(U) Chapter ( 27 ) - ရှုန်းချီ၏ ဒဏ်ရာကို ကုသပေးခြင်း

9.2K 1.4K 67
                                    

Stone Age Husband Raising Journal _Chapter  ( 27 ) -  ရှုန်းချီ၏ ဒဏ်ရာကို ကုသပေးခြင်း


 ရှုန်းယယ် ဝက်ဝံညိုပုံစံ ပြောင်းထားပေမယ့် သစ်လုံးကြီးကို ထမ်းကာ လျှောက်လာရတာ အရမ်းပင်ပန်းမှာသေချာသည်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ..ဒီနေ့ သူက မမောပဲ ပေါ့ပါးလို့နေသည်။ ကျိုးကျီနှင့်အတူလာ ရလို့ပျော်နေလို့ဖြစ်မည်ထင်သည်။

 အတော်လေးကြာတော့ ရှုန်းယယ်က သစ်လုံးကို ချကာ ခဏနားလိုက်သည်။ သူက လူပုံပြန်ပြောင်းကာ ကျိုးကျီဘက်လှည့်ပြီးပြောလိုက်သည်။

  "ကျိုးကျီ...ဘယ်အချိန်ကတည်းက မင်း ခုလို ဝေးဝေး သွားလာနေတာလဲ။ အဲ့ဒါ  အရမ်းအန္တာရာယ် များတယ်။ နောက်တခါဆို ခုလောက်ဝေးအောင် မသွားနဲ့နော်"


ရှုန်းယယ်က သစ်လုံးထမ်းပြီး လျှောက်နေရင်း ဒါကို စဉ်းစားနေမိတာ ဖြစ်သည်။ ဝက်ဝံပုံစံနှင့် စကားပြောမရလို့ နားချိန်မှာ လူပုံပြောင်းပြီး ချက်ချင်းပြောလိုက်တာဖြစ်သည်။ မျိုးနွယ်စု နားတစ်ဝိုက်က တောထဲမှာ  အသားစား ဒိုင်နိုဆောကြီးများ မရှိပေမယ့် ကျိုးကျီက သားရဲပုံ မပြောင်းနိုင်သောကြောင့်  သူတစ်ယောက်တည်း အပြင်ထွက်ရင်  အန္တရာယ်များလွန်းသည်။


အရင်က ကျိုးကျီက စုဆောင်းရေးအဖွဲ့ နဲ့ပဲ သွားတယ်ထင်လို့ သူ စိတ်ချနေခဲမ့ိသည်။ ဒါပေမယ့်  
 ကျိုးကျီက ဒီလောက်အဝေးကြီးကို ထွက်လာခဲ့သည်။

ကျိုးကျီက ရှုန်းယယ် ရုတ်တရက် လူပုံပြောင်းကာ သူ့ဘက်ကို လှည့်စကားပြောလိုက်လို့ လန့်သွား ခဲ့သည်။

ကျိုးကျီ - ရှုန်းယယ်က လူပုံပြန်ပြောင်းလိုက်ပေမယ့် သားရေခါးဝတ်ကို  ပြန်ဝတ်ရန် သတိမရပါလား...

 
ရှုန်းယယ်သည် ကျိုးကျီဆီက စကားပြန် မပြော လာသဖြင့် သူ့စကားကြောင့် စိတ်ဆိုးသွားသည်ဟု ထင်ကာ ထပ်ပြောလိုက်သည်။
 
"တကယ်လို့ ခုလို ခပ်ဝေးဝေးကို မင်း သွားချင်တယ်ဆိုရင် စုပေါင်းအမဲလိုက်စရာ မရှိတဲ့နေ့တွေမှာ  မင်းကို ငါ ခေါ်သွားပေးမယ်လေ"

ငါ့ရဲ့တွဲဖက်လေးရေ..မင်းကိုယ်ကိုယ် အရင် ကာကွယ်သင့်တယ်ကွ....


ကျိုးကျီသည် ရှုန်းယယ်ကို ကြောင်ပြီးကြည့်နေမိရာမှ သတိဝင်လာပြီး အကြည့်ကို ကပျာကယာလွဲကာ ရယ်ရင်းပြောလိုက်သည်။

  "အင်း...ကောင်းတယ်..."


သူ၏ အနာဂတ်မိတ်ဖက်လေးက တကယ့်ကို စကားနားထောင်ပြီး ချစ်စရာကောင်းလှသည်ဟု ရှုန်းယယ်တွေးနေသည်။

ကျိုးကျီက တောထဲအတော်ကြာ လမ်းလျှောက်နေ ရပေမယ့် ချွေးမထွက်၊ ညစ်ပတ်ခြင်းမရှိ သန့်ရှင်းနေ ဆဲဖြစ်သည်။ ကျိုးကျီက တကယ်ကို ဆွဲဆောင်မှု ရှိကာ လှပလွန်းလှသည်။

 "ကျိုးကျီ ....မင်းက လုံးဝ မထုံထိုင်းဘူးပဲ။ အရင်က ဘာကြောင့် ဂူအပြင်ကို ထွက်မတာလဲ"

ကျိုးကျီ၏မိခင် မသေခင်က  ကျိုးကျီ အပြင်ထွက်တာကို သူ မမြင်ခဲ့ဖူးပေ။

 
ကျိုးကျီသည် အကြောင်းပြချက်ပေးရန် ကြိုတင် စဉ်းစားထားပြီး ဖြစ်လို့ ရှုန်းယယ်ကို ပြန်ဖြေလိုက်သည်။
 

 "ငါအရင်က တကယ် ထုံထိုင်းခဲ့တယ်။ နေ့တိုင်း အိပ်နေပြီး ဘာလုပ်ရမှန်း၊ ဘာတွေးရမှန်းမသိခဲ့ဘူး။ ငါ့အမေသေသွားပြီးနောက် အစာငတ်ပြီး သေမလိုဖြစ်ခဲ့တယ်။ ငါ သတိလစ်ပြီး ပြန်သတိရ လာတော့  အရာအားလုံးကို ရုတ်တရက် နားလည် သွားခဲ့တယ်"

" အဲ့လိုဖြစ်ခဲ့တာကိုး"

ရှုန်းယယ်က ကျိုးကျီ၏စကားကို ကြားပြီး ကြောင်ငေးသွားပြီး  တကယ်ထင်ခဲ့သည်။

 
"ငါ ပြန်နိုးလာတော့ မင်းကို ပထမဆုံးတွေ့ လိုက်ရ တယ်။  ဒါကြောင့်  မင်းက ငါ့အတွက် အခြားလူတွေနဲ့ မတူဘူး"

ကျိုးကျီက  ပြုံးကာပြောလိုက်သည်။ ထိုအချိန်တွင် သူ့ဆီမှာ အပင်စွမ်းရည် ရှိပေမယ့် လက်ထဲ မျိုးစေ့များ မရှိပေ။  အစာငတ်သေခါနီးဖြစ်နေသည့် ခန္ဓာကိုယ်ကို အားတင်းကာ တရွတ်ဆွဲဖြင့် ဂူအပြင်သို့  အစာရှာရန်ထွက်ခဲ့စဉ် ဘာမှမတွေ့ပဲဖြစ်နေခိုက် ရှီလီကို လာရှာသော ရှုန်းယယ်က သူ့ကိုမြင်ပြီး   ဒိုင်နိုဆောအသားများ ပေးသွားခဲ့သည်။
 
ကျိုးကျီသည် ဒါကိုပြောပြရင်း ရှုန်းယယ်ကို စိုက်ကြည့်နေသဖြင့် ရှုန်းယယ်က နားထောင်ရင်း ရင်ခုန်လာသည်။

 
ကျိုးကျီက သူ့ကို မြင်မြင်ချင်း ကြိုက်နေခဲ့တာကိုး။ ဒါကြောင့် အခြားလူထက် သူက ပိုထူးခြားတယ်လို့ ပြောခဲ့တယ်။ အရင်ကတည်းက သူက ငါ့ကို ကြိုက်နေခဲ့တာလား။

 
ရှုန်းယယ်က တွေးရင်း ရင်ခုန်သံပိုမြန်လာသည်။
 
ကျိုးကျီသည် ရှုန်းယယ် စိတ်လှုပ်ရှားနေပုံကို ကြည့်ပြီး  ဆက်ပြောလိုက်သည်။

 "နောက်ပိုင်း မင်းက ငါ့ကို မင်းနဲ့ အတူတူနေဖို့ ဖိတ်လိုက်တော့ ငါ... အရမ်းပျော်သွားခဲ့တယ်"

စုပေါင်းဂူက လူနေထိုင်ဖို့ သင့်တော်တဲ့နေရာ မဟုတ်ပေ။

  "ကျိုးကျီ...မင်း ငါ့ကို အရင်ကတည်းက ကြိုက်နေမှန်း ငါ မသိခဲ့ဘူး။   မင်းကို ငါ  တောင်းပန်ပါတယ် "

ကျိုးကျီ က သူ့ကို သဘောကျလို့ သူ့ဂူထဲ လာနေရတာကို ပျော်သွားတာဖြစ်မည်ဟု တထစ်ချတွေးကာ ရှုန်းယယ်က အရမ်းပျော်သွားသလို သူ မသိခဲ့သည့်အတွက်  တောင်းပန်လိုက်သည်။

 
ကျိုးကျီသည် ဖြူစင်သော ကောင်လေးတစ်ယောက် ကို လှည့်စားနေသည်ဟု ခံစားနေရပေမယ့် ရှုန်းယယ်က အခုလို သူ့ကို လှိုက်လှဲစွာတုန့်ပြန် နေသည် ကို တွေ့တော့ ဒီလို  မိတ်ဖက်မျိုးကို ပိုင်ဆိုင်ရတာ အရမ်းကောင်းသည်ဟု မြင်မိသည်။

 
ရှုန်းယယ်သည်  ရှက်သွေးဖြာနေပြီးနောက် တစ်ခုကို သတိရကာ ပြောခဲ့သည်။
 
"ကျိုးကျီ... မင်း သတိရတာ နောက်ကျသွားလို့ ... နှမြောစရာပဲ။ မဟုတ်ရင် မင်းက သားရဲပုံစံကို သေချာပေါက်က ရနေလောက်ပြီ  "

  ခွန်အားနည်းသောလူတွေက သေးငယ်သော တိရိစ္ဆာန်များအဖြစ် နိုးထခဲ့ပေမယ့် လုံးလုံးမနိုးထနိုင်တာထက် ပိုကောင်းသည်။

 သူ အသက်ဆယ်နှစ်တွင် ဝက်ဝံန်ပုံစံ နိုးထပြီးနောက် အာရုံခံစွမ်းရည်များ အရမ်းတိုးတက်လာခဲ့သည်။ တစ်လောကလုံးလည်း ပြောင်းလဲသွားခဲ့သလို ခံစားလိုက်ရသည်။

 
ကျိုးကျီက သားရဲပုံစံနှင့်  မနိုးထနိုင်တာ နှမျောစရာပဲ။ တကယ်လို့ သူ နိုးထလာနိုင်ရင် သူ့ပုံစံက  ကြွက်ကလေးဖြစ်ရင်တောင်  အနံ့ခံ စွမ်းရည် ပိုရှိလာမှာ ဖြစ်သည်။  

"ငါ နောက်ကျပြီး နိုးထတာလည်း ဖြစ်နိုင်တာပဲ"

 ကျိုးကျီက ပြောလိုက်သည်။  လက်ရှိခန္ဓာကိုယ်ကို လေ့လာကြည့်ရသလောက် မျိုးနွယ်စုထဲက အခြားလူတွေနဲ့ မထူးခြားပေ။

 ဒါကြောင့် တချိန်မှာ သူက သားရဲပုံစံပြောင်းနိုင်မှာ သေချာသည်။ သူက စိတ်မဝင်စားလို့ မပြောင်းကြည့်တာဖြစ်သည်။ ဒါပေမယ့်
 အချိန်ရရင် တစ်ယောက်တည်း  တစ်ခါလောက် စမ်းပြီး ဘယ်လို သားရဲပုံပြောင်းနိုင်မလဲဆိုတာ စမ်းကြည့်ရမည်ဟု တွေးနေသည်။

 
"မင်း နိုးထလာနိုင်ရင် ကောင်းမယ်။  မင်းရဲ့ သားရဲပုံစံက ဘယ်လိုဖြစ်မလဲ။ ကြောင်ကလေး ပုံများ ဖြစ်မလား"

 ရှုန်းယယ်လည်း အရမ်း သိချင်နေမိသည်။

ကျိုးကျီ၏ ပျင်းရိတဲ့ ပုံစံလေးက ကြောင်လေးနှင့်တကယ်တူသည်။ တကယ်လို့ ကျိုးကျီသာ ကြောင်လေးအဖြစ် နိုးထလာရင် ရှုန်းယယ်က ချစ်လွန်းလို့ ဖက်နမ်းမိမည် ထင်သည်။

 
"ငါ နောက်ပိုင်းကျရင် နိုးထလာမှာပေါ့"

ကျိုးကျီက သေချာပေါက် ပြောလိုက်သည်။ ကမ္ဘာပေါ်တွင် နို့တိုက်သတ္တဝါများစွာ ရှိလို့ သူ ပုံစံအမျိုးမျိုး နိုးထနိုင်သော်လည်း  ရှုန်းယယ်၏ စကားကို ကြားပြီးနောက် ကျိုးကျီက သူ့ဖြစ်လာမယ့်ပုံစံကို စိတ်ပူလာမိသည်။
သူ့ရဲ့သားရဲ တိရိစ္ဆာန်ပုံစံသာ အရမ်းဆိုးရွားရင် ဘယ်လိုလုပ်မလဲ။

 
ကျိုးကျီက  သူ့ဘာသာ ဘာကောင်ဖြစ်မလဲဆိုတာ အရင်စမ်းကြည့်ပြီးကောင်းမွန်တဲ့ပုံဖြစ်ရင်  ရုတ်တရက် သားရဲပုံစံ နိုးထလာသလို ပြသလိုက်မည်ဖြစ်ပြီး သူ့သားရဲပုံစံက အရမ်းဆိုးဝါးရင်  ဘယ်တော့မှ နိုးထ မလာသလို ဟန်ဆောင်လိုက်တော့မည်။


  "တို့တွေ ခရီးဆက်ရအောင်"

စောစောပြန်ရောက်လျှင် ရေပုံးလုပ်ဖို့ အချိန်ရမှာ ဖြစ်လို့ ရှုန်းယယ်က ပြောလိုက်သည်။

 ကျိုးကျီက ခေါင်းညိတ်လိုက်သည်။
 
 "မင်း...ငါ့ရှေ့ကနေ လျှောက် "

ကျိုးကျီသာ သူ့ အနောက်ကနေ လိုက်လာစဉ် သူ မေ့ပြီး အရှိန်မြန်မိပါက ကျိုးကျီ လိုက်မမှီမည်ကို စိုးရိမ်ရသည်။ ဒါကြောင့် ကျိုးကျီကို ရှေ့ကနေ သွားခိုင်းလိုက်သည်။

ရှုန်းယယ်၏ သဘောကိုသိလို့ ကျိုးကျီက ပြုံးကာ ရှေ့မှ လျှောက်လိုက်သည်။   ရှုန်းယယ်သည် ဝက်ဝံပုံ ပြန်ပြောင်းကာ လေးလံသည့် သစ်လုံးကြီးကို တချက်မညည်းပဲ ကောက်ထမ်းလိုက်သည်။
 
 အလုပ်ကြိုးစားသည့် ဝက်ဝံလေးကို ကြည့်ကာ  ဘယ်လို ဆုချရင်ကောင်းမလဲလို့ ကျိုးကျီ စတင်စဉ်းစားနေမိလေပြီ။  မိသားစုကို စောင့်ရှောက်ပေးနိုင်ဖို့  အလုပ် အရမ်းကြိုးစားတဲ့ ဒီဝက်ဝံလေးက အရမ်းချစ်စရာကောင်းပြီး ကောင်းကောင်းပြုစုပေးတာ ခံထိုက်သည်။

 
ကျိုးကျီသည် ရှုန်းယယ်၏ ခြေလှမ်းနှုန်းနှင့် လိုက်ဖက်အောင် လျှောက်လာစဉ် လမ်းတလျှောက်မှ   မြက်များ၊ ဆူးပင်များကို စိတ်စွမ်းအားဖြင့် ဖယ်ရှားပစ်လိုက်သလို သားကောင်ငယ်များကိုလည်း ခြောက်လွှတ်လိုက်သည်။

 
ထိုအရာတွေကြောင့် ရှုန်းယယ်ကို သူ နည်းနည်းလေးမှ မထိခိုက်စေချင်ပေ။ တကယ်တော့ ထိုဆူးပါသည့် မြက်များ၊ သားကောင်ငယ်များက ဝက်ဝံညိုလေးကို မထိခိုက်စေနိုင်ပေမယ့်  ရှုန်းယယ်က ဝက်ဝံပုံစံ ပြောင်းပြီး နောက်ခြေထောက်နှစ်ချောင်းပေါ်ရပ်၍ လမ်းလျှောက်နေရသဖြင့် အားပိုကုန်သည်။

 ရှုန်းယယ်က မတ်တပ်လမ်းလျှောက်ရင်း သစ်လုံးကို ပုခုံးပေါ်သယ်ကာ လက်ဖြင့် ထိန်းကိုင်ထားရ တာဖြစ်သည်။ ဒါကြောင့် ပုခုံးတောင့်လာပြီး မြန်မြန်ပြန်ရောက်ချင်နေပြီ။ ဒါပေမယ့် ကျိုးကျီက သွားနေရင်း ရပ်လိုက်လို့ သူမော့ကြည့် လိုက်သည်။

 
 "ဒီမှာ စားလို့ရတဲ့ အသီးတွေ ရှိတယ်။ ငါ နည်းနည်း ခူးလိုက်ဦးမယ်"

ရှုန်းယယ်က  လူပုံစံပြောင်းကာ ပြောလိုက်သည်။

 "ငါ..မင်းကို ကူပေးမယ်"

ကျိုးကျီက မငြင်းတော့ပေ။   ရှုန်းယယ်တစ်ယောက် ကိုယ်တုံးလုံးလေးနှင့် အပင်တွေကြားသွားကာ လှုပ်တုတ်လှုပ်တုတ်ဖြင့် အသီးခူးနေသည်ကို သူ ကြည့်နေလိုက်သည်။

 ဒီပုံစံကြီးက တကယ့်ကို ဆွဲဆောင်ဖြားယောင်း နေသလိုကြီးပါလား...

 (ဘာက လှုပ်တုတ်လှုပ်တုတ်လဲ စာဖတ်သူတွေ သိပါရဲ့လား....

အမြီးလေးကို ပြောတာပါ....ဟဲ..ဟဲ)

ကျိုးကျီက မြင်ကွင်းကောင်းလေးကို ကြည့်ကာ သူ့နှာခေါင်းကို အသာထိလိုက်မိသည်။ သူ ထွက်လာစဉ်က သစ်ခက်ဖြင့် လုပ်ထားသည့် ခြင်းကို ယူလာခဲ့သည်။ သစ်ခက်ခြင်းက အပေါက်ကျယ်ကြီးရှိနေလို့ သစ်ရွက်ခပ်ကြီးကြီးဖြင့် အောက်က ခံလိုက်ပြီး ရှုန်းယယ်ခူးပေးခဲ့သည့် အသီးအရွက်များကို ခြင်းထဲ ထည့်ကာ  လက်ဖြင့် ဆွဲခဲ့သည်။

 
"ငါ သယ်ပေးရမလား"

ရှုန်းယယ်က မေးလိုက်တော့ ကျိုးကျီက ချက်ချင်း ငြင်းလိုက်သည်။
 
"ရတယ်။ ငါ သယ်ခဲ့မယ်"  

အရွက်တွေက  သိပ်မလေးလို့ ရှုန်းယယ်လည်း ဆက် မတောင်းတော့ပဲ ဝက်ဝံပုံပြန်ပြောင်းကာ သစ်လုံးကို မပြီး ခရီးဆက်ခဲ့ကြသည်။

ခဏဆက်လျှောက်လာပြီးတော့   ကျိုးကျီက ထပ်ရပ်လိုက်ပြန်သည်။ အနီးနား သစ်ပင်ပေါ်က  ငှက်သိုက်ကို လက်ညိုးထိုးပြပြီးပြောခဲ့သည်။

 "မနေ့က ရလာတဲ့ ဒိုင်နိုဆောဥတွေက အရမ်းစား ကောင်းတယ်။ ငှက်ဥတွေဆို ပို အရသာရှိမှာ သေချာတယ်"

  "ငှက်ဥတွေက ဒိုင်နိုဆောဥထက် အရသာပိုရှိတယ်။ ငါ မင်းအတွက် သွားယူပေးမယ်"

ရှုန်းယယ်က လူပုံထပ်ပြောင်းပြီး ပြောကာ သစ်ပင်ပေါ် တွယ်တက်သွားပြန်သည်။


ဝက်ဝံတွေက သစ်ပင်တက်ကျွမ်းပေမယ့် ကိုယ်ထည်ကြီးမားလွန်းသည့် ရှုန်းယယ်ရဲ့ ဝက်ဝံညိုပုံစံက သစ်ပင်တက်ရတာ၊ ဌက်ဥနှိုက်ရတာ အဆင်မပြေသောကြောင့် လူပုံစံဖြင့် တက်လိုက်တာ ဖြစ်သည်။ ရှုန်းယယ်က ခါးပတ်ကိုပင်   ပြန်မပတ် တော့ပဲ လျင်မြန်ဖျတ်လတ်စွာ ဒီအတိုင်း သဘာဝ အဝတ်စားဖြင့်  သစ်ပင်ပေါ်  တက်သွားသည်ဖြစ်လို့ အောက်က ကြည့်နေသည့် ကျိုးကျီအတွက် မြင်ကွင်းက အထူးကို ရှင်းလင်းပြတ်သား လွန်းလှသည်။


သစ်ပင်အောက်မှ ကျိုးကျီ : ကောင်းလိုက်တဲ့
မြင်ကွင်း...( 🍑 😊 )


မကြာခင် ရှုန်းယယ်သည် ကြက်ဥထက် နည်းနည်းပိုသေးတဲ့ ဥသုံးလုံးနှင့် ဆင်းလာပြီးပြောခဲ့သည်။

"အထဲမှ ဌက်ဥခြောက်လုံး ရှိတယ်။ ငါက  တစ်ဝက် ယူခဲ့တယ်"

 ကျိုးကျီက ပြုံးပြီး ဌက်ဥသုံးလုံးကို ခြင်းတောင်းထဲ ထည့်လိုက်ကာ ချီးကျူးလိုက်သည်။

 "ရှုန်းယယ် မင်းက အရမ်း အံသြဖို့ ကောင်းတယ်"

 ပြေးပြေးလွှားလွှား အလုပ်လုပ်ပြီး ချီးမွှမ်းခံလိုက်ရတဲ့ ဝက်ဝံညိုလေးက ပျော်ပျော်ကြီးနဲ့ သစ်လုံးကို ကောက်ထမ်းပြီး တက်ကြွစွာ ထွက်လာခဲ့သည်။

 
ခဏ လျှောက်ပြီးတော့ ကျိုးကျီက ရပ်လိုက်ပြန်သည်။ ဒီလိုနဲ့ နှစ်ယောက်သား ငါးကြိမ်လောက် ရပ်လိုက်၊ ဟိုဟိုသည်သည် ခူးလိုက်နှင့် နောက်ဆုံး တောင်ချိုင်ဝှမ်းကို ပြန်ရောက်လာကြသည်။

  ရှုန်းယယ်အတွက်  ကျိုးကျီက အခုလို သူ့ကို အားကိုးတကြီး အကူညီတောင်းတာခံရလို့ အရမ်းကို ဝမ်းသာပီတိဖြစ်နေသည်။ ရှုန်းယယ်က လုံးဝ စိတ်မရှည်သည့်အရိပ်မပြပဲ သူ ဘာခိုင်းခိုင်း ဖြတ်လက်စွာလုပ်ပေးခဲ့တာချည်းဖြစ်သည်။

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ဝက်ဝံလေးလဲ။ စိတ်ထားလည်းအရမ်းကောင်းပြီး ကြင်နာတတ်သေးသည်။


  ကျိုးကျီသည် ဝက်ဝံညိုကြီးရှေ့ကနေ ဦးဆောင်ပြီး သူတို့နေထိုင်ရာကို ပြန်ရောက်လာတော့ မှောင်လို့ပင်နေပြီ။

  မျိုးနွယ်စုဝင်များသည် မီးဖိုဘေးတွင် စုရုံးကယာ အသားကင်ပြီး ညစာစားရန် ပြင်ဆင်နေကြသည်။ ဒါက ညစာလို့ပြောလို့မရပေ။ သူတို့မျိုးနွယ်စုက တရက်ကို တနပ်ပဲ ဝဝစားကြပြီး နောက်တနေ့ အမဲမလိုက်ခင်အထိ အိပ်ရေးဝဝ အိပ်ကြသည်။

 
ကျိုးကျီနှင့် ရှုန်းယယ်တို့ အတူပြန်လာသည်ကို အားလုံး မြင်သွားကြသည်။
 
" သစ်လုံးက ကြီးလိုက်တာ..."

"ရှုန်းယယ် ဘာလို့ သစ်လုံးကြီး သယ်လာခဲ့တာလဲ..  "

"ပါလာတဲ့  ပစ္စည်းတွေကို တွေ့ကြရဲ့လား... သစ်လုံးပေါ်မှာ ပျားအုံကြီးတစ်အုံနဲ့ မိချောင်း တစ်ကောင်လည်း ပါတယ်"

"ရှုန်းယယ်က  အရမ်းသန်မာတာပဲ"

"ကျိုးကျီတော့  ရှုန်းယယ်နဲ့  အတူနေရင် စားဖို့သောက်ဖို့ ပူစရာမလိုလောက်တော့ဘူးကွ  "
......


လူအုပ်ကြီးသည် ရှုန်းယယ်ကို အားကျမနာလို ဖြစ်နေကြသည်။ အားနည်း သည့် မျိုးနွယ်စုဝင် လူငယ်တချို့က စောစော စီးစီး ရှုန်းယယ်ကို  ရအောင် မသိမ်းသွင်းနိုင်ခဲ့သည်ကို နောင်တရနေကြသည်။ တစ်သက်လုံး မငတ်ပဲ ကောင်းကောင်းနေရမည်ဆိုရင် ရှုန်းယယ်နှင့် မိတ်ဖက်ရလည်း ဘာအရေးလဲ။ သူတို့က အားနည်းသူတွေဖြစ်လို့ ဘယ်မိန်းမမှ စိတ်မဝင်စားမယ့်အတူတူ သားသမီးလည်း မရနိုင်ကြဘူး မဟုတ်လား။


 "ကိုကြီးရှုန်းယယ်"

ကလေးတွေက ရှုန်းယယ်ဆီ ပြေးလာပြီး နှုတ်ဆက် ကြသည်။ ရှုန်းယယ်က လူပုံစံပြောင်းဖို့ လုပ်ပေမယ့် ကျိုးကျီက တားလိုက်သည်။

 "ပစ္စည်းတွေ အရင်သွားထားပြီးမှ ပြန်လာရအောင်"

သူတို့နှစ်ယောက်တည်းရှိချိန် ရှုန်းယယ်က ကိုယ်လုံးတီးနှင့်နေတာ ဘာမှမဖြစ်ပေမယ့်  ယခု လူပုံစံပြောင်းလိုက်ရင် မျိုးနွယ်စုဝင်အားလုံး ဝက်ဝံလေးရဲ့ ပစ္စည်းကို မြင်ကုန်ကြလိမ့်မယ်။ မဖြစ်ဘူး...မဖြစ်ဘူး။

 (မိမိပိုင်ဆိုင်မှုကို သေချာထိန်းသိမ်းတတ်သော ကျိုးကျိုးလေးပါ။ စာဖတ်သူတွေ နမူနာယူကြနော်။ ကိုယ့်ပိုင်ဆိုင်မှုကို သေချာထိန်းသိမ်းပါ....>o<)

 
ရှုန်းယယ်က ခေါင်းညိတ်လိုက်ပြီး သစ်တုံးကြီးကို သူတို့ရဲ့ ဂူပေါက်ဝထိ သယ်လာပြီး  ဂူထဲဝင်ကာ လူပုံစံ ပြန်ပြောင်းလိုက်သည်။ ကျိုးကျီက ချက်ချင်း တိရိစ္ဆာန်သားရေစကို ကမ်းပေးရင်းပြောလိုက်သည်။
 

 "ပျားအုံထဲက  ပျားရည်အချို့ကို ဘေးဖယ်ထားပြီး ကျန်တာကို ဘုန်းတော်ကြီးကို ပေးလိုက်ရအောင်"

ရှုန်းယယ်က ခေါင်းညိတ်ကာ ပျားအုံကို ဆွဲဖဲ့ကာ  ပျားရည်အတော်များများကို  မနက်က သူတို့ ချက်စားပြီး သေချာဆေးကြောခဲ့သည့် ဒိုင်နိုဆော  ဥခွံထဲ လောင်းထည့်ကာ ပျားသလက်များကို ကျောက်ပန်းကန်လုံးတစ်ခုထဲ ထည့်ထားလိုက်သည်။
ကျိုးကျီသည် ပျားသလက်ကို မကြိုက်ပေမယ့် ရှုန်းယယ်စားချင်ရင်လည်း စားပါစေ ဆိုပြီး ဘာမှမပြောပေ။


ပျားရည်  လုံလောက်အောင်ယူထားပြီးနောက် ကျန်သည့် ပျားအုံလိုက်ကြီးကို   သယ်ကာ ကျိုးကျီနှင့် အတူ ဘုန်းတော်ကြီး၏ဂူသို့ ထွက်လာ ခဲ့သည်။


ဘုန်းတော်ကြီး၏ဂူထဲတွင် ကျောက်တုံးများ၊ သစ်သားများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများဖြင့် ပြည့်နေသည်။  ဘုန်းတော်ကြီး၏ဂူက လူကြီးတွေမှာ ရတတ်သည့် အနံ့တွေနဲ့ပြည့်နေလို့ စိတ် မချမ်းသာ ဖွယ်ဖြစ်နေသည်။ ရှုန်းယယ်ရဲ့ အနံ့က အများကြီး ပိုကောင်းသည်ဟု ကျိုးကျီတွေးနေသည်။

 "ရှုန်းယယ် ...မင်း ဒီကို ဘယ်လိုရောက်နေတာလဲကွ... ပျားအုံကြီးပါလား... "

ဘုန်းတော်ကြီးက  လေထဲ အနံ့ခံပြီး ပြုံးကာ မေးလိုက်သည်။

 
"အဘဘုန်းတော်ကြီး... ကျွန်တော် ပျားအုံတစ်ခု ရလာလို့ လာပေးတာပါ"

 ရှုန်းယယ်က ပြောလိုက်တော့
ဘုန်းတော်ကြီးမှာ ဝမ်းသာသွားပြီး ပြောခဲ့သည်။

 "အရမ်းကောင်းတယ်။ မင်းတို့ လိုချင်တာရှိလား။ ငါ မင်းတို့ပျားအုံနဲ့လဲပေးမယ်  "


"အဘဘုန်းတော်ကြီး ...ကျွန်တော်တို့ မိတ်ဖက်ပွဲလေး လုပ်ဖို့...  .."

ရှုန်းယယ်က သူ့ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။

 
"မင်း ဘာမှမပူနဲ့။ ငါ မင်းအတွက် အကောင်းဆုံး မိတ်ဖက်ပွဲလုပ်ပေးမယ်။ "

 ဘုန်းတော်ကြီးက တက်ကြွစွာပြောလိုက်သည်။ အရင်က ရှုန်းယယ်က ရှီလီနှင့် မိတ်ဖက်ဖို့ အခုလို လာပြီးတောင်းဆိုခဲ့ဖူးသည်။ ဒါပေမယ့် ရှီလီက သူ့တပည့် ရှုန်းယယ်ကို သစ္စာဖောက်ကာ ထားရစ်ခဲ့သည်။ ဒါကြောင့် ဘုန်းတော်ကြီးက ရှုန်းယယ်အတွက် ပိုကောင်းသည့် မိတ်ဖက်ပွဲကျင်းပ ပေးဖို့ ဆုံးဖြတ်လိုက်သည်။


 ရှုန်းယယ်သည် ဘုန်းတော်ကြီး၏ စကားကြားသောအခါ ပျော်ရွှင်သွားတော့သည်။

  "ကျေးဇူးတင်ပါတယ်... အဘဘုန်းတော်ကြီး"

ဘုန်းတော်ကြီးသည် ရှုန်းယယ်ကို ကျောက်ပန်းကန်လုံး  အသေးလေး  ပေးကာ ပြောခဲ့သည်။

 "ဒါ မင်း စားဖို့အတွက်ပဲ"

"အဲ့ဒါ ဘာလဲ..."

ရှုန်းယယ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ကျိုးကျီလှမ်းကြည့်လိုက်တော့ ပန်းကန်ထဲက ဆီတွေကိုမြင်လိုက်တော့ မနက်က ဘုန်းတော်ကြီးက ူသူ ပြောသလို ဒိုင်နိုဆောအဆီခဲဖြင့် ဆီထုတ်ထားတာဖြစ်ကြောင်း သိလိုက်သည်။

 
"ဒါက ဒိုင်နိုဆော အဆီခဲကနေ ဆီထုတ်ထားတာ။ အရမ်း အရသာရှိတယ်။ ကလေးတွေ စားချင်တာတောင် ငါက နည်းနည်းပဲမြည်းခိုင်းပြီး မင်းအတွက် ချန်ထားပေးတာ...  "

ဘုန်းတော်ကြီးသည် ရှုန်းယယ်ကို ပန်းကန်လုံး ပေးပြီးနောက် ကျိုးကျီကို ကြည့်ကာပြောခဲ့သည်။

 "ငါ.. မင်းပြောတဲ့အတိုင်း လုပ်လိုက်တော့  အရသာရှိတဲ့ ဒိုင်နိုဆောဥကြော်  စားလိုက်ရတယ်။   "


သူက ကြော်နေရင်း ဆီပေါက်ပြီး လက်ကို လာစင်မိလို့  ချက်နေရင်းမှ ဆီများ မတော်တဆလက်ကို လာစင်ပြီး ဒဏ်ရာ အနည်းငယ် ရသွားခဲ့ပေမယ့် သူ မပြောလိုက်တော့ပေ။ နောက်တစ်ခါဆိုရင် ဒဏ်ရာရတော့မည် မဟုတ်ပေ။

 
ရှုန်းယယ်သည်  ဆီလက်ကျန်များကို စားကြည့်ပြီး အရမ်း သဘောကျသွားသည်။ ကျိုးကျီကို   စားစေချင်ပေမယ့် ကျိုးကျီက ငြင်းလိုက်သည်။

 "ငါ မကြိုက်ဘူး။ မင်းပဲ စားလိုက်တော့"

 ကျိုးကျီသည် ဘုန်းတော်ကြီးကို ကြည့်ကာ ထပ်ပြောလိုက်သည်။

 "အဘဘုန်းတော်ကြီး...  ဒီလို  ထုတ်ယူထားတဲ့ ဆီတွေက အကြာကြီးသိမ်းထားလို့ ရတယ်"

"ဟုတ်လား။ ငါ နောက်တခါ လုပ်ကြည့်ဦးမယ်... ကျိုးကျီ... မင်း  ပိုတော်လာသလိုပဲ.. "

ဘုန်းတော်ကြီးက ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်သည်။

 
"ကျိုးကျီက သားရဲနတ်ဘုရား ကောင်းချီးပေးတာကို ရခဲ့တယ် အဘဘုန်းတော်ကြီး "

ရှုန်းယယ်သည် ကျိုးကျီ ဒီနေ့ သူ့ကိုပြောပြခဲ့သည့် အကြောင်းရာကို  ဘုန်းတော်ကြီးကို ပြန်ပြောပြပေးခဲသည်။

 ဘုန်းတော်ကြီးလည်း  ယုံကြည်သွားခဲ့ပြီး  ကျိုးကျီကို ပြောလိုက်သည်။

"သားရဲနတ်ဘုရားက မင်းကို ကောင်းချီးပေးနေတာ ဖြစ်ရမယ်  "
ကျိုးကျီ : "....."

စိတ်မကောင်းပေမယ့် သူက  သားရဲနတ်ဘုရား ဆိုတာကို မယုံဘူးလေ။

 
*****-*********



ဘုန်းတော်ကြီးဆီကပြန်လာပြီးနောက် ရှုန်းယယ်က မိကျောင်းကို အရေခွံဆုတ်ကာ  ဦးခေါင်းနှင့် လက်သည်းများကို ထုံးစံအတိုင်း ကလေးများကို ပေးလိုက်သည်။  ကလေးများသည် မိချောင်းအရေခွံ ကို သူတို့ရဲ့ ကျောက်ဓားမြှောင် များဖြင့် ဆွဲဖြဲကာ မီးကင်စားဖို့ လုပ်နေကြသည်ကို ကျိုးကျီ တွေ့လိုက် ရလေသည်။

မော်ဒန်ခေတ်တွင် တန်ဖိုးကြီးလှသည့် စလင်းဘတ် အိတ် ပြုလုပ်ကြသည့်   မိချောင်းသားရေမှာ ကျောက်ခေတ်တွင်  ဆာလောင်မှုကို ပြေပျောက်စေတဲ့အရာဖြစ်နေပါလား။

 
 သူတို့ အပြင်ထွက်ပြီး ပစ္စည်းအများကြီး  သယ်လာခဲ့ပေမယ့် ထင်းပေါက်လေးတွေကို ရှာဖို့ မေ့သွားခဲ့သည်။ ရှုန်းယယ်က  စုပေါင်းမီးပုံဆီသွားကာ  မိချောင်းတစ်ကောင်လုံးကို ကင် လိုက်သည်။
ကျိုးကျီက လူများနှင့်သိပ်မပတ်သတ်ချင် သောကြောင့်   ချိုင့်ဝှမ်းထဲ ဆင်းတာ သိပ်မရှိပေ။

အခုတော့  ရှုန်းယယ် ဘေးတွင်ထိုင်ကာ စိတ်စွမ်းအင် ကို သုံးပြီး အနားက လူတွေကို လေ့လာကြည့် လိုက်သည်။ အစားစားချိန်ဖြစ်လို့ ချိုင့်ဝှမ်းထဲ လူစည်နေသည်။ မနှစ်ကမှ မွေးခဲ့သည့် ကလေးတွေက မိခင်ရင်ခွင်ထဲမှာ နို့စို့နေကြသည်။


 ယောက်ျားလေးနှစ်ယောက်ကား ရှုန်းပိုင်ကို ချစ်ခွင့်ပန်နေကြပြီး အချို့လူတွေက သူတို့ ဒီနေ့ကြုံခဲ့သည့် အမဲလိုက်ခရီးကြောင်းကို အာပေါင်အာရင်း သန်သန်ဖြင့် ပြောဆိုနေသည်။

 အခြားလူတွေက ရှီလီအကြောင်း ပြောနေကြသည်။

"ရှီလီက မနေ့ညက သူ့ အမေနဲ့ ညီလေးကို ရိုက်လို့တယ်ကွ"

"သူက ဘာလို့ ရုတ်တရက်ကြီး ရန်လုပ်ရတာလဲ"

"ငါလည်း မသိဘူး။ သူတို့ စိတ်အခန့်မသင့်စရာ ရှိနေလို့နေမှာပေါ့... "

"သူ့ အမေနဲ့ ညီက  သဘောကျစရာမှ မကောင်းပဲ  "

"အခုပုံဆိုရင် ရှီလီ လည်း သိပ်မကောင်းပါဘူးကွာ...  "

"ငါက ခြင်္သေ့က ခွန်အားကြီးမယ်ထင်ထားတာကွ။ ရှုန်းယယ်ကပိုပြီး ခွန်အားကြီးတယ် "

"ရှုန်းယယ်က  အမြဲတမ်း ခွန်အားကြီးတဲ့ ဝက်ဝံပဲကွ"

" ဒီနေ့တစ်နေ့လုံး ရှီလီကို မမြင်မိဘူးကွ..."
........


ရှီလီသည်   တစ်နေကုန် ဂူထဲအောင်းကာ ဘယ်သူနဲ့မှ အတွေ့မခံပေ။

ထိုအချိန် ဒဏ်ရာရသဖြင့် ဂူထဲ တောက်လျှောက် နေနေသည့် ရှုန်းချီက ဂူပြင်ထွက်လာပြီး ရှုန်းယယ် နားကို ခက်ခက်ခဲခဲ လျှောက်လာပြီးပြောခဲ့သည်။

  "ရှုန်းယယ်.. ကျေးဇူးပဲကွာ"

"ဘာကြောင့် ကျွန်တော့်ကို ကျေးဇူးတင်နေတာလဲ"

ရှုန်းယယ်သည် နားမလည်နိုင်ဟန်ဖြင့် ရှုန်းချီကို ကြည့်လိုက်သည်။

"မင်း ရှီလီကို အနိုင်ရလိုက်လို့ ငါ အရမ်းဝမ်းသာသွားခဲ့တာ"

ရှုန်းချီက ပြောပေမယ့် သူ့မျက်နှာက  နာကျင်မှုကို အောင့်ခံနေရသည့်ပုံပေါ်နေသည်။ ရှုန်းယယ်က သတိထားမိကာ စိတ်ပူစွာ မေးလိုက်သည်။

 "မင်း နေလို့ မကောင်းဘူးလား"


"နောက်ဆိုရင်  ငါ အမဲ မလိုက်နိုင်လောက်တော့ဘူး။  "

ရှုန်းချီသည် အံကြိတ်ကာ သူ့ဘဝရဲ့ အကြီးမားဆုံးသော ဆုံးရှုံးမှုကို ပြောလိုက်သည်။   မျိုးနွယ်စု၏ အသန်မာဆုံး စစ်သည်တော် ဖြစ်ခဲ့ပေမယ့် မကြာခင် သူက စုဆောင်းရေး အသင်းဝင်ဖြစ်တော့မည်ထင်သည်။

 ရှုန်းယယ်မှာ အံ့အားသင့်ကာ အမြန်မေးခဲ့သည်။

 "ခင်ဗျား... ဘာဖြစ်နေလို့လဲ"

ကျိုးကျီသည် သူ့စိတ်စွမ်းအင်ဖြင့် ရှုန်းချီခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

"ငါ့ ဒဏ်ရာက ထင်တာထက် ပိုပြင်းပုံရတယ်။ ငါ ပြန်ကောင်းလာဖို့ မသေချာတော့ဘူး "

ရှုန်းချီသည် အတွင်းကရသည့် ထိုပြင်းထန်သည့် ဒဏ်ရာများကြောင့် နာကျင်မှု ဝေဒနာကို အမြဲတမ်း တောင့်ခံနေခဲ့ရသည်။  သူ ဒဏ်ရာရနေခိုက် ရှီလီကို မတိုက်ခိုက်သင့်ပေ။ ဒေါသရှေ့ထားကာ တိုက်ခဲ့လို့  ရှုံးနိမ့်သွားရရုံသာမက ဒဏ်ရာက ပိုဆိုးသွားခဲ့သည်။


ရှုန်းချီ၏ ဒဏ်ရာများသည် အရမ်းပြင်းထန်ကာ  အရိုးတွေ ကျိုးပြီး စောင်းရွဲ့နေသည်ကို ကျိုးကျီသိလိုက်ရသည်။ မော်ဒန်ခေတ်ဆိုရင်  ကျိုးသွားသော အရိုးများကို ပြန်ဆက်ပြီးတာနှင့် ကောင်းသွားမည် ဖြစ်ပေမယ့် ကျောက်ခေတ်တွင် လူတွေက အရိုးပြန်ဆက်သည့်ပညာမတတ်လောက် သေးပေ။

 
 တစ်ဦးတည်းသော မျိုးနွယ်စု၏ သမားတော်ဖြစ်သည့်  ဘုန်းတော်ကြီးသည်ပင်  အနာကျက်ဆေးတို့ဖြင့်သာ အုံပေးနိုင်သည်။  အရိုးများ ရွဲ့စောင်းလျက်နှင့် ဒီအတိုင်း ဆက်သွားလျှင် ရှုန်းချီ၏ဘဝတော့ တကယ် ဆုံးလောက်ပြီ။ ဒါဆိုရင် ရှုန်းချီတစ်သက်လုံး အမဲမလိုက်နိုင်တော့ပဲ  စုဆောင်းရေးသာ လုပ်ရတော့မည့် မသန်စွမ်းစာရင်းထဲ ရောက်သွား တော့မည်။


အရင်အခြေနေဆိုရင် ကျိုးကျီ က ဒီလိုကိစ္စများကို ဝင်ပါမည် မဟုတ်ပေ။ မျိုးနွယ်စုတွင် နေခွင့်ရသည့်အတွက်  စုဆောင်းရေးလုပ်ရန် အပြင်ထွက်တိုင်း စားစရာ အသီးအရွက် ပိုရနိုင်အောင်  ကူညီပေးကာ ကျေးဇူးဆပ်ပြီးလေပြီ။

 
ဒါပေမယ့် အခုအချိန်မှာ မျိုးနွယ်စုထဲတွင် ခွန်အားကြီးသည့် အမဲလိုက်သမားများ၊ စစ်သည်တော်များ ရှားပါးသဖြင့် ရှုန်းချီလို စစ်သည်တော်တစ်ယောက်ကို ဆုံးရှုံးလိုက်ရရင်  မျိုးနွယ်စုအပေါ်ကိုသာမက  ရှုန်းယယ်အပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်လာနိုင်ည်။ ရှုန်းယယ်က  မျိုးနွယ်စုကြီးတစ်ခုလုံးကို ထောက်ပံ့နိုင်ရန် ကြိုးစားနေသူဖြစ်သောကြောင့် နောင်အနာဂတ် တွင် သူ့ဝက်ဝံလေးက အမဲလိုက်ရာမှာ  ပိုပင်ပန်း ရတော့မည်။

ဒီလိုတွေးပြီး ကျိုးကျီက ဝင်ပြောလိုက်သည်။

  "ရှုန်းယယ်... မင်း ဘုန်းတော်ကြီးဆီက ဆေးကုသတဲ့ နည်းကို သင်ထားတယ်ဆို။ ရှုန်းချီကို  နည်းနည်းလောက် ကြည့်ပေးပါလား"

(လင်လင်အတွက် အမျှော်မြင်ကြီးစွာ စီမံပေးသော ကျိုးကျိုး)

"ကောင်းသားပဲ၊ ငါကြည့်ပေးမယ်လေ  "

ရှုန်းယယ်က ချက်ချင်းပြောခဲ့သည်။
(မယားစကားကို တသွေးမတိမ်းနားထောင်သည့် လင်လင်)

ရှုန်းချီက ကြည်ကြည်ဖြူဖြူနှင့် ရှုန်းယယ်ကို  ကြည့်ခိုင်းလိုက်သည်။ သူက အရေးပေါ်ကုသဖို့ လိုအပ်နေသည့် အခြေနေရောက်နေလေပြီ။

  " ဘုန်းတော်ကြီးကို  ငါ ကြည့်ခိုင်းခဲ့သေးတယ်။ အား..ကျွတ်..ကျွတ်... ဘုန်းတော်ကြီးက ဒဏ်ရာတွေက   ဖြည်းဖြည်းချင်း ပြန်ကောင်းသွားမယ် လို့ပဲ ပြောခဲ့တယ်။ ဒီရက်ပိုင်း ငါ့ဒဏ်ရာက   နာလွန်းလို့ ညည အိပ်လို့တောင် မရဘူး"


ရှုန်းချီ၏  တင်ပါးနားက အရိုးတချောင်း ကျိုးသွား ခဲ့သဖြင့် မထိုင်နိုင်ပဲ မြေကြီးပေါ်  ဘေးတစောင်း လှဲကာ ရှုန်းယယ်ကို ဒဏ်ရာကြည့်ခိုင်းရသည်။


ရှုန်းချီ၏ ဝက်ဝံအမွှေးသည် ထူလွန်းလို့ ဒိုင်နိုဆောအမြီးဖြင့် အရိုက်ခံရချိန်နှင့် ရှီလီဆီက  တိုက်ခိုက်ခံရချိန်တွင် အပြင်ဒဏ်ရာ မနက်ခဲ့ပေမယ့် အထဲက အရိုးများ ကျိုးသွားခဲ့သည်။ ကျောက်ခေတ်က သမားတော်က အတွင်းက အရိုးကျို၊မကျိုးကို ကြည့်ရုံနှင့် မသိနိုင်ပေ။
 
ရှုန်းယယ်သည် တင်ပါးဆုံနေရာကို လက်ဖြင့် ထောက်ပြီး စမ်းကြည့်ချင်ပေမယ့် ကျိုးကျီက ပြောလိုက်သည်။

 "ရှုန်းယယ်.. ငါတို့မှာ ဆေးပင်အချို့ ရှိထားတယ် မလား။  သွားယူပေးပါလား"

 ထိုနေရာကို ရမ်းသမ်း မထိ မဖိတာ ပိုကောင်းမည်။ ပြီးတော့ အခြားယောကျာ်းတစ်ယောက်ရဲ့ တင်ပါးဆုံနားကို ထိတော့မည့် ရှုန်းယယ်ကို ကျိုးကျီက နှင်ထုတ်လိုက်ပြီး ကျိုးကျီက ထိုဒဏ်ရာအပေါ်နာကို လက်ဖြင့် ခပ်ဖွဖွပွတ်ပေးကာ စိတ်စွမ်းအားဖြင့် ကျိုးနေသည့်  အရိုးကို ပြန်တည့်မတ်ပေးလိုက်သည်။

 ရှုန်းယယ်က ခေါင်းညိတ်ကာ ဆေးပင်များ ယူရန် ဂူထဲ ပြန်သွားခဲ့သည်။
 
  ကျိုးကျီသည် ရှုန်းချီ၏ ခါးကို ပွတ်ကာ ပြောလိုက်သည်။

 "ရှုန်းယယ် ခူးလာတဲ့ ဆေးပင်တွေက အရမ်း အစွမ်းထက်တယ်။  မင်း အဲ့ဒါကို  သုံးပြီးရင်  နေလို့ကောင်းသွားလိမ့်မယ်"  


ကျိုးကျီက  သဘာဝကျကျ ညင်သာစွာ လှုပ်ရှားလိုက်သဖြင့် သူ ကုသပေးလိုက်တာကို ဘယ်သူမှ သတိမထားလိုက်မိပေ။

 
ရှုန်းချီသည် ကျိုးကျီစကားကို ကြားတော့ စိတ်အားတက်လာခဲ့သည်။ သူ့ ခါးနားက ဒဏ်ရာက နာကျင်မှု သက်သာသွားသလို ပင် ခံစားလိုက်ရသည်။

 ထိုအချိန်  ရှုန်းယယ်က  ဆေးပင်များကိုင်လျက်  ပြန်ရောက်လာခဲ့သည်။ သူတို့ အပြန်လမ်းတွင် ဆေးပင်မျိုးစုံ ခူးခဲ့သည်။ သွေးတိတ်စေသောဆေးပင်၊ စိတ်ပင်ပန်းမှုကိုပြေလျော့စေသော ဆေးပင်များ သာမက စွမ်းအင်များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းသော အပင်များလည်း ပါခဲ့သည်။


ကျိုးကျီသည် နောက်ဆုံး  ဆေးပင်ကို  ရှုန်းယယ်အတွက် ချန်ထားလိုက်ပြီး ရှုန်းချီကို  စိတ်ဖြေဆေးပင်ပေးကာ ဝါးစားခိုင်းလိုက်သည်။

 "ဒါကို ဝါးစားလိုက်"


သူ့ကို မြက်ပင်တွေကို အစိမ်းလိုက် ဝါးစားခိုင်း နေတာလား....

 ရှုန်းချီ  ကြောင်သွားပေမယ့်  နာခံစွာဖြင့် ဆေးပင်ကို  ဝါးကာ မျိုချပြီးနောက် ခါးသက်သက် အရသာဆိုးကြီးက သူ့ပါးစပ်ထဲ စွဲကျန်ရစ်ခဲ့လို့  အဆင်မပြေ ဖြစ်နေသည်။


ရှုန်းယယ်သည် ရှုန်းချီကို ကိုယ်ချင်းစာစွာ ကြည့်လိုက်သည်။ ကျိုးကျီက ဒီလို မြက်ပင်တွေကို သူ့ကိုလည်း စားခိုင်းပေမယ့် ချက်ပြီးမှကျွေးတာ ဖြစ်လို့ ကံကောင်းသေးသည်။   ရှုန်းချီခမျာ အစိမ်းတိုင်း ဝါးစားနေရတာ သနားဖို့ကောင်းလှသည်။

 
"ဒါဆေးပင်တွေကို ဝါးပြီး မင်း ဒဏ်ရာအပေါ် အုံလိုက်"

ကျိုးကျီသည် ရှုန်းချီကို ဒဏ်ရာ အမြန်ဆုံးကျက်စေမည့်  ဆေးပင်များ ကမ်းပေးကာ ပြောလိုက်သည်။
 
ရှုန်းချီလည်း ယူကာ ခိုင်းသည့်အတိုင်း လိုက်လုပ် သည်။

"မင်း ပြန်ပြီး  အိပ်ရေးဝဝ အိပ်လိုက်၊ အိပ်ယာက နိုးလာရင် သက်သာသွားလိမ့်မယ်"

ကျိုးကျီက ညွှန်ကြားလိုက်သည်။ သားရဲလူသား တွေက အရမ်းကို အကြမ်းခံနိုင်ကြသဖြင့်   အရိုးကျိုးထားပေမယ့် ရက်အနည်းလောက် ကောင်းကောင်းစားပြီး ကောင်းကောင်းနားလိုက်ရင် ပြန်ကောင်းသွားလိမ့်မည်။

 
သူက လှုပ်လှုပ်ရှားရှားလုပ်ပြီး ဒဏ်ရာကို  ဆိုးအောင် မလုပ်ဘူးဆိုရင် မကြာခင် ပြန်ကောင်းလာလိမ့်မည်။

 
ရှုန်းယယ်က ဘာတွေဖြစ်နေသလဲဆိုတာ ကျိုးကျီလို သိပ်နားမလည်ပေမယ့်  ရှုန်းချီကို အားပေး လိုက်သည်။

  "  ခင်ဗျား သေချာပေါက် ပျောက်သွားမှာပါ"

ရှုန်းချီသည် ရှုန်းယယ်က သူ့ကို တမင်သက်သက် နှစ်သိမ့်နေသည်ကို မသိပေမယ့် သူ့ မခံမရပ်နိုင်ဖြစ်နေသည့်  ဒဏ်ရာများက မနာတော့ဘူးဆိုတာ သတိထားလိုက်မိလို့   ရှုန်းယယ်ကို ကျေးဇူးတင်သွားသည်။

အရင်ကတော့ ရှုန်းယယ်ကို သူ သဘောမကျပေ။ ရှုန်းယယ်က နောက်တက်သည့် လူငယ်မျိုးဆက် ထဲတွင် ခွန်အားကြီးသူဖြစ်လို့ သူနှင့် ပြိုင်ဘက်ဖြစ်လာနိုင်သည်ဟု သဘောထားခဲ့သည်။ ဒါပေမယ့် သူ့အထင်မှားသွားခဲ့လေပြီ။


ရှုန်းယယ်သည် စိတ်ထားအရမ်းကောင်းသည့်သူ ဖြစ်ပြီး   သူ ဒဏ်ရာရထားလို့ မတိုက်ခိုက်နိုင် တော့သည် ကို သိပေမယ့် သူ့ရဲ့တန်ဖိုးကြီး ဆေးပင်များကို  ကြင်နာစွာ  မျှဝေပေးခဲ့သည်။

 
သူ နောက်ပိုင်းမှာ ရှုန်းယယ်ကို သေချာပေါက် ကျေးဇူး ကို ပြန်ဆပ်ရမည်ဟု တွေးကာ ရှုန်းချီသည်  အိပ်စက်အနားယူဖို့ သူ့ဂူကို ပြန်သွားခဲ့သည်။ ဂူသို့ ပြန်လာစဉ် သူ လမ်းလျှောက် ရတာ အစောပိုင်းလောက် မခက်ခဲတော့သည်ကို တွေ့လိုက်ရသည်။

 
ရှုန်းယယ်က ဒါကို သတိမထားမိပဲ ကျိုးကျီကိုကြည့်ကာ ပြောလိုက်သည်။

  "ကျိုးကျီ ... ညစာ စားရအောင်"

"ငါ မစားချင်ဘူး"


"မိချောင်းသားက အရသာရှိတယ်။ တကယ်..."

ရှုန်းယယ်သည် ကျိုးကျီကို အထပ်ထပ် ပြောပြီး တလုပ်ကိုက်ကာ အရင်စားပြလိုက်သည်။
 
ကျိုးကျီသည် ရှုန်းယယ် မြိန်ယှက်စွာ စားနေပုံကို ကြည့်ကာ သူပါ စားကြည့်ချင်စိတ်ပေါက်လာသည်။ နည်းနည်း မြည်းကြည့်ပြီးနောက်  မဆိုးဘူးလို့ တွေးပြီး  နည်းနည်းထပ်စားလိုက်သည်။ ကျိုးကျီစားနေသည်ကို ကြည့်ပြီး
ရှုန်းယယ် အရမ်းပျော် နေသည်။

 
ထိုမြင်ကွင်းကိုကြည့်ပြီး အခြားလူတွေက  သူတို့ဘဝနဲ့ယှဉ်ပြီး ခါးသီးလာကြသည်။ ကျိုးက ကံကောင်းလိုက်တာ။ အစားမစားချင်တာကို ဘေးက စိတ်ရှည်လက်ရှည် တိုက်တွန်းပြီး ကျွေးမယ့် ရှုန်းယယ်ရှိနေသည်။

 
ဘာကြောင့်သူတို့ကို အစာလာပေးမယ့်သူ မရှိတာလဲ။ ဘာကြောင့် သူတို့ စားချင်စိတ်မရှိချိန် ဘေးကနေ စားဖို့ တိုက်တွန်းမယ့်သူ မရှိတာလဲ။

  ရှုန်းယယ်နှင့်ကျိုးကျီတို့ သာယာနေသည်ကို ကြည့်ပြီး ကျန်လူတွေက အားကျမနာလိုဖြစ်ကာ  မျက်လုံးပင် ဝါးလာသည်။ တစ်ယောက်က ခုန်ထကာ ရှုန်းယယ်ကိုပြောလိုက်သည်။

 "ရှုန်းယယ် ငါ ...မင်းကို  သဘောကျတယ်။ ငါ မင်းနဲ့ အတူတူနေချင်တယ်.... "

"ငါ့ဆီမှာ  မိတ်ဖက်ရှိနေပြီ "

ရှုန်းယယ်က အေးဆေးစွာ ပြောလိုက်သည်။ အခု သူ့ကိုပြောနေသည့် လူငယ်က သူ့အရှေ့မှာပဲ မျိုးနွယ်စုထဲက အခြားမိန်းကလေးတွေကို လိုက်နေတာကို သူမြင်ခဲ့ဖူးတာပဲ။

 
"ငါက ကျိုးကျီထက် ပိုပြီး တိတ်တိတ်ဆိတ်ဆိတ် နေတတ်တယ်။ မင်းနဲ့ ပိုလိုက်ဖက်တယ်လို့ ထင်တယ်  "

ထိုလူငယ်က ထပ်ပြောလိုက်သည်။

"ငါ ကျိုးကျီကိုပဲ ကြိုက်တယ်။ ကျိုးကျီက အကောင်းဆုံးပဲလို့ ငါမြင်တယ်"

 ရှုန်းယယ်က ပြောပြီး ကျိုးကျီကို ကြည့်လိုက်သည်။   သူ့စကားကိုကြားတော့ ကျိုးကျီက သဘောကျကာ ရယ်မောလိုက်သည်။


 ရှုန်းယယ်က ကျိုးကျီကိုကြည့်ကာ ဆက်လက်ချီးကျူးလိုက်သည်။
 
"ကျိုးကျီ...မင်းက အရမ်းကောင်းတယ်။ မင်း ချက်တဲ့ အစားအစာတွေက အရသာရှိတယ်။ ပြီးတော့..မင်းက ကြည့်လို့လည်း အရမ်းကောင်းတယ် "

ရှုန်းယယ်က ကျိုးကျီကို ဘယ်လို ဆက်လက်ချီးကျူးရမှန်းမသိတော့လို့ ရုပ်ရည်ကို ထည့်ပြောလိုက်သည်။

 
ကျိုးကျီ : "....."

ရှုန်းယယ်က သူ့ရုပ်ရည်ကို သဘောကျမယ်လို့ သူ မထင်ခဲ့ဖူးပေ။

 သူတို့နှစ်ယောက်က မိချောင်းသား စားပြီးတော့ ဂူထဲကို ပြန်လာကြသည်။

 
ရှုန်းယယ်သည် ကျိုးကျီ ပြောသည့်အတိုင်း သစ်တုံးကို ခုတ်ဖြတ်ကာ ကျောက်ဓါးဖြင့် ရေပုံးတစ်ပုံးရအောင် ထွင်းတော့သည်။ ဒါပေမယ့် သူတို့ ခုတ်ခဲ့သည့် သစ်ပင်က သစ်မာအမျိုးစား ဖြစ်လို့  အလွန်မာကျောကာ ကျောက်ဓားနှင့် ဖြတ်ဖို့ မလွယ်ကူပေ။  ဝက်ဝံပုံစံ ပြောင်း၍ လက်သည်းနှင့် ကုတ်သော်လည်း ထွင်းလို့ သိပ်မရပေ။

 
ကျိုးကျီက ရှုန်းယယ် အခက်တွေ့နေသည်ကို ကြည့်ကာ ရယ်ရင်း အရင် အိပ်ဖို့ အိပ်ယာထဲ ဝင်သွားခဲ့သည်။ အိပ်ယာထဲရောက်မှ   သူ့ စိတ်စွမ်းအင်ကို ပို့လွှတ်ပြီး ရှုန်းယယ်ကို  ကူညီပေးလိုက်သည်။

ရှုန်းယယ်သည် ကျိုးကျီအိပ်သွားပြီ ထင်ပြီး သူ အလုပ်လုပ်နေသည့် အားကို လျှော့ကာ အသံသိပ်မထွက်အောင် အေးဆေးစွာလုပ်လိုက်သည်။

 ဒီလိုလုပ်လိုက်မှ သစ်လုံးထွင်းတာ ပိုမြန်လာတော့သည်။ အစောပိုင်းက သူ စိတ်မရှည်လို့  ဖြစ်ရမည်။ဒီသစ်သားက  ဖြေးဖြေးချင်း ထွင်းမှ ရမယ့်ပုံပဲ။ ဒီပုံနဲ့ဆိုရင်  ရေပုံး ထွင်းရတာ မခက်ပါလား။

ရှုန်းယယ်သည် တစ်နာရီ  ကြာ စိတ်ရှည်လက်ရှည် ထွင်းပြီးနောက် ရေပုံးတပုံးကို ရသွားခဲ့သည်။ သူက အောက်ချိုင့်ဝှမ်းထဲ သွားဆေးကာ ရေ တစ်ပုံး  ခပ်ပြီးပြန်လာခဲ့သည်။ အားလုံးပြီးမှ အိပ်ယာဝင်သွားတော့သည်။

 
ရှုန်းယယ် အိပ်ပျော်သွားပြီဆိုမှ ကျိုးကျီက အိပ်ယာက ပြန်ထလာပြီး သူတို့ ပတ်ဝန်းကျင်မှ စွမ်းအင်များကို စုပ်ယူကာ ရှုန်းယယ်၏ခန္ဓာကိုယ်ထဲကို ပို့လွှတ်လိုက်သည်။ ဒီနေ့ ရှုန်းယယ်က အလုပ် အများကြီး လုပ်ခဲ့ပြီး နောက်ကျမှ အိပ်ရာဝင် ခဲ့ရသည်။သူက ဒီလို မလုပ်ပေးရင် မနက်ဖြန် ရှုန်းယယ် အားကုန်နေလိမ့်မည်။

 
နောက်နေ့ ရှုန်းယယ် နိုးလာသောအခါ  အားပြည့်နေပြီး အရမ်းကို တက်ကြွကာ ပေါ့ပါးနေသည်ကိုခံစားလိုက် ရသည်။

 သူ့ကို စောင့်ရှောက်ပေးမယ့် မိသားစုရှိနေတာက လူတစ်ယောက်အတွက် အရမ်းကို ပြောင်းလဲလာ စေသည်။ အခုဆိုရင် သူက မနက်စာ ပုံမှန်စား နေရလေပြီ။

 ကျိုးကျီသည် သူ့အတွက် ပျားသလက်နဲ့ ငှက်ဥမွှေကြော် ပြင်ဆင်ပေးထားသည်။
မနက်စာက အရမ်းမွှေးသလို အရသာရှိလွန်းလှသည်။  ကျိုးကျီကတော့ ပျားသလက်မကြိုက်လို့ ငှက်ဥကြော်သာ စားလိုက်သည်။
ရှုန်းယယ်  ဗိုက်ဝသွားတော့ ဂူထဲမှ ထွက်ပြီး စုပေါင်းအမဲလိုက်ရန်  အခြားလူများနှင့် အောက်ချိုင့်ဝှမ်းထဲ လာဆုံလိုက်သည်။

 
ရှုန်းယယ် ဆင်းလာချိန်  ချိုင့်ဝှမ်းထဲ လူအများကြီး မရောက်သေးပေ။ သူက သွေးပူရန် အကြောလျှော့နေစဉ်  ရှုန်းချီ၏ ခေါ်သံကို ကြားလိုက်ရသည်။

 "ရှုန်းယယ်"

ရှုန်းယယ် လှည့်ကြည့်လိုက်စဉ် ရှုန်းချီမှာ စိတ်အားထက်သန်စွာ သူ့ဆီ ဦးတည်လျှောက် လာသည်ကို မြင်လိုက်ရသည်။   ရှုန်းချီ၏ မျက်လုံးတွေက ရဲနေပြီး အနားရောက်တော့ ရှုန်းယယ်ကို ဖက်ရန် လက်မောင်းကို ဆန့်ရင်းပြောလိုက်သည်။

 "ရှုန်းယယ်...မင်းကို ငါ  ကျေးဇူးတင်လိုက်တာကွာ..."


ရှုန်းယယ်က စဉ်းပင်မစဉ်းစားပဲ ရှုန်းချီ ဖက်လိုက်သည်ကို   မခံပဲ လှစ်ခနဲ ရှောင်လိုက်သည်။

(ဟိုး..အကိုကြီး..သူများ ချစ်ချစ်ကို မဖက်သင့်ပါ...)

***-***


ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now