည့် ဆေးကို စားပြီး တညတည်းနှင့် ပြန်သက်သာလာသည့်အတွက် နတ်ဆေးပင်နှင့်ကုသလားဟု ထင်ခဲ့မိပေ။

အခုတော့ အိပ်ပျော်စေသည့် ဆေးပင်ကို ပေးလိုက်တာကိုး...

"အဲ့ဒီ ဆေးပင်က ဘယ်လိုပုံစံမျိုးရှိသလဲ။ ငါ့ကို ပြောပြပါဦး။ ရှိသေးရင် ငါ့ကို ကြည့်နိုင်ဖို့ နည်းနည်းပေးပါလား "

"ကျွန်တော် ကျန်တဲ့အပင်အကုန်လုံး ရှုန်းချီကို ပေးလိုက်ပြီ"

ကျိုးကျီက ပြောလိုက်တော့ ဘုန်းတော်ကြီးက တက်ကြွစွာပြောလိုက်သည်။

"ငါ ရှုန်းချီဆီကို ချက်ချင်း သွားမေးလိုက်မယ် "

ဘုန်းတော်ကြီး ထွက်သွားသောအခါ ကျိုးကျီက ရှုန်းယယ်ဘက် လှည့်ကာ တောင်းပန်လိုက်သည်။

"ငါ တောင်းပန်ပါတယ်။ အရင်က မင်းကို မပြောပဲ ဒီဆေးပင်တွေ ကျွေးခဲ့မိတယ်..."

"ဘာတောင်းပန်စရာလိုလို့လဲ။ မင်းက ငါ့ အတွက် ကောင်းဖို့ လုပ်ပေးခဲ့တာပဲလေ။ ဒါကြောင့် ငါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာကိုး။ ကောင်းကောင်းအိပ်ပျော်ရင် ကျန်းမာရေးကောင်းတယ် ဆိုတာ တကယ်ပဲ။ အခုကြည့်စမ်းပါဦး။ ငါ အိပ်ရေးဝလို့ အရမ်းကို ကျန်းမာလာပြီ။ နောက်ပိုင်း ငါ အဲ့ဆေးပင်တွေ ထပ်ရှာပြီး စားရဦးမလား "

ရှုန်းယယ်က ကျိုးကျီကို လုံးဝ မပြစ်မတင်ပေ။

"ရတယ်။ မင်းစားဖို့ မလိုတော့ဘူး။ အခု မင်း ဒီဆေးပင်တွေ မစားလည်း အိပ်ပျော်နေပြီလေ "

" ဟုတ်တယ်။ ငါ အခုနောက်ပိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ စားစရာမလိုတော့ဘူး "

ရှုန်းယယ်သည် ကျိုးကျီမကို ဒီလောက်ကောင်းတဲ့ ဆေးပင် သူ့ကို ကျွေးခဲ့တာ ဖြုန်းတီးရာကျသည်ဟု ပြောမလို့ပြင်နေစဉ် ထိုစဉ်က သူက ရှီလီနှင့် လမ်းခွဲပြီးကာစဖြစ်ကာ ညည အိပ်မပျော်နိုင်ခဲ့သည်ကို သတိရသွားသည်။ နောက်ပိုင်း ကျိုးကျီ သူ့ကို အစားအစာတွေနဲ့အရွက်တွေ ချက်ကျွေးတာ စားပြီးမှ သူ အိပ်ပျော်နိုင်ခဲ့သည်။

ကျိုးကျီက သူ့ကို အရမ်းဂရုစိုက်ပေးခဲ့တာပဲ...

ဒီလိုတွေးမိပြီး ရှုန်းယယ်၏ အသည်းနှလုံးက ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။


ကျိုးကျီ : ဒီဝက်ဝံလေးက အရမ်းအရမ်းကို စိတ်ထား ကောင်းတာပဲ။ သူက အရမ်းကို ယုံလွယ်လွန်းတယ်။ ဘုန်းတော်ကြီးကိုတောင် လွယ်လွယ်နဲ့ လှည့်စားနိုင်သေးတာ။ ဒီဝက်ဝံလေးဆိုရင် ပြောမနေနဲ့တော့...


ကျိုးကျီနှင့် ရှုန်းယယ်တို့ စကားပြောနေစဉ် ဘုန်းတော်ကြီးက ရှုန်းချီကို သွားရှာကာ ရှုန်းယယ် ပေးခဲ့သော ဆေးပင်များကို တောင်းခဲ့သည်။
ရှုန်းချီသည် ဘုန်းတော်ကြီးကို လေးစားသူဖြစ်လို့ ဆေးပင်များကို မြန်မြန် ထုတ်ပေးကာ ပြောလိုက်သည်။

"အဘဘုန်းတော်ကြီး ... ဒီဆေးပင်က အရမ်း အစွမ်းထက်တယ်။ တန်ဖိုးကြီးမယ့်ပုံပဲ "

"အေး ... ဒီဟာက ငါ တစ်ခါမှ မမြင်ဖူးတဲ့ ဆေးပင်မျိုးပဲ။ သားရဲနတ်ဘုရားက ငါတို့ကို စောင့်ရှောက်လို့ ဒီဆေးပင်ကို ပေးခဲ့တာ ဖြစ်မယ်။ ရှုန်းယယ်က မင်းကို ဒီလို အဖိုးတန်တဲ့ ဆေးပင်ကို ပေးခဲ့တယ်ဆိုတော့ သူက အရမ်းကို စိတ်ထားကောင်းတာပဲ... "


ဘုန်းတော်ကြီးသည် ရှုန်းယယ်ပေးခဲ့သည့် ပျားရည်ချိုချိုလေးကို စွဲနေပြီဖြစ်လို့ ရှုန်းယယ်ရဲ့ ကျေးဇူးတရားကို သိစေရန် ရှုန်းချီကို အခုလို ရှုန်းယယ် ကောင်းကြောင်းကို တမင်ပြောလိုက်သည်။


ရှုန်းယယ်က နောင်တွင် ဝက်ဝံကြီးမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်လာနိုင်လို့ ရှုန်းချီကို အရင်လို ရှုန်းယယ်ကို မထင် မသေးစေရန် တမင်ပြောလိုက်တာဖြစ်ည်။

ရှုန်းချီက နဂိုကမှ ရှုန်းယယ်၏ကျေးဇူးကို ရင်ထဲ ထည့်ထားသူဖြစ်လို့ ဘုန်းတော်ကြီး အခုလိုပြောလိုက်တော့ ရှုန်းယယ်ကို ပိုလို့ ကျေးဇူးတင်သွားမိသည်။

****-***


ရှီလီသည် ရှုန်းချီ ပုံမှန်အတိုင်း လမ်းလျှောက်လာနိုင်သည်ကို မြင်တော့ မျက်မှောင်ကြုတ်လိုက်မိသည်။ အရင်ဘဝတုန်းက ရှုန်းချီက ဆားလဲရာမှ အပြန် ဒဏ်ရာရလာပြီး ထိုဒဏ်ရာကို ဂရုမစိုက်ပဲ အမဲလိုက်သွားမိရာမှ
ဒဏ်ရာက ပိုဆိုးဝါးလာခဲ့ပြီး နောက်ဆုံးတွင် လမ်းဖြောင့်ဖြောင့် မသွားနိုင်တော့ပဲ အမဲလိုက်နိုင်သည့် စွမ်းရည် ဆုံးရှုံးခဲ့ရသည်။

ရှုန်းချီက ဒုက္ခိတဖြစ်ကာ ရှုန်းဟော်လည်း သေသွားပြီးသည့်နောက်ပိုင်း သူက မျိုးနွယ်စု ခေါင်းဆောင်ဖြစ်ခဲ့သည်။


အခု ဘာကြောင့် ရှုန်းချီက ပြန်ကောင်းနေတာလဲ။ သူတို့ တိုက်ခိုက်တုန်းက ဒဏ်ရာဟောင်းပေါ်ကို တမင်သက်သက် ထိုးနှက်လိုက်သေးတာပဲ ။ တကယ်ဆိုရင် ဒဏ်ရာက အရင်ဘဝကထက် ပိုဆိုးလာရမှာ မဟုတ်ဘူးလား။


သူ ပြန်လည်မွေးဖွားလာပြီးနောက် ကိစ္စအတော်များများ ပြောင်းလဲသွားသဖြင့် ရှီလီ စိတ်ပူလာသည်။

ရှီလီ အတွေးများနေစဉ် ရှုန်းချီက နျိုအာဆီကို သွားကာ ဆေးပင်အကြောင်းကို ပြောပြခဲ့သည်။ နျိုအာက သူ့ထက် ဒဏ်ရာဆိုးပြီး သေခါနီးအခြေနေကနေ ပြန်ကောင်းလာခဲ့တာ။ သေချာပေါက် ရှုန်းယယ်၏ဆေးပင်ကြောင့် ဖြစ်ရမည်။ နျိုအာက ပင်ကိုယ် စကားနည်းပြီး များသောအားဖြင့် သူ့ဂူထဲမှာပဲနေတတ်လို့ ရှုန်းချီက တမင်သွားလည်ကာ ပြောပြ ခဲ့တာဖြစ်သည်။

ရှုန်းယယ်ရဲ့ဆေးပင်ကြောင့် သူလည်း ဒုက္ခိတ မဖြစ်သလို နျိုအာလည်း မသေခဲ့ပေ။ ဒီအကြောင်းစဉ်းစားမိတော့ ရှုန်းချီက ရှုန်းယယ်ကို ပိုပြီးကျေးဇူးတင်လာမိသည်။ နျိုအာက အစကတည်းက စကားနည်းသူဖြစ်ပြီး ရေရေလည်လည်မပြောတတ်ပေမယ့် ကျေးဇူးတရားနှင့် ကြင်နာမှုကို နှလုံးသားနှင့် ခံစားတတ်သူဖြစ်လို့ ရှုန်းချီပြောပြသည်ကို ကြားတော့ သူ့ညီလေးကို ကျေးဇူးတင်ပြီး မျက်ရည်များကျ လာခဲ့သည်။ နောင်မှာ သူ့ညီ လိုအပ်သမျှကို ကူညီပေးမည်ဟု စိတ်ထဲကနေ ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ရှုန်းချီကတော့ ရှုန်းယယ်၏ကျေးဇူးကို ချီးကျူးလို့မဆုံးတော့ပေ။

ရှုန်းဟော်က အသားဝေစုခွဲတော့ အမဲလိုက်သမားများက ဝေစုအတော်များများရကာ ရှုန်းချီနှင့် နျိုအာပင် အသားအတော်ရခဲ့သည်။ ရှုန်းဟော်က သူတို့ကို အသားဝေစုပိုပေးကာ သေချာစားပြီး ဒဏ်ရာပျောက်အောင် အားမွေးခိုင်းထားသည်။

ဒါကြောင့် ရှုန်းချီနှင့် နျိုအာလည်း အသားဝေစုကို ကင်စားပြီး အိပ်ရေးဝအောင် အိပ်ဖို့ သူတို့ဂူကို တက်သွားကြသည်။ သားရဲလူသားတွေအတွက် အစားဝဝစားပြီး အိပ်ရေးဝဝအိပ်လိုက်ရုံနှင့် တော်ရုံတန်ရုံဒဏ်ရာက သူ့ဖာသာပြန်ကောင်းလာနိုင်သငည်။


ဒီနေ့က ခွဲပေးသည့် အသားက များလွန်းလို့ စုဆောင်းရေးအဖွဲ့က ရှာဖွေလို့ရလာသည့် အသီးအရွက်များကို ခွဲမနေတော့ပဲ ကျောက်အိုးကြီးထဲ ကလီစာတွေနဲ့ ရောပြုတ်ကာ လူတိုင်း ကြိုက်သလောက် ခပ်သောက်ရန်ထားလိုက်သည်။


စုဆောင်းရေးအဖွဲ့ခေါင်းဆောင်သည် ကျိုးကျီက စုဆောင်းရေးတွင် မလိုက်သည့်အတွက် ရှုန်းဟော်ကို တိုင်တန်းတော့သည်။

"ခေါင်းဆောင် .... ကျိုးကျီက စုဆောင်းရေးအလုပ်ကို အရင်တုန်းကလည်း သေချာမလုပ်ဘူး။ ဒီနေ့လည်း သွားခေါ် ပေမယ့် မလိုက်ဘူး။ ဒါကြောင့် သူ့အတွက ် အသားဝေစု မပေးသင့်ပါဘူး "


မျိုးနွယ်စုအတွက် အလုပ်မလုပ်ပေးလျှင် မျိုးနွယ်စုထဲက လူတွေက ထိုလူကို အထောက်ပံမပေးပဲ ဖယ်ကြဉ် ထားကြသည်။ စုဆောင်းရေး အဖွဲ့ခေါင်းဆောင်က ကျိုးကျီတစ်ယောက် ဖယ်ကြဉ်ခံရကာ ရှုန်းယယ်က စိတ်မဝင်စားတော့သဖြင့် ကျိုးကျီ ဒုက္ခ ရောက်သည် ကို မြင်ချင်နေခဲ့သည်။


ဒါပေမယ့် သူ ဖြစ်စေချင်သလို ဖြစ်မလာခဲ့ပေ။


" ဒီနေ့ ငါ ကျိုးကျီကို စားစရာ ဘာမှ မပေးရဘူး။ အရင်ကတည်းက ကျိုးကျီက သူ့ဝေစုကို လာမယူတတ်ဘူး။ ဒီနေ့ တော့ သူ့ ဝေစုကို မပေးပါနဲ့လို့ ငါ့ကို လာပြောသွားတယ်။ "


စုဆောင်းရေးအဖွဲ့ခေါင်းဆောင် : "....." မ ဖြစ်နိုင်တာ....

ရှုံဟယ်က အံ့သြ နေသည့် စုဆောင်းရေးအဖွဲ့ ခေါင်းဆောင်ကို ရှင်းပြလိုက်သည်။

"ရှုန်းယယ် လည်း လာပြောသွားသေးတယ်။ ကျိုးကျီက သားရဲပုံစံလည်း မနိုးထလာသေးဘူး။ အလုပ်လုပ် တာလည်း နှေးတဲ့ အပြင် ကျန်းမာရေးလည်း သိပ် မကောင်းလို့ နောက်ပိုင်း သူ့ကို သူလိုက်ချင်လည်း လိုက်ပါစေ။ စုဆောင်းရေး မလိုက်ချင်လည်း ထားလိုက်တော့။ သူ့ကို ရှုန်းယယ်က ဂရုစိုက်ပေးနေတာပဲ"

"ခေါင်းဆောင် အဲ့လိုမျိုး လုပ်လို့မရဘူးလေ။ မျိုးနွယ်စုရဲ့ စည်းကမ်းတွေ ရှိသေးတယ် မ ဟုတ်လား"


စုဆောင်းရေးအဖွဲ့ခေါင်းဆောင်က မကျေနပ်လို့ အတွန့်တက်လိုက်သည်။

"ဘာလို့ မရမှာလဲ။ အရင်ကတည်းက ကျိုးကျီက ထုံထိုင်းပြီး တစ်နေကုန် ဂူထဲပဲ အောင်းနေတာပဲ မဟုတ် လား။ အရင်က သူ့အမေက သူ့ကို စောင့်ရှောက်ပေးတယ်။ အခု ရှုန်းယယ်က သူ့ကို စောင့်ရှောက်ပေးတယ်လေ။ ပြီးတော့ သူ အခုလို နေလည်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးလေ။ "

တကယ်တော့ မျိုးနွယ်စုထဲတွင် အလုပ်မလုပ်ပေမယ့် အသားဝေစုလာယူနေသည့်လူတွေထက် ကျိုးကျီက အများကြီးတော်ပါသည်။


စုဆောင်းရေးအဖွဲ့ခေါင်းဆောင်က ကံကောင်းလွန်းသည့် ကျိုးကျီကို မနာလိုပဲ မနေနိုင်တော့။


ကျိုးကျီသည် စုဆောင်းရေး အဖွဲ့နောက် လိုက်ကာ အချိန်မဖြုန်းချင်ဘူးလို့ ပြောရုံနှင့် ရှုန်းယယ်က ရှုန်းဟော်ဆီမှာ ခွင့်လာတိုင်ပေးပြီးသွားလေပြီ။


ရှုန်းယယ်သည် အလုပ်ကြိုးစားသူဖြစ်လို့ ပုံမှန်အားဖြင့် အလုပ်မလုပ်သူ၊ အပျင်းကြီးသူကို မနှစ်သက်ပေ။ ဒါပေမယ့် ကျိုးကျီက ဖြူဖျော့ကာ နူးညံ့လွန်းလို့ အလုပ် အများကြီး မလုပ်ခိုင်းသင့်ဟု သူ က ယူဆသည်။ ပြီးတော့ ကျိုးကျီက ဒိုင်နိုဆော အသားကိုလည်း မစားသည့်အပြင် အခြားအသားကိုလည်း နည်းနည်းလေးသာစားနိုင်သည်။

ရှုန်းဟော်က ပေးသည့် အသားဝေစုကိုလည်း သူ ယူလာပေးတိုင်း လုံးဝ မထိပေ။ ဒါကြောင့် ကျိုးကျီက အသားဝေစုသွားမယူလည်း ဘာမှမဖြစ်ပေ။ စုဆောင်းရေးအဖွဲ့နှင့် မလိုက် လည်း ပြဿနာမရှိပေ။
ကျိုးကျီကို သူ တစ်ယောက်လုံး စောင့်ရှောက်နိုင်သည်။ ပြီးတော့ ကျိုးကျီကို စောင့်ရှောက်ရတာ အရမ်းလွယ်ကူလှသည်။

အရင်တုန်းက ရှီလီက သူ့လိုပဲ အင်အားကြီးကာ သူ့အကူညီကို မလိုပါဘူးဆိုပေမယ့် သူပေးခဲ့ရသည့် အသားတွေက အခုကျိုးကျီကို ပေးရသည်ထက် အဆ ပေါင်းများစွာ များခဲ့သည်။ ဒီအကြောင်းကို စဉ်းစားမိပြီး ရှုန်းဟော်ကို ကျိုးကျီက အသားဝေစုမယူတော့ကြောင်း လာပြောလိုက်တာဖြစ်သည်။

ကျိုးကျီ လုပ်ချင်တာကို အကုန် စီစဉ်ပေးပေမယ့် ရှုန်းယယ်က ကျိုးကျီကို မျိုးနွယ်စုထဲက လူတွေနဲ့ သင့်မြတ်စေရန် သေချာမှာကြားရသည်။


"ကျိုးကျီ ...မင်း သူများနဲ့ တည့်အောင် ပေါင်းရမယ်နော်။ ဒီနေရာက အမြဲတမ်း မတော်တဆဆိုတာ ဖြစ်နေကြပဲ။ တကယ်လို့ တနေ့နေ့မှာ ငါ မတော်တဆဖြစ်ပြီး မရှိတော့ရင်.... ."

ကျိုးကျီသည် သူစားသောက်ဖို့ အရွက်တွေကို ကောင်းကောင်း စုဆောင်းတတ်ပေမယ့် အခြားလူတွေနှင့် မတည့်မည်ကို သူ စိုးရိမ်နေတာဖြစ်သည်။


"စိတ်မပူနဲ့....မင်း ဘာမှ ဖြစ်မှာ မဟုတ်ဘူး"

ကျိုးကျီက ခိုင်မာစွာပြောလိုက်သည်။ ရှုန်းယယ် က ဒီတောတဝိုက်ကို အမဲလိုက်ထွက်ရင် ဘာမှမဖြစ်ပေမယ့် ဆားလဲလှယ်သည့် ခရီးလို အန္တာရယ်များသည့် အလုပ်ကို သွားလုပ်မည်ဆိုပါက သူက ရှုန်းယယ်နှင့် အတူတူလိုက်သွားမည်ဖြစ်လို့ သူ့ ဝက်ဝံလေးက ဘာမှ ဖြစ်မည် မဟုတ်ပေ။

ဒါ့အပြင် သူက ရှုန်းယယ်ရဲ့ခွန်အားကို မြှင့်တင်ပေးမည့် နည်းကို ရှာထားရမည်။

ကျိုးကျီ၏ယုံကြည်မှုအပြည့်နှင့် စကားကို ကြားတော့ ရှုန်းယယ်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်ကို ကော့ထားလိုက်တော့သည်။


ကျိုးကျီက သူ့ကို အရမ်းယုံကြည်တယ်။ နောင်မှာ သူက ကျိုးကျီ စိတ်ပျက်အောင် ဘယ်တော့မှ မလုပ်ဘူးလို့ ဆုံးဖြတ်လိုက်သည်။


အသားဝေစုခွဲပြီးတော့ လူအများစုက စုပေါင်းမီးဖိုမှာ ကင်စားကြ ပေမယ့် ကျိုးကျီတို့က ဂူထဲ ပြန်လာပြီး အသားစားငါးကို ချက်ဖို့ပြင်ကြသည်။ သူတို့ အမဲလိုက်ထွက်ကြပြီး ထင်းကောက်ဖို့ မေ့လာခဲ့ပေမယ့် ကလေးတွေက ထင်းကောက်ပေးထားလို့ အဆင်ပြေသွားခဲ့သည်။


ဂူပေါက်ဝတွင် သူတို့ မီး ဖိုလိုက်ပြီး ကျိုးကျီက ငါးစွပ်ပြုတ်ချက်ကာ ရှုန်းယယ် က အသားကင်နေ သည်။
ဂူထဲ အသားကင်ရလျှင် မီးခိုးငွေ့အချို့ ဂူထဲ ဝင်သွားလို့ အဆင်သိပ် မ ပြေပေ။ တခါတလေ လေကြောင့် ဂူထဲ မီးခိုးတွေ ဖုံးသွားတတ်သေးသည်။

ကျိုးကျီက စိတ်စွမ်းအင်ရှိလို့ မီးခိုးကို သိပ် ဂရုမစိုက်ပေမယ့် အခုတော့ လူသွားလမ်းကို ချဲ့ဖို့ တွေးလိုက်သည်။ ပြီးတော့ အခြား စားစရာကို ထပ်ရှာရဦးမည်။ ဒါတွေချည်းစားရတာ ငြီးငွေ့ဖို့ကောင်းလှသည်။ အသီးအရွက် ဆားရည်စိမ်နှင့် အချဉ်ရည်ကို စမ်းလုပ်ကြည့်ဦးမှ။ အသီးရွက် ဆားရည်စိမ်အမျိုးမျိုးလုပ်ပြီး တချို့ကို အသားကင်နှင့် တွဲစားရမည်။ တချို့က အသားပေါင်းနှင့် စားလို့ကောင်းသည်။ သူ့ချည်းပဲ စားလျှင်လည်း ကောင်းသည်။

ကံမကောင်းတာက လောလောဆည် သူတို့ မျိုးနွယ်စုမှာ ဆားပြတ်လပ်နေသည်။ အစကာ ကျိုးကျီက ဘာမှ မပူခဲ့ပေမယ့် အခုတော့ ပူရမယ့်အရာက များလာခဲ့သည်။ သက်တောင့်သက်သာနေချင်ရင် ဒီအတိုင်း လျစ်လျူရှုကာ ဖြစ်သလို နေလို့မရတော့ပေ။



အသားစားငါးက တကယ်ကို အရသာရှိလှသည်။ ငါးကို ရေထည့်၊ ဆားထည့်ကာ ဒီအတိုင်းပြုတ်ထားပေမယ့် အမှန်တကယ်ကို အရသာရှိလှသည်။ ဟင်းခတ်အမွှေးအကြိုင်မထည့်ပဲ ဒီအတိုင်း ပြုတ်ထားလို့ ငါး အရသာ ပေါ်လွင်ကာ စားလို့ကောင်းပေမယ့် များများစားရင် အီလာသည်။ ဒါကြောင့် ကျိုးကျီက အရသာစပ်စပ်လေးရနိုင်မည့် ငရုတ်သီး ကို လွမ်းလာသည်။ ဒီနားတဝိုက်မှာ ငရုတ်ပင်တစ်ပင်မှ မတွေ့တာ စိတ်မကောင်းစရာပဲ။


ညစာစားပြီးတော့ အချိန်စောနေသေးလို့ ကျိုးကျီက ရှုန်းယယ်၏တနေ့တာ စွန့်စားခန်းကို နားထောင်နေသည်။

"ကျိုးကျီ....မင်း ဒီနေ့ ဘာတွေလုပ်ခဲ့သေးလဲ"

"ငါက စားပင်တျချို့ကို မျိုးနွယ်စုနားမှာ ရှာတွေ့ခဲ့တယ်"

ကျိုးကျီသည် ပြောရင်း အပင်တစ်ပင်ထုတ်ကာ ရှုန်းယယ်ကို ပေးလိုက်သည်။

"ရော့...မြည်းကြည့်ဦး..."

ရှုန်းယယ်က မစားချင်ပေမယ့် ကျိုးကျီက တကူးတက ခူးလာပေးခဲ့လို့ စားလိုက်ရသည်။ ကျိုးကျီက သူ့ကို အသီးအရွက်ကျွေးရတာ တကယ်သဘောကျနေ ပုံရသည်။ အသီးရွက် အရသာကို မကြိုက်ပေမယ့် ကျိုးကျီက သူ့ကို ဂရုစိုက်လို့ သူ မငြင်းရက်ပေ။

ဒီအပင်ကို စားပြီး ကျိုးကျီက သူ့ကို အိပ်ခိုင်းတော့သည်။

ကျိုးကျီက ရှုန်းယယ်ကို စားခိုင်းလိုက်သည့် အပင်က စွမ်းအားများစွာပါဝင်သဖြင့် ထိုစွမ်းအင်ကို ကိုယ်က စုပ်ယူနိုင်ရန် စောစောအိပ်ခိုင်းလိုက်တာဖြစ်သည်။


သူတို့ နှစ်ဦး ဂူတံခါးပိတ်ကာ အိပ်ရာဝင်သွားပြီး မကြာခင် ရှုန်းယယ်မှာ အိပ်မောကျသွားသည်။ ထိုအခါမှ ကျိုးကျီက ပြန်ထလာပြီး ရှုန်းယယ်က အပင်ရဲ့စွမ်းအ် စုပ်ယူရတွင် ကူညီပေးခဲ့သည်။ အပင်ထဲက စွမ်းအင်ကို သူ့ စိတ်စွမ်းအင်ဖြင့် လမ်းကြောင်းမှန်အတိုင်း လှည့်လည်ခိုင်းနေစဉ် သူ့ဖာသာ စုပ်ယူခိုင်းကြည့် လိုက်သည်။

သူက ဒီကမ္ဘာရဲ့ အပင်နှင့်လူသားတို့ သဟဇာတဖြစ်နေ သည့် ဂေဟစနစ်ကို မဖျက်ဆီးချင်ပေ။ သားရဲလူသားတွေ က အရမ်းအင်အားကြီးသွားရင် ဒီကမ္ဘာ၏ သက်ရှိနှင့် အပင်တို့၏ရှင်သန်နေသည့် ဂေဟစနစ်ကြီး ပျက်စီးသွားနိုင်သည်။


ရှုန်းယယ်တစ်ယောက်တည်းကို အင်အားကြီးအောင် သူ လုပ်ပေးလိုက်ရင် ရ နေပြီ မဟုတ်လား။
ကျိုးကျီသည် ရှုန်းယယ်၏ ကိုယ်ထဲက စွမ်းအင်များကို သူ့ဖာသာ လှည့်ပတ်ပြီး အလိုလို စုပ်ယူရန် ကူညီပေးပြီး အိပ်ဖို့ ပြင်လိုက်သည်။


သူ အိပ်ပျော်စ အချိန်တွင် သူတို့ နေသည့် ဂူပေါက်ကို လူတစ်ယောက် ချဉ်းကပ်လာလို့ ကျိုးကျီ ဖြတ်ခနဲ နိုးသွားခဲ့သည်။


ကျိုးကျီ၏ မျက်ခုံး တွန့် သွားသည်။ အနားတွင် လူစိမ်း ရှိသည်ကို ကျိုးကျီ အခုထိ ကျင့်သား မရသေးပေ။ လူစိမ်းတစ်ယောက် အနားကပ်လာလျှင် အလိုလို စိတ် မပျော်တော့ပေ။

ကျိုးကျီက သူ၏ စိတ်စွမ်းအင်ကို ဖြန့်ပြီး ကြည့်လိုက်တော့ ဂူအပြင်မှ မတ်တပ်ရပ်နေသူက ရှီလီဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှီလီသည် ခဏ တွေဝေနေပြီး ဆုံးဖြတ်ချက်ချကာ ဂူတံခါးကို တိတ်တဆိတ်ခေါက်ပြီး ခေါ်လိုက်သည်။

"ရှုန်းယယ်"


ရှီလီ၏ အသံက သိပ်မကျယ်မေယ့် ရှုန်းယယ်က စိတ်ဖြေ ဆေးပင် မစားထားသည့်အတွက် ခေါ်သံကြောင့် ချက်ချင်းနိုးသွားကာ လှမ်းမေးလိုက်သည်။

"ဘယ်သူလဲ"

"ငါပါ"

ရှုန်းယယ်မှာ မျက်မှောင်ကြုတ်ကာ ထရပ်ရင်း မကျေမနပ်ဖြင့် တံခါးဖွင့်ကာ ရှီလီ့ကို မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

အပြင်တွင် အတော်မှောင်နေပြီ။ ဘာကြောင့် ရှီလီက ညနက်သန်းခေါင်ကြီး သူ့ဆီကိုရောက်လာတာလဲ။
သူ့ အသံကြောင့် ကျိုးကျီ နိုးသွားတော့မည်။


"ရှုန်းယယ် ... ငါ တောင်းပန်ပါတယ် "

"ဘာကြောင့် ငါ့ကို ဒီစကားတွေ လာပြောနေတာလဲ"

ရှုန်းယယ် စိတ်မရှည်စွာ မေးလိုက်သည်။

"ရှုန်းယယ် ...ငါ မှားသွားခဲ့မှန်း သိပါပြီ။ ငါ မင်းကို မဖြတ်ခဲ့သင့်ဘူး။ ငါ လန်ယင်နဲ့လည်း အတူမနေ သင့်ဘူး။ တကယ်က ငါက တချိန်လုံး မင်းကိုပဲ ချစ်ရခဲ့တာပါ့။ "

ရှီလီက နောင်တရ နေပုံပေါ်သည်။ လွန်ခဲ့တဲ့ လဝက်က သူ့ကို ရှီလီ ဒီစကားလာပြောရင် သူ အရမ်းပျော်သွားနိုင်ပါသည်။ အခုတော့ စိတ်ရှုပ်တာပဲ ခံစားနေရသည်။

."ကိစ္စမရှိပါဘူး၊ ငါ မင်းကိုခွင့်လွှတ်ပါတယ်"

သူက ရှီလီနဲ့ ဘာမှမဆိုင်တော့ဘူး၊ အခုတော့ သူ့ကို လက်လွှတ်လိုက်ပြီးပြီဖြစ်တယ်။

"ရှုန်းယယ် ...မင်း ရင်ထဲမှာ ငါ့ ရှိသေးတယ်ဆိုတာ ငါသိပါတယ်။ ငါတို့ ပြန်တွဲရအောင်လေ... "

ရှီလီသည် ရှုန်းယယ်ကို မျှော်လင့်တကြိးကြည့်ကာ ပြောလိုက်သည်။

"မတွဲဘူး။ ငါက ကျိုးကျီနဲ့ မိတ်ဖက်တော့မှာ"

"ကျိုးကျီက အားနည်းတယ်။ မင်း သူနဲ့ မိတ်ဖက်ချင်တာ သေချာပြီလား.။ ရှုန်းယယ် ငါက မင်းအတွက် အကောင်းဆုံးပါ။ ငါတို့ အတူတူရှိလာတာလည်း ကြာပြီ မဟုတ်လား "

"မင်း အသံကို လျှော့ဦး..."

ရှုန်းယယ်က ရှီလီ၏အသံကြောင့် ကျိုးကျီ နိုးသွားမည်စိုးလို့ စိတ်မကြည်တော့ပေ။

ဒါပေမယ့် ယုံကြည်မှု သိပ်ကို မြင့်နေသည့် ရှီလီက အသံကို နည်းနည်းလေးမှ မတိုးပေ။

"ရှုန်းယယ်.... မင်း ငါနဲ့ နေသရွေ့..နောင်မှာ အရမ်းကို ဂုဏ်တက်မှာနော်။ မင်း ဘယ်တော့မှ နောင်တမရစေရဘူး "

ရှီလီက တက်ကြွစွာပြောရင်း ရှုန်းယယ်ကို လှမ်းဖက်ကာ နမ်းရန် လုပ်လိုက်သည်။ ဒီလိုအပြုမူက ရှီလီ၏မှတ်ဉာဏ်ထဲတွင် သူတို့နှစ်ယောက် လုပ်နေကျ လုပ်ရပ်တစ်ခုဖြစ်သည်။

ဒါပေမယ့် အခု လက်ရှိအချိန်တွင် သူတို့နှစ်ယောက်က တစ်ခါမှ ချစ်တင်းမနှောဖူးသေးသည့်အပြင် ရှုန်းယယ်က ရှီလီ့ကို ရွံရှာနေချိန်ဖြစ်လို့ ခုလို ရှီလီက သူ့ကို ရုတ်တရက် ဖက်နမ်းမည် လုပ်တော့ အသိစိတ်ဖြင့် အလိုလျောက် တုန့်ပြန်ကာ ရှီလီကို တွန်းထုတ် လိုက်မိသည်။


သူ့ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များသည် ကောင်းစွာ အစုပ်ယူရသေးသည့်အပြင် အားကို သေချာ မထိန်းချုပ်မိသဖြင့် ရှီလီက သူတို့ ဂူအပြင်ဘက် လူသွားလမ်းလေးကနေ အောက်ဘက်ကို စောက်ထိုးမိုးမျှော် နောက်ပြန် ပြုတ်ကျသွားတော့သည်။

ရှုန်းယယ်မှာ မထင်မှတ်ပဲ သူ့ခွန်အားကြောင့် ရှီလီ အရုပ်လေးလို ပြုတ်ကျသွားတာမြင်တော့ အံ့အားသင့်သွားသလို အတင်းရဲကာ သူ့ဝက်ဝံလေးကို လာမြူဆွယ်နေသည့် အရှက်မရှိသည့် ခြင်္သေ့ကို စိတ်စွမ်းအင်ဖြင့် ပညာပေးရန် ပြင်နေသည့် ကျိုးကျီလည်း အံ့အားသင့်သွားခဲ့သည်။

ကျိုးကျီ : "...."

ဗုန်း ခနဲ ကြားလိုက်ရသည့် အသံအရ ရှီလီတစ်ယောက် ဆိုးဝါးစွာ ပြုတ်ကျသွားခဲ့သည်။


(ကတိအတိုင်း တင်ပေးလိုက်ပါတယ်။ စာဖတ်သူတွေ ကျန်းမာရေးကို ဂရုစိုက်ကြပါ။ ဒီနေ့ အိမ်ဘေးက အန်တီကြီးက ကိုဗစ်နဲ့ ဆုံးသွားလို့ စိတ်မချမ်းမသာဖြစ်နေရပါတယ်။ အားလုံး ကျန်းကျန်းမာမာနဲ့ကပ်ဘေးကို ဖြတ်ကျော်နိုင်ပါစေ)


***-***

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now